ပဲခူးတိုင်းအရှေ့ပိုင်း၊ ညောင်လေးပင်မြို့နယ် ပိန်းဇလုပ်မြို့အနီး PDF စိုးမိုးနယ်မြေအတွင်း ကျေးရွာလေးရွာမှ ဒေသခံများသည် ၎င်းတို့ထံ ရောက်လာမည့် ကြမ္မာဆိုးအကြောင်း ကြိုမသိခဲ့ကြပေ။
မတ်လ ၅ ရက် နံနက် ဝေလီဝေလင်းအချိန်တွင် ရုတ်တရက် ရောက်ရှိလာသည့် စစ်တပ်ကြောင့် ဒေသခံပြည်သူ ရာနှင့်ချီ၍ ငရဲခန်းသို့ ရောက်သွားခဲ့ရသည်။
စစ်တပ်က အရပ်သား ၃၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းထားလိုက်ပြီး အချို့ကို သတ်ဖြတ်လိုက်သည်။ ဓားစာခံများ လွတ်မြောက်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက အန္တရာယ်ကြီးမားသော ညဘက်စစ်ဆင်ရေး ဆင်နွှဲခဲ့ကြသည်။
ရွာသားအများအပြား အသတ်ခံရပြီးနောက် ဓားစာခံများကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော်လည်း ထိုစစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော် ၁၁ ဦးအသက်ပေးခဲ့ရသည်။

Photo Credit – ပဲခူးတိုင်းစစ်ဌာန
မုန်တိုင်းမလာမီ ငြိမ်သက်နေခြင်း
ဆိုးဝါးသည့် အခြေအနေများမကြုံမီ တစ်ရက်ဖြစ်သည့် မတ်လ ၄ ရက်တုန်းကမူ ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ခရုကုန်းနှင့် ဝက်ချဲစသည့် ရွာများတွင် လူထုနှင့် တော်လှန်ရေးရဲဘော်များ၏ နေ့စဉ်ဘဝသည် နေ့တဓူဝ မြင်တွေ့နေကြအတိုင်း တည်တည်ငြိမ်ငြိမ်သာဖြစ်သည်။
တဆက်တည်း တည်ရှိသော အဆိုပါ ရွာများသည် ရေတွင်းကုန်းကျေးရွာအုပ်စုတွင် ပါဝင်သည်။
ရွာအစုသည် ရန်ကုန်- မန္တလေးအမှတ် (၂) ကားလမ်းနှင့် ရထားလမ်းဖြတ်သန်းရာ စစ်တပ်ထိန်းချုပ်သော ပိန်းဇလုပ်မြို့အရှေ့ဘက် သုံးမိုင်ကျော်အကွာတွင်ရှိပြီး စစ်တောင်းမြစ်အနောက်ဘက်ကမ်းနှင့်ဆိုလျှင် တစ်မိုင်မျှသာ ဝေးသည်။
ပုံမှန်အတိုင်းဟုဆိုရသည်က နံနက် ၆ နာရီထိုးသည်နှင့် စစ်တောင်းမြစ် စက်လှေဆိပ်မှ မြို့သို့ဈေးတက် ဝယ်ရန် ဆိုင်ကယ်ဖြင့် တသီတတန်း ထွက်လာကြသည့် ဒေသခံများ၊ ပဲအိတ်များတင်လာသည့် ဒေသအခေါ် ပုစဉ်းခေါင်းဟုဆိုကြသော ထော်လာဂျီများသည် မြို့ဘက်သို့ ဦးတည်သွားကြသည်။
ရွာများနှင့် ပိန်းဇလုပ်မြို့ကြားတွင် ရန်ကုန်- မန္တလေးအမှတ် (၂) လမ်းဘက်ကို မျက်နှာချင်းဆိုင်၍ တော်လှန်ရေးတပ်များက ကင်းပွိုင့်အချို့ထား၍ ခံစစ်ပြင်ထားကြသည်။
နေ့လယ်ဆိုလျှင် နေကျဲကျဲတောက်ပူနေသည့်ကြားက ဖုန်တထောင်းထောင်းမြေလမ်းအတိုင်း ဆိုင်ကယ်များ၊ ထော်လာဂျီများသည် ကုန်စည်အပြည့်ဖြင့် မြို့မှ ပြန်လာသည်ကို တွေ့နိုင်သည်။
ဒရုန်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှု ရံဖန်ရံခါ ရှိတတ်သော်လည်း လက်ဖက်ရည်ဆိုင်နှင့် ထမင်းကြော်ဆိုင်၊ အသုပ်ဆိုင်စသည့်အစားအစာ ရောင်းနေသော ဆိုင်ကလေးများလည်း ပုံမှန်အတိုင်းဖွင့်လျက်ရှိသည်။
ဖုန်းလိုင်းသိပ်မကောင်းဘဲ မကြာခဏလိုင်းကျတတ်သည်။ အင်တာနက် ဖြတ်တောက်ခံထားရပြီး တော်လှန်ရေးတပ်များက Starlink အင်တာနက်ကို အသုံးပြုကြသည်။ အရပ်သားများအတွက် ဖွင့်ထားသည့် Starlink အင်တာနက်ဆိုင် မရှိပေ။
စစ်တပ်ရောက်မလာမီတစ်ရက်အလိုတွင် Myanmar Now သတင်းထောက်နှစ်ဦးသည် ထိုဒေသတွင် ရှိနေပြီး ရေတွင်းကုန်းရွာအနီး လက်ဖက်ရည်ဆိုင်သို့ ရောက်ခဲ့သေးသည်။
မွန်းလွဲပိုင်းတွင် ထိုဒေသမှ ထွက်ခွာရန် စီစဉ်ထားပြီးဖြစ်သဖြင့် ခရီးစထွက်ခဲ့ကြရာ နောက်တစ်ရက်ကြုံမည့် အဖြစ်ဆိုးနှင့် မကြုံရခြင်းဖြစ်သည်။
ရုတ်တရက်ဝင်ရောက်လာသည့် ကြမ္မာဆိုး
မတ်လ ၅ ရက် နံနက် ၅ နာရီတွင် ကနဦး ရောက်လာသည့် စစ်သားများက တော်လှန်ရေးတပ်ဖွဲ့ဝင်များကဲ့သို့ အသွင်ယူ ဝတ်ဆင်ထားကြသည်၊ မြို့ပေါ်သို့လာသည့် အရပ်သားများကို သေနတ်ဖြင့်ထောက်ကာ ရွာထဲသို့ ဝင်ရောက်လာကြောင်း တော်လှန်ရေးတပ်သတင်းရင်းမြစ်အချို့က ဆိုသည်။
စစ်သား ၃၀ ခန့်သည် ရေတွင်းကုန်းကျေးရွာမှ ရွာသားများကို ဖမ်းဆီးပြီး လမ်းပြအဖြစ် ခေါ်ဆောင်၍ တော်လှန်ရေးတပ်များ၏ ကင်းပွိုင့်များကို ရှောင်ရှားလာသည်။
၎င်းတို့သည် ကျောင်းကုန်းရွာသို့ နံနက် ၅ နာရီတွင် တိတ်တဆိတ်ဝင်ရောက်လာကြောင်း ပဲခူးတိုင်းစစ်ဌာနနှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။

ကျောင်းကုန်းရွာတွင် ရွာသားများကို လူသားဒိုင်းအဖြစ် အသုံးပြုခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုအချိန်တွင် တော်လှန်ရေးတပ်များကလည်း ကျောင်းကုန်းရွာသို့ ဝိုင်းရံထားကာ ရုတ်တရက်ဖြစ်လာသည့် အခြေအနေကို မည်သို့မည်ပုံ တုံ့ပြန်ရမည်ကို ဝေခွဲရခက်နေသည်။
ထိုအချိန်တွင် စစ်တပ်၏ နောက်ချန်အင်အား ၃၀၀ ခန့်သည့် စစ်ကြောင်းနှစ်ကြောင်းခွဲ၍ PDF ကာကင်းများကို ပိန်းဇလုပ်မြို့ဘက်မှ စစ်ကြောင်းထိုးလာကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့်သတင်းရင်းမြစ်အချို့ကဆိုသည်။
တော်လှန်ရေးတပ်ဘက်က အင်အားမမျှသဖြင့် နောက်ဘက်သို့ ဆုတ်ပေးလိုက်ရာ စစ်တပ်က ရေတွင်းကုန်း၊ ကျောင်းကုန်း၊ ခရုကုန်းနှင့် ဝက်ချဲရွာများကို စီးမိသွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားကပြောသည်။
တိုက်ပွဲ ရုတ်တရက်ဖြစ်ပွားစဉ် ထွက်ပြေးတိမ်းရှောင်ရန် အခွင့်အရေးမရလိုက်သည့်ဒေသခံများ အဖမ်းခံလိုက်ရကြောင်း တော်လှန်ရေးတပ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်အမျိုးသားက ဆိုသည်။
ပဲခူးတိုင်းစစ်ဌာန ပါဝင်သည့် PDF အမှတ် (၂) စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းကမူ စစ်တပ်သည် အတုအယောင် ရွေးကောက်ပွဲ ကျင်းပပြီးနောက် ၎င်းတို့၏ နယ်မြေကို ပိုမိုချဲ့ထွင်ရန် ကြိုးပမ်းသည့်အနေနှင့် ယခုကဲ့သို့ စစ်ကြောင်း ထိုးလာခြင်းဖြစ်ကြောင်း မတ်လ ၁၄ ရက်က အွန်လိုင်းမှတဆင့်ပြုလုပ်သည့် NUG ၏ ညောင်လေးပင်မြို့နယ်ဖြစ်စဉ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“စစ်ကော်မရှင်တပ်က အတုအယောင်ရွေးကောက်ပွဲပြီးတဲ့နောက် နယ်မြေပိုမိုချဲ့ထွင်လာတယ်။ နယ်မြေချဲ့ထွင်တဲ့နေရာမှာ နည်းလမ်းပေါင်းစုံသုံးလာတယ်။ ဒီနေရာမှာ ပြည်သူတွေကို ဓားစာခံဖမ်းတာတင်မကဘဲ သူတို့လူတွေကို စတေးဖို့လည်း ဝန်မလေးဘူး” ဟု ၎င်းက ပြောသည်။
စစ်ရေးလေ့လာသူအချို့ကမူ စစ်တပ်သည် ပဲခူးတိုင်းအရှေ့ပိုင်းတွင် များသောအားဖြင့် ဓားစာခံမသုံးဘဲ ၎င်းတို့၏ စစ်အင်အားဖြင့်သာ စစ်ကြောင်းထိုးခဲ့ကြောင်း၊ ယခုကဲ့သို့ အရပ်သားများကို ဖမ်းဆီး၍ တော်လှန်ရေးတပ်များ၏ ကင်းနေရာများကို ကျော်ကာ ဝင်ရောက်လာမှုသည် လုပ်ဟန်အသစ်ဖြစ်ကြောင်း သုံးသပ်ကြသည်။
ဓားစာခံများ အသတ်ခံရခြင်း
စစ်တပ်သည် ကျောင်းကုန်း၊ ရေတွင်းကုန်းနှင့် ဝက်ချဲရွာတို့ကို အပြည့်အဝစီးနင်းမိပြီးနောက် ဒေသခံပြည်သူ ၃၀၀ ကျော်ကို ဖမ်းဆီးပြီး ဓားစာခံအဖြစ် ထိန်းသိမ်းထားသည်။
စစ်တပ်၏ လက်ချက်ကြောင့် အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရသည်။
ဖမ်းဆီးခံရသူအရေအတွက်နှင့် သေဆုံးသူအရေအတွက် ထုတ်ပြန်ချက်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုနှင့် ပဲခူးတိုင်းစစ်ဌာနတို့အကြား ကွဲလွဲမှုရှိသည်။
KNU ဘက်က ဒေသခံ ၂၅ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးပြီး ဒေသခံငါးဦး ပစ်သတ်ခံရကြောင်းဆိုသည်။
ပဲခူးတိုင်း စစ်ဌာနဘက်ကမူ မတ်လ ၁၄ ရက် ထုတ်ပြန်ချက်အရ အရပ်သား ၂၅ ဦး လေကြောင်း တိုက်ခိုက်မှုအတွင်းသေဆုံးပြီး သုံးဦးပစ်သတ်ခံရကြောင်း ဆိုသည်။
KNU ဘက်က ရွာသား ၁၆၀ အဖမ်းခံရသည်ဟု ဆိုပြီး ပဲခူးတိုင်းစစ်ဌာနဘက်က ရွာသား ၃၀၀ ကျော် အဖမ်းခံရသည်ဟု ဆိုထားသည်။
စစ်တပ်က အမျိုးသားများကို နေပူထဲတွင် မှောက်ခုံထားခြင်း၊ ရေမတိုက်ခြင်း၊ အစာမကျွေးခြင်းနှင့် “ဘယ်ဘက်ကိုပြေးမှာလဲ” ဟု မေးမြန်းခြင်းများပြုလုပ်ကြောင်း အရပ်သားများကို ကယ်တင်သည့် စစ်ဆင်ရေးတွင်ပါဝင်သည့် Spring Warriors စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြန်လည်လွတ်မြောက်လာသည့် ဒေသခံအချို့၏ ပြောပြချက်ကို ကိုးကား ၍Myanmar Now ကိုပြောသည်။
ဆိုးဆိုးဝါးဝါး လူအစုလိုက်သေဆုံးမှု များသွားရသည့် ဖြစ်စဉ်သည် ကျောင်းကုန်းရွာဘုန်းကြီးကျောင်းအတွင်း ပြေးဝင်သည့် အရပ်သားများ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။
စစ်တပ်လက်ချက်ကြောင့် အရပ်သားများသေကျေသည့် ဖြစ်စဉ်သည် မတ်လ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင်ပင် ဖြစ်ပွားခြင်းဟု သတင်းရင်းမြစ်အချို့ကဆိုသည်။
“ဖမ်းထားတဲ့ရွာသားတွေကို ကျောင်းကုန်းဘုန်းကြီးကျောင်းထဲ ဝင်ခိုင်းပြီး လေယာဉ်နဲ့လာကြဲတဲ့ ဖြစ်စဉ် ဖြစ်သွားတာပေါ့။ ကျန်တာကတော့ ကျည်နဲ့ပဲ ပစ်သတ်တဲ့ပုံစံ ဖြစ်သွားတယ်” ဟု မြေပြင်အခြေအနေသိသည့် စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။
အရပ်သားများကို ကယ်တင်သည့် စစ်ဆင်ရေးတွင်ပါဝင်သည့် ပဲခူးခရိုင် ၃၇၀၂ တပ်ရင်းမှ တော်လှန်ရေးရဲဘော်တစ်ဦးကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် အစုအပြုံလိုက် သေဆုံးသည်ဟု ကြားသိရကြောင်း ပြောသည်။
“တစ်ယောက်ချင်းစီကို ပစ်သတ်တာတော့မဟုတ်ဘူး၊ မသင်္ကာတဲ့သူတွေကို ပစ်သတ်တာတော့ရှိတယ်။ တချို့ကတော့ လေယာဉ်နဲ့လည်း ထိတယ်လို့ကျွန်တော်တို့ကြားတယ်။ စုနေတဲ့အချိန်လေယာဉ်လာကြဲတော့ ထိကုန်တာ” ဟု သူက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မူ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၅ ဦး၊ သေနတ်ဖြင့် ပစ်သတ်ခံရသူ သုံးဦးရှိကြောင်း ထုတ်ပြန်သည်။ ထို့အပြင် အရပ်သား ၁၀ ဦးခန့် ပျောက်ဆုံးနေသည်ဟု ဆိုသည်။
မိသားစုဝင်များ အသတ်ခံလိုက်ရသည့် လယ်သမားတစ်ဦးကလည်း ၎င်းကြုံတွေ့ခဲ့ရသည့် အခြေအနေကို NUG သတင်းစာရှင်းလင်းပွဲတွင်ပြောပြသည်။
အဆိုပါလယ်သမားအဖမ်းခံနေရသည့်အချိန်တွင် စစ်တပ်က ၎င်း၏ ဇနီး၊ အသက် ၁၃ နှစ်အရွယ်သား ဖြစ်သူတို့ကို သတ်လိုက်သည်။ တစ်နှစ်ခွဲအရွယ်သမီးဖြစ်သူလည်း ကျောင်းကုန်းရွာဘုန်းကြီးကျောင်းအတွင်း ခိုလှုံစဉ် လေတပ်က ဗုံးကြဲတိုက်ခိုက်သဖြင့် ဒဏ်ရာရသွားကြောင်း သိရသည်။

(ဓာတ်ပုံ- NUG လူ့အခွင့်အရေးဝန်ကြီးဌာန)
ပဲသယ်ဆောင်ရန် ဆိုင်ကယ်ဖြင့် ထွက်လာသည့် ၎င်းအား စစ်တပ်က ဖမ်းဆီးလိုက်ပြီး အခြားရွာသား လေးဦးနှင့် လက်နောက်ပြန်ကြိုးတုပ်ထားသည်။ စစ်တပ်က ၎င်းတို့ကို ရေတွင်းကုန်းကျေးရွာတွင် မြေကြီးပေါ် နာရီအတန်ကြာ မှောက်ခိုင်းထားသည်။
“ကျွန်တော်တို့ ငါးယောက်က လက်ပြန်ကြိုးအတုပ်ခံရတာ။ လွှတ်ပေးပါ။ ကျွန်တော်တို့ လက်မောင်းတွေလည်းကျနေပါပြီ။ အပေါ့အပါးလည်းသွားချင်နေပါပြီဆိုတာကို တချို့ကောင်တွေက ခင်ဗျားတို့ဘာသာ ပုဆိုးထဲပေါက်ထည့်။ ရွှေ့လည်းမရွှေ့နဲ့ ခေါင်းထောင်ရင်လည်း ပစ်သတ်မယ်။ စကားပြောရင်လည်း ပစ်သတ်မယ်ဆိုတော့ မပြောလည်းမပြောရဲဘူး” ဟု ထိုလယ်သမားက ဆိုသည်။
“နောက်တော့ စစ်သားတစ်ယောက်က ၁၀ နာရီခွဲလောက်မှာ ကြိုးလာဖြည်ပေးသွားတယ်”
ကြိုးဖြည်ပေးသွားသည့်တိုင် မထရဲဘဲ တနေကုန်မှောက်နေခဲ့ရပြီး ညနေ ၅ နာရီနောက်ပိုင်းတွင်မှ ဇနီး၊ သားတို့၏ ရုပ်အလောင်းများကို သွားကြည့်ခွင့်ရကြောင်း အဆိုပါ လယ်သမားက ဆိုသည်။
“ဘုန်းကြီးကျောင်းထဲသွားကြည့်တော့ ကျွန်တော့်မိန်းမရော ခြေရင်းခေါင်းရင်းကသူတွေရော သေနှင့်ပြီ။ ကျွန်တော့်သားတစ်ကောင် ၁၃ နှစ်သားက လိုနေတယ်။ ကျွန်တော့်မှာ ခွေးရူးကြီးလိုပေါ့။ အရူးတစ်ပိုင်းနဲ့ တနေကုန်မှောက်ပြီး ရေလေးပဲသောက်ရတော့ ချည့်(နဲ့)ပြီး တစ်ရွာလုံးပတ်ရှာတာ၊ မတွေ့ဘူး။ သူတို့ စက်တွေနဲ့ပြောတာကြားတယ်။ ကလေးတစ်ယောက်တော့ ပစ်သတ်လိုက်ပြီ” ဟု သူက ပြောသည်။
သားဖြစ်သူ၏ အလောင်းကိုပြန်တွေ့ချိန်တွင် ဒူးခေါင်းတွင် နှစ်ချက်၊ ကျောတွင် နှစ်ချက် ကျည်ထိမှန်ထားသည်။
“ကျွန်တော့်မှာ ရင်ကွဲမတတ်ခံစားရတယ်။ မိန်းမသေသွားတာသိပြီ။ ဒီကလေးကို ပစ်သတ်တာကို ကျွန်တော်ခံစားရပါတယ်ဗျာ။ ကျွန်တော့်ကလေးဟာ PDF လည်း မဟုတ်ဘူး။ ဒလန်လည်းမဟုတ်ဘူး။ အခုဆိုရင် ကျွန်တော်ကိုယ်တိုင် သင်္ဂြိုဟ်ခဲ့ရပါပြီ” ဟု သူက ဆိုသည်။
PDF များ ညဘက် ရွာအတွင်းဝင်ရောက်လာသည့်အခါတွင်မှ ထွက်ပြေးလာနိုင်ခဲ့ကြောင်း သူက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အနီရောင်လက်ပံပွင့်များ ပွင့်နေသည့် လက်ပံပင်အောက် သင်္ချိုင်းတွင် အရပ်သားများ တွင်းတူးနေကြရပြီး ၎င်းတို့နှင့် မလှမ်းမကမ်းရှိ မြေလမ်းအနီးတွင် ရုပ်အလောင်း အများအပြား ရှိနေကြောင်း ပဲခူးတိုင်းစစ်ဌာနက ထုတ်ပြန်သော ဒရုန်းဖြင့် ရိုက်ကူးထားသည့် ရုပ်သံတွင်တွေ့ရသည်။
စစ်ကြောင်းထိုးလာသည့်တပ်တွင် ပဲခူးမြို့အခြေစိုက်တပ်မ ၇၇ လက်အောက်ခံတပ်ဖွဲ့ဝင်များ၊ ညောင်လေးပင် အခြေစိုက် ခမရ (၂၀)၊ ပိန်းဇလုပ်မြို့အခြေစိုက် ခလရ (၂၆၄)၊ ကညွတ်ကွင်းမြို့အခြေစိုက် ခမရ (၄၃၉) စသည့် တပ်များပါဝင်ကြောင်း KNU ဗဟိုနှင့် ပဲခူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ညစစ်ဆင်ရေး
အရပ်သားများအဖမ်းခံထားရပြီး အများအပြား အသတ်ခံရသည့် သတင်းကြောင့် PDF ရဲဘော်များသည် သွေးဆူ၊ ဒေါသထွက်ကာ ချက်ချင်းသွားရောက်ကယ်တင်ရန် အချို့ တောင်းဆိုကြကြောင်း Spring Warriors တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူအမျိုးသားက Myanmar Now ကို ပြောသည်။
“ကိုယ့်ကိုယ်ကိုယ် အသုံးမကျရကောင်းလားဆိုပြီးတော့လည်း ကြိမ်းမောင်းပြစ်တင်တာတွေရှိတယ်။ ကျွန်တော်တို့ဆီက ရဲဘော်တွေဆိုရင် ညတွင်းချင်း ဇွတ်ကိုဝင်မယ်လုပ်လို့မနည်းထိန်းထားရတယ်။ တာဝန်ရှိသူတွေ အစီအစဉ်ဆွဲနေတယ်၊ ကိုယ့်သဘောနဲ့ကိုယ်ဝင်ရင် အထိအခိုက်တွေ ပိုဆိုးကုန်မယ်၊ အဲဒီလို ထိန်းယူရတဲ့အခြေအနေဖြစ်ခဲ့တယ်” ဟု သူက ဆိုသည်။
အရပ်သားများအားကယ်တင်မည့်စစ်ဆင်ရေးတွင် PDF ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၅)၊ (၂၆) နှင့် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ ၃ တို့က စစ်ဆင်ရေးကို အရေးပေါ် စီစဉ်ကြသည်။
ဗျူဟာ (၂၅) ကွပ်ကဲမှုအောက်ရှိ ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၂၆) ကွပ်ကဲမှုအောက်ရှိ တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ ၃၇၀၃ တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့များ၊ KNLA တပ်ရင်း (၇)၊ တပ်ရင်း (၉) နှင့် ဒရုန်းတပ်ဖွဲ့များပါဝင်ကြောင်း NUG ပဲခူးတိုင်းစစ်ဌာနဘက်က သတင်းထုတ်ပြန်သည်။
ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း နေရာခြောက်ခုကို စစ်ဆင်ရေးဝင်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံက သိရသည်။
“ကျွန်တော်တို့မှာကလည်း ရှိတဲ့ပစ္စည်းက မပြည့်စုံတာကြောင့် လွဲတာလေးတွေရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားပြီးမှ အဆင်ပြေအောင် လုပ်ခဲ့ပါတယ်” ဟု Spring Warriors တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူ အမျိုးသားက ဆိုသည်။
မည်သည့်လွဲချော်မှုဖြစ်ခဲ့သည်ကိုမူ ၎င်းက မပြောပေ။
စစ်ဆင်ရေးကို မတ်လ ၇ ရက်နှင့် ၈ ရက် ညပိုင်းများတွင် ပြုလုပ်ခဲ့ရပြီး ညအမှောင်ထုသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခဲ့သည်။ ဒေသခံတို့ ထိခိုက်မည်ကို အစိုးရိမ်ဆုံးဖြစ်ခဲ့ကြသည်။
“ကိုယ့်ကျည်က ပြည်သူကို ထိမှာလည်း စိုးရိမ်ရသေးတယ်။ ရန်သူရှိတဲ့နေရာကို အရင်ထောက်လှမ်းရသေးတာပေါ့” ဟု စစ်ဆင်ရေးတာဝန်ရှိသူတစ်ဦးက ပြောပြသည်။
တပ်ရင်းအချို့ထုတ်ပြန်သည့် ရုပ်သံမှတ်တမ်းတွင်လည်း အမှောင်ထုထဲ၌ PDF တပ်ဖွဲ့ဝင်ဟု ယူဆရသူများက သေနတ်တွင်ပါသည့် ဓာတ်မီးများဖြင့် ချိန်ရွယ်ပစ်ခတ်သည်ကို မြင်ရသည်။
စစ်တပ်၏ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းတိုက်ခိုက်မှုများကြားမှ ခဲရာခဲဆစ် တိုးဝင်ပြီး ပြည်သူများကို တစ်ဦးချင်းစီ ဆွဲထုတ်ကယ်တင်ရသည်ဟု စစ်ဆင်ရေးတွင်ပါဝင်သော ပဲခူးခရိုင် ၃၇၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦးကပြောသည်။
“ကျွန်တော်တို့တွေဝင်လာတဲ့အခါ သူတို့က သူတို့ယူထားတဲ့ ပွိုင့်တွေကနေ ပြေးကုန်တာပေါ့။ ပြေးပြီးတော့ နောက်စည်းတစ်ခုမှာ ခံစစ်အနေနဲ့ ခုခံတာပေါ့။ အဲဒီအချိန်မှာ ကျွန်တော်တို့ကလည်း ပြည်သူတွေကို ထွက်ပေါ့။ လေယာဉ်တွေ လာကြဲမှာစိုးလို့ ညတွင်းချင်းပဲ ၁၅၀၊ ၁၆၀ လောက်ရှိမယ်၊ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

(ဓာတ်ပုံ- NUG လူ့အခွင့်အရေးဝန်ကြီးဌာန)
စစ်တပ်က ရေတွင်းကုန်းရွာထဲက အိမ်ကြီးအိမ်ကောင်းအချို့၏ အောက်တွင် အရပ်သားများကို ကြိုးမတုပ်ဘဲ အကျယ်ချုပ်ပုံစံ ထိန်းသိမ်းထားသည်ကိုတွေ့ခဲ့ရကြောင်း ပဲခူးခရိုင် ၃၇၀၂ တပ်ရင်းမှ ရဲဘော်တစ်ဦးက ပြောသည်။
ပဲခူးတိုင်းစစ်ဌာန ပါဝင်သည့် PDF အမှတ် (၂) စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းကလည်း ရဲဘော်များ ဝင်ရောက်ကယ်ဆယ်စဉ် အနီးကပ် ပစ်ခတ်ခံရသဖြင့် အထိအခိုက်များခဲ့သည်။ ပစ်ခတ်မှုများကြားမှ အရပ်သားများကို ခေါ်ထုတ်ကြရသည်ဟု NUG သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“သူတို့ရှေ့မှာ ခံထားတဲ့ လူအုပ်ကြီးတွေရှိသလို အိမ်တွေမှာပြန်နေကြတဲ့သူတွေလည်းရှိတယ်။ ပုန်းကျင်း (ဗုံးခိုကျင်း) ထဲကနေ ကယ်ထုတ်ခဲ့ရတာတွေလည်းရှိတယ်။ နေရာပေါင်းစုံလို့ပဲပြောရမှာပါ” ဟု သူက NUG ၏ အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
နှစ်ညတာတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၀ ဦး သေဆုံးကြောင်း NUG ပဲခူးတိုင်းစစ်ဌာနက မတ်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။
တော်လှန်ရေးပူးပေါင်းတပ်ဘက်တွင်လည်း ပဲခူးတိုင်းစစ်ဌာနမှ ရဲဘော်ကိုးဦး၊ KNLA ရဲဘော်နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာအပြင်းအထန် ရထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စီစဉ်ချိန် နည်းပါးသည့်၊ ခက်ခဲသည့် စစ်ဆင်ရေးသည် အောင်မြင်မှုရှိသည်ဟု Spring Warriors တပ်ရင်းမှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
“ရဲဘော် ၁၁ ဦး ကျခဲ့တာတော့ ဝမ်းနည်းရတယ်၊ ကြေကွဲရတယ်။ စည်းစည်းလုံးလုံးနဲ့ အချိတ်အဆက်မိမိ သွားတော့ အကျအဆုံးနည်းခဲ့တယ်။ ရန်သူဒရုန်းတက်လာတာကို နောက်ကနေ တောက်လျှောက်သတင်းရနေတဲ့အတွက်လည်း အထိအခိုက် နည်းခဲ့တာဖြစ်တယ်” ဟု သူက မှတ်ချက်ပေးသည်။

Photo Credit – Spring Warriors တပ်ရင်း
လက်ရှိစစ်ရေးအခြေအနေ
အရပ်သားများကို ကယ်ထုတ်နိုင်ပြီးနောက် ညောင်လေးပင်မြို့နယ်ထဲတွင် စစ်ရေးအခြေအနေသည် တည်ငြိမ်မှု မရှိသေးပေ။
တော်လှန်ရေးတပ်များ ထိုကျေးရွာအုပ်စုမှ တပ်ဆုတ်သွားသည့် နောက်တစ်ရက် မတ်လ ၉ ရက်တွင် စစ်တပ်သည် အဆိုပါရွာများအတွင်း အနည်းဆုံးအင်အား ၁၀၀ ခန့်သုံးကာ ပြန်လည်ဝင်ရောက်လာပြီး တပ်စွဲထားကြောင်း ညောင်လေးပင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ် သတင်းရင်းမြစ်အချို့ထံက သိရသည်။
လက်နက်ကြီးပစ်ခတ်မှု၊ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးသီးချမှုများ ဆက်ရှိနေသည်။
မတ်လ ၁၁ ရက်တွင် ညောင်လေးပင်မြို့နယ်နှင့် နယ်မြေဆက်စပ်နေသည့် ရွှေကျင်မြို့နယ် အင်းဗလာရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲသောကြောင့် အသက်ခြောက်နှစ်အရွယ်ကလေးနှစ်ဦးအပါအဝင် အရပ်သားခြောက်ဦးသေဆုံးထားသည်။
ပဲခူးတိုင်းစစ်ဌာန ပါဝင်သည့် PDF အမှတ် (၂) စစ်ဒေသ ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းကမူ ညောင်လေးပင်မြို့နယ်ထဲတွင် စစ်ရေးပြင်းထန် နေကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။
ပဲခူးတိုင်းစစ်ဌာနနှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ်တစ်ဦးကလည်း
“ကျွန်တော်တို့ဆီက သိသလောက်ကတော့ ရန်သူက ကျောင်းကုန်းမှာ ပြန်ထိုင်တယ်။ ရေတွင်းကုန်းထိုင်တယ်။ ဝက်ချဲထိုင်တယ်။အနီးအနားကို လက်နက်ကြီးတွေ၊ ဒရုန်းတွေ၊ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာနဲ့ လာကြဲနေတာပေါ့။ တိုက်ပွဲအသေးပေါ့။ ထိတွေ့မှုက နေ့တိုင်းဖြစ်ပါတယ်” ဟု ဆိုသည်။
“အဲဒီရွာတွေထဲမှာ ရွာသားက ကုန်ပြီ။ တချို့ပြောတာကတော့ အနည်းအကျဉ်း ကျန်သေးတယ်”
ထိုကျေးရွာအုပ်စုကို စစ်တပ်ဝင်စီးပြီး အရပ်သား၂၈ ဦးထက်မနည်း သေဆုံးခဲ့ရမှုသည် ပဲခူးတိုင်းတွင် တတိယအကြိမ်မြောက် လူသေဆုံးမှုများသည့် ဖြစ်ရပ် ဖြစ်သည်။
၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့က ပဲခူးမြို့ပေါ်ရှိ အာဏာသိမ်းမှုဆန့်ကျင်သူများ၏ မဂ္ဂတစ်ခံတပ် ဖြိုခွဲခံရမှုဖြစ်စဉ်တွင် ၈၀ ခန့်သေဆုံးကြောင်း ထိုစဉ်ကပဲခူးမြို့ခံလွှတ်တော်ကိုယ်စားလှယ်နှင့် အာဏာသိမ်းမှုဆန့်ကျင်သူများက ဆိုသည်။
ဒုတိယလူသေပျောက်မှုအများဆုံးမှာ ပဲခူးတိုင်းအရှေ့ပိုင်း၊ ထန်းတပင်မြို့နယ် ညောင်ပင်သာရွာတွင် ၂၀၂၃ ခုနှစ် မေလက ဖြစ်ပွားခဲ့သည်။ ထိုစဉ်က ကလေးငယ် ခုနစ်ဦးအပါအဝင် ဒေသခံ ၁၈ ဦးကို စစ်ကြောင်းထိုးလာသည့် စစ်တပ်က မီးရှို့သတ်သွားခြင်းဖြစ်သည်။
စစ်တပ်ကမူ အဆိုပါဖြစ်ရပ်သုံးခုနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနကမူ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ လူငါးဦးနှင့် အထက် သေဆုံးရသည့် အစုလိုက်အသတ်ခံရမှုပေါင်း ၅၂၀ ရှိသည်၊ အသတ်ခံရသူ ၅၅၀၅ ဦး ရှိသည်ဟု မတ်လ ၁၄ ရက် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးကလည်း လေကြောင်း တိုက်ခိုက်မှုကြောင့် အစုအပြုံလိုက် သေဆုံးရမှုသည် ညောင်လေးပင်မြို့နယ်တွင် လတ်တလော ဖြစ်ပွားထားသလို အာရက္ခတပ်တော် AA ထိန်းချုပ်သည့် ရခိုင်ပြည်နယ် မြို့များအပါအဝင် နိုင်ငံအနှံ့တွင် ရှိနေသည်ဟု ပြောသည်။
ညောင်လေးပင်မြို့နယ်တွင် ထိုအမှု ဖြစ်ပွားပြီး အသက်ရှင် ကျန်ရစ်သည့် ဒေသခံများထဲတွင် ကလေးများ၊ အမျိုးသမီးများ ပါဝင်ရာ ထိုသူတို့ကို ကယ်ထုတ်ရေးအတွက် သက်စွန့်ကြိုးပမ်းခဲ့ကြသည်ဟု ပြောသည်။
“လူ ၃၀၀ ကျော်ကို ကယ်ထုတ်ဖို့ဆိုတာက တော်ရုံလွယ်ကူတဲ့အလုပ်မဟုတ်သလို ပေးဆပ်လိုက်ရတဲ့ အသက်တွေ၊ ရဲရင့် သတ္တိရှိမှု၊ ဒါတွေကလည်း အင်မတန် ဂုဏ်ယူစရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ ကလေးသူငယ်၊ အမျိုးသမီးတွေရဲ့ ထိရှလွယ်တဲ့ အခြေအနေက တခြားသူတွေထက်ကွာဟတယ်” ဟု ၎င်းက သတင်းစာရှင်းလင်းပွဲတွင် မှတ်ချက်ပေးသည်။



