Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

ပူတင်ရဲ့ စစ်ရေးရည်မှန်းချက်တွေ တစ်စစီ ပြိုကျနေကြောင်း ထင်ဟပ်စေခဲ့တဲ့ ခါဆွန်ရှုံးပွဲ

ခါဆွန်ကို ရှုံးနိမ့်ခြင်းဟာ ရုရှားမှာ အထွဋ်အမြတ် ပုဂ္ဂိုလ်တစ်ယောက်လို ရှုမြင်ခံထားရတဲ့ ပူတင်ရဲ့ မျက်နှာကို အိုးမည်း သုတ်လိုက်သလိုပဲလို့ သူက ဆိုတယ်။

ပူတင်ရဲ့ စစ်ရေးရည်မှန်းချက်တွေ တစ်စစီ ပြိုကျနေကြောင်း ထင်ဟပ်စေခဲ့တဲ့ ခါဆွန်ရှုံးပွဲ
ပူတင်ရဲ့ စစ်ရေးရည်မှန်းချက်တွေ တစ်စစီ ပြိုကျနေကြောင်း ထင်ဟပ်စေခဲ့တဲ့ ခါဆွန်ရှုံးပွဲ

ခါဆွန်မြို့လယ်မှာ နိုင်ငံတော် အလံကို အစောဆုံး လွှင့်ထူမယ်လို့ အားခဲထားတဲ့ ယူကရိန်း အထူးကွန်မန်ဒို တပ်ဖွဲ့တွေရဲ့ ဆန္ဒက မပြည့်ဝခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့တွေ မြို့ထဲ ဝင်လာချိန်မှာ ပြည်သူတွေက သူတို့ရဲ့ ရည်မှန်းချက်ကို ကြိုတင် အကောင်အထည် ဖော်ထားပြီး ဖြစ်တာကြောင့်ပါ။ ရုရှား အလံတွေဟာ မြေပေါ်မှာ ပြန့်ကြဲနေတယ်။ နေရာအနှံ့မှာ အပြာနဲ့အဝါ ရောစပ်ထားတဲ့ ယူကရိန်း အလံတော်တွေကို တွေ့နေရပါတယ်။ ရည်မှန်းချက် မပြည့်လိုက်တဲ့အတွက် ယူကရိန်း စစ်သားတွေ စိတ်ပျက်မသွားကြပါဘူး။ သူတို့ကို သူရဲကောင်းတွေလို ဝမ်းမြောက်ဝမ်းသာ ကြိုဆို နှုတ်ဆက်နေတဲ့ ပြည်သူတွေကြောင့် ယူကရိန်း စစ်သည်တော်တွေ အမောပြေခဲ့ကြရပါတယ်။

အခုနှစ် အစောပိုင်းက ရုရှားဟာ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲပြီး အရပ်မျက်နှာ ပေါင်းစုံကနေ အကြီးအကျယ် ထိုးစစ်ဆင်ခဲ့တယ်။ ယူကရိန်းက ပြည်နယ် မြို့တော်ကြီးတွေထဲမှာ ခါဆွန်ဟာ ရုရှားတပ်တွေလက်ထဲ အစောဆုံး ကျရောက်ခဲ့ရပါတယ်။ အခုတော့ စစ်ပွဲစတင်ပြီး ၉ လ အကြာမှာ ခါဆွန်ဟာ ပိုင်ရှင်ဟောင်းဆီ ပြန်ရောက်လာပါပြီ။ မကြာသေးခင် ရက်ပိုင်းကတည်းက ရုရှားတပ်တွေဟာ အခြေအနေ မလှတော့တာကို အရှိအတိုင်း လက်ခံပြီး ဒီနီပရိုမြစ် တစ်ဖက်ကမ်းကို ဆုတ်ခွာသွားပြီး ခါဆွန်ကို စွန့်လွှတ်ခဲ့ကြပါတယ်။ ပြောရမယ်ဆိုရင် ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်းမှာ အစောဆုံး သိမ်းယူ ရရှိခဲ့တဲ့ မြို့ကြီးဖြစ်တဲ့ ခါဆွန်ကို ဆုလာဘ် တစ်ခုလို သဘောထားခဲ့တယ်။ အရမ်းလည်း ဂုဏ်ယူခဲ့တယ်။ အခုတော့ ခါဆွန်မှာ ယူကရိန်းတပ်တွေနဲ့ ပြည်သူတွေ တစ်သားတည်း ပျော်ပျော်ရွှင်ရွှင် အောင်ပွဲ ခံနေကြတဲ့အချိန် ပူတင်တစ်ယောက် ဘယ်လောက် ဆောက်တည်ရာမရ ဖြစ်နေမလဲဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်။

စစ်ပွဲကို လေ့လာစောင့်ကြည့်နေသူ အားလုံးလိုလိုက ခါဆွန်ကို လက်လွှတ်လိုက်ရတာဟာ ပူတင်အတွက် နောက်ထပ် မဟာဗျူဟာရေးရာ ရှုံးနိမ့်မှုကြီး တစ်ခုလို့ တညီတညွတ်တည်း သုံးသပ်ကြတယ်။ ဒါ့အပြင် ရုရှားသမ္မတ ကာလရှည်ကြာ တည်ဆောက်ထားတဲ့ သူ့ရဲ့ နိုင်ငံရေး သိက္ခာနဲ့ ပုံရိပ်တွေကိုပါ အကြီးအကျယ် ကျဆင်းလာစေမယ်လို့ ဆိုတယ်။

ရုရှားမှာ ပူတင်ကို သိပ်ထက်မြက်တဲ့၊ မျိုးချစ်စိတ်ဓာတ် သိပ်ပြင်းပြတဲ့ ခေါင်းဆောင် တစ်ယောက်လို့ ရှုမြင်နေတဲ့ ပြည်သူ အများအပြား ရှိကြတယ်။ ယူကရိန်း စစ်ပွဲကို ဆင်နွှဲတဲ့ ပူတင်ရဲ့ ဆုံးဖြတ်ချက်ဟာ အတိတ်က ဆိုဗီယက် ပြည်ထောင်စုလို အင်အားကြီး နိုင်ငံမျိုး ပြန်တည်ဆောက်မယ့် ခြေလှမ်းအစလို့ ယုံကြည်နေတဲ့ လက်ယာစွန်း မျက်ကန်း မျိုးချစ်တွေလုံး တပြုံတမကြီး ရှိနေပြန်တယ်။ ယူကရိန်းမှာ စစ်ရေးသာနေတဲ့ အစောပိုင်း အချိန်တွေကတော့ ပူတင်နဲ့ သူ့ကို အားပေး ထောက်ခံသူတွေအတွက် ဟန်းနီးမွန်း ကာလတွေပါပဲ။ ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး။

ရုရှားဟာ ကိယက်ဗ်မြို့တော်ထိ တက်သိမ်းပိုက်မယ့် အစီအစဉ်ကို စောစောစီးစီးပဲ စွန့်လွှတ်လိုက်ရတယ်။ နောက်တော့ စစ်ပွဲက အီလာတယ်။ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်လာတယ်။ ယေဘုယျ အနေနဲ့ ဒီအခြေအနေမျိုးဟာ ထိုးစစ်ဆင်တဲ့ဖက်က စတင် ဆုတ်ယုတ်လာပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ ယူကရိန်းဟာ အနောက် မဟာမိတ် နိုင်ငံတွေဆီက ရရှိတဲ့ စစ်လက်နက်တွေကို စစ်မြေပြင်မှာ အကျိုးရှိရှိ အသုံးချနေသလို ရှေ့တန်းရောက် စစ်သားတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ကလည်း မဆုတ်မနစ် အားကောင်းနေဆဲ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ ရုရှားက ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံနေသလို အသေအပျောက်တွေလည်း များလာတယ်။ တပ်သားသစ်တွေ စုဆောင်းလို့ မရတဲ့အခါ ပူတင်က သူကိုယ်တိုင် နစ်နာနိုင်တဲ့၊ လူထုထောက်ခံမှု ကျဆင်းနိုင်တဲ့ အမိန့်မျိုးကို မဖြစ်မနေ ထုတ်ပြန်ပြီး အရန်တပ်တွေကို ရှေ့တန်း ပို့ရတဲ့ အခြေအနေတွေ ကြုံလာတယ်။ ဒါပေမဲ့လည်း ခါဆွန်မှာ ရုရှားတပ်တွေရဲ့ ကျဆုံးခန်းကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။

အခုဆိုရင် ပူတင်ကို အမာခံ ထောက်ခံ အားပေးပါတယ်ဆိုတဲ့ စစ်လိုလားသူတွေကအစ အွန်လိုင်းပေါ်မှာ ပွဲဆူနေကြပါပြီ။ ခါဆွန်ကို လက်လွှတ်ခံလိုက်ခြင်းဟာ နိုင်ငံကို သစ္စာဖောက်တာပဲလို့ ရုရှား အမျိုးသားရေး ဝါဒီတွေက စွပ်စွဲတယ်။ ရုရှားအတွက် အကျည်းတန်လှတဲ့ နေ့တစ်နေ့လို့လည်း ပြောကြတယ်။ ပူတင်ဟာ ခါဆွန် အပါအဝင် ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်းက ပြည်နယ် ၄ ခုကို ရုရှားပိုင်နက်အဖြစ် သွတ်သွင်းကြောင်း ဟိတ်ဟန် အပြည့်နဲ့ မိန့်ခွန်းပြောပြီး သူ့ရဲ့ အမာခံ အားပေးသူတွေဆီက လက်ခုပ်သံတွေ သဲ့ယူထားတာ တစ်လခွဲလောက်ပဲ ရှိပါသေးတယ်။ အခုတော့ ခါဆွန်ကို လက်လွှတ်လိုက်ရတဲ့အပြင် ဒွန်းဘက်စ် ဒေသမှာလည်း ယူကရိန်းရဲ့ သည်းသည်းမည်းမည်း ထိုးစစ်ဆင်မှုဒဏ်ကို အလူးအလဲ ခုခံနေရတယ်။ ခါဆွန်မြို့ထဲကို ဝင်ရောက်ချိန်မှာ ရုရှားဖက်က ခုခံဖို့ သေနတ် တစ်ချက်တောင် မဖောက်ခဲ့ဘူးဆိုတဲ့ ယူကရိန်းရဲ့ ထုတ်ပြန်ချက်ကလည်း ပူတင် အားပေးသူ ရုရှား လက်ယာစွန်း အမျိုးသားရေး ဝါဒီတွေအတွက် အူနုကျွဲခတ် ဖြစ်စေမှာ သေချာပါတယ်။

အရင်က ရုရှားပြည်တွင်းမှာ ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေက ထဲထဲဝင်ဝင် စိတ်မဝင်စားခဲ့ကြပါဘူး။ ဒါပေမဲ့ လူငယ်လူရွယ်တွေကို စစ်ထဲ ဆွဲသွင်းတဲ့ ပူတင်ရဲ့ အမိန့်အပြီးမှာ အနေအထားတွေ ပြောင်းလာတယ်။ ခါဆွန်ကို စွန့်လွှတ်လိုက်ရတဲ့ သတင်းက ပြည်တွင်းမှာ ရိုက်ခတ်မှုတွေ ပိုကြီးလာနိုင်တယ်လို့ အမည်ဖော်မပြတဲ့ မော်စကိုမြို့ခံ စီးပွားရေးသမား တစ်ယောက်က သုံးသပ်ပါတယ်။ ခါဆွန်ကို ရှုံးနိမ့်ခြင်းဟာ ရုရှားမှာ အထွဋ်အမြတ် ပုဂ္ဂိုလ်တစ်ယောက်လို ရှုမြင်ခံထားရတဲ့ ပူတင်ရဲ့ မျက်နှာကို အိုးမည်း သုတ်လိုက်သလိုပဲလို့ သူက ဆိုတယ်။

တကယ်တော့ ရုရှားရဲ့ ရှုံးနိမ့်မှုတွေဟာ ကျူးကျော်စစ် စတင်ပြီး မကြာခင်ကတည်း နိမိတ်ပြနေပြီး အခုမှ ပိုပြီး ထင်ရှား ပေါ်လွင်လာတာလို့ ဆိုနိုင်ပါတယ်။ တစ်ပတ်အတွင်း ကိယက်ဗ်ကို သိမ်းမယ်လို့ ကြွေးကြော်ထားတဲ့ ရုရှားတပ်ဟာ စစ်ပွဲစပြီး တစ်လလောက် အကြာမှာ ဒီအကြံအစည်ကို လက်လွှတ်ခဲ့ရတယ်။ နိုင်ငံ အရှေ့ပိုင်းက ခါကစ်ဗ်ကို သိမ်းယူမယ့် အကြံကလည်း ယူကရိန်းရဲ့ ကြံ့ကြံ့ခံမှုကြောင့် ပျက်ပြယ်သွားတဲ့အပြင် ရှိရင်းစွဲ သိမ်းပိုက် နယ်မြေတွေကိုပါ လက်လွှတ်လိုက်ရတယ်။ အခုတော့ ယူကရိန်း တောင်ပိုင်းမှာ အချက်အခြာ မြို့ကြီးတစ်ခုဖြစ်တဲ့ ခါဆွန်ကိုလည်း ဆုံးရှုံးလိုက်ရပြန်ပါပြီ။ ဒွန်းဘက်စ်မှာ ခုခံနေတဲ့ ရုရှားတပ်တွေရဲ့ အခြေအနေကလည်း ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်။ ဒါတောင်မှ ဒွန်းဘက်စ် အခြေစိုက် ယူကရိန်း ခွဲထွက်ရေး သူပုန်တွေရဲ့ အင်အားပါ ပေါင်းထားလို့ ခံသာနေတာ ဖြစ်ပါတယ်။

ဒီတော့ ပူတင်ဟာ အဆုံးအရှုံး အရမ်းကြီးနေပြီလို့ ဆိုနိုင်ပါတယ်။ အခြေအနေတွေကို ရုတ်တရက် ပြောင်းလဲနိုင်မယ့် အကြောင်းတရားမျိုးလည်း ရုရှားမှာ ရှိမနေပြန်ဘူး။ ရုရှားက ကမ္ဘာပေါ်မှာ လက်နက်အင်အား အကြီးဆုံး စာရင်းဝင် နိုင်ငံတစ်ခု ဖြစ်ပေမယ့် အခုဆိုရင် အီရန်နဲ့ မြောက်ကိုရီးယားဆီကတောင် လက်နက် ပြန်ဝယ်နေရပြီလို့ အမေရိကန် စစ်ထောက်လှမ်းရေးတွေက ဆိုတယ်။ တိုက်လေယာဉ်တွေ ပြုန်းတီးတာ များလွန်းပြီး ပြန်မဖြည့်နိုင်တော့ စစ်ပွဲ အစပိုင်းတုန်းကလို ယူကရိန်းအပေါ် ဝေဟင် စိုးမိုးမှု မရတော့တာလည်း အတော်ကြာခဲ့ပြီ။

အခုသီတင်းပတ်ထဲမှာ ရုရှားရဲ့ ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူက အခြေအနေ အရပ်ရပ်ကြောင့် ခါဆွန်မှာ ရှိနေတဲ့ ရုရှားတပ်ဖွဲ့ဝင် ၃၀၀၀၀ လောက်ရယ်၊ စစ်လက်နက်နဲ့ ယန္တရား အခု ၅၀၀၀ လောက်ရယ်ကို ရွှေ့ပြောင်း ဆုတ်ခွာစေမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီကြေညာချက်ဟာ စစ်နိုင်နေတယ်လို့ ယုံကြည်နေဆဲဖြစ်တဲ့ အမှန်တရားနဲ့ ဝေးကွာနေသူ ရုရှားပြည်သူတွေကို လှုပ်နှိုးလိုက်ပါတယ်။ အံ့ဩဖို့ ကောင်းတာက ဒီကြေညာချက် ထုတ်ပြန်ချိန်မှာ ပူတင်က ခပ်ကင်းကင်းနေပြီး လူလုံး ထွက်မပြခဲ့ခြင်းပါပဲ။ အရင်က ရုရှားရဲ့ စစ်အောင်ကြောင်း သတင်းတွေနဲ့ ပနာယူလေ့ရှိတဲ့ သမ္မတတစ်ယောက် အခုတစ်ကြိမ် နှုတ်ဆိတ်နေပုံက ကြေကွဲဖို့တောင် ကောင်းပါတယ်။

ကရင်မလင် နန်းတော်မှာ အကြံပေး အရာရှိ လုပ်ခဲ့ဖူးတဲ့ ဆာဂျီမာကော့ဗ်ကတော့ ခါဆွန်ကို လက်လွှတ်ရခြင်းဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲခဲ့တဲ့နောက်ပိုင်း ရုရှားရဲ့ ပထဝီရေးရာ အကြီးမားဆုံး ရှုံးနိမ့်မှုကြီးလို့ သုံးသပ်ခဲ့ပါတယ်။ ပူတင်က ခါဆွန်ဟာ ရုရှားရဲ့ ပိုင်နက် နယ်မြေအဖြစ် ထာဝရ တည်တံ့နေစေရမယ်လို့ လေလုံးထွားခဲ့ဖူးတာကို သူက ထောက်ပြခဲ့ပါတယ်။ အခုတော့ ပူတင်ကိုယ်တိုင် သိက္ခာကျရသလို စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားပြည်သူတွေ ပိုပြီး သံသယ ဝင်လာစေမယ့် အလှည့်အပြောင်း တစ်ခု ဖြစ်လာပြီလို့ မာကော့ဗ်က ဆိုတယ်။ ခါဆွန်က ရှုံးနိမ့်မှုဟာ စစ်ပွဲအပေါ် အကောင်းမြင်မှုတွေကိုရော၊ ပူတင်အပေါ် ထားရှိတဲ့ လေးစားမှုတွေကိုပါ လွင့်စဉ်သွားစေနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

တကယ်တော့ ရုရှားက စစ်ပန်းနေပါပြီ။ ရှေ့တန်းက စစ်သားတွေ ကိုယ်တိုင်လည်း မနိုင်နိုင်တဲ့ စစ်ပွဲကို နွှဲနေရတယ်ဆိုတဲ့ ခံစားချက်တွေ ကိန်းအောင်းလာကြပြီ။ ဒီအခြေအနေမျိုးမှာ ခါဆွန်ကိုပါ ဆုံးရှုံးလိုက်ရခြင်းက ပူတင်အတွက် တစ်ပူပေါ် နှစ်ပူမက၊ သုံးလေးပူလောက် ဆင့်စေပါလိမ့်မယ်။ ပြဿနာက ပူတင်အနေနဲ့ မထွေးနိုင်၊ မအန်နိုင် အခြေအနေကို ရောက်နေတာပါ။ အခုအချိန်မှာ သူစခဲ့တဲ့ စစ်ပွဲကို သူကိုယ်တိုင် အလျှော့ပေးပြီး စစ်ပြေငြိမ်းဖို့ မဖြစ်နိုင်ပါဘူး။ ခေတ်စကားနဲ့ ပြောရရင် အကြီးအကျယ် ဂွမ်းသွားပါလိမ့်မယ်။ တစ်ဖက်မှာလည်း စစ်ပွဲ ရှည်ကြာလေလေ၊ ရုရှားအတွက်ရော၊ သူ့အတွက်ပါ နစ်နာမှုတွေ ပိုများလေလေဆိုတာ ထင်ရှား မြင်သာလာနေပါပြီ။ အခုတောင် သူ့ကို ထောက်ခံသူတွေဆီကတောင် ခါးခါးသီးသီး ဝေဖန်သံတွေ စထွက်လာပါပြီ။

ပူတင်ဟာ မစသင့်တဲ့ စစ်ပွဲတစ်ခုကို စတင်လိုက်ချိန် ကတည်းက သူ့ရဲ့ ကျွံထွက်သွားတဲ့ ခြေလှမ်းကို ပြန်နုတ်လို့ မရတော့ပါဘူး။ ပူတင်ဟာ ယူကရိန်း စစ်ပွဲမှာ အရာရာ ပုံအောလောင်းခဲ့ပြီး သူအရွေးမှားခဲ့တယ် ဆိုတာကို ခါဆွန်က စတင် သက်သေပြနေပါပြီ။ မော်စကို အခြေစိုက် ဒုတိယမြောက် စီးပွားရေး တစ်ယောက်ကတော့ စစ်မြေပြင်မှာ အလောင်းတွေ ပုံနေပြီ ဖြစ်သလို စီးပွားရေး အရလည်း ရုရှားက ဘက်ပေါင်းစုံ အထိနာနေတဲ့အတွက် ပူတင်ဟာ သဘောတူညီမှု တစ်ခုခုအတွက် စဉ်းစားထားဖို့ မျှော်လင့်ကြောင်း မတင်မကျ ပြောပါတယ်။ ခါဆွန်အပြင် ရှေ့လျှောက် သိမ်းပိုက်နယ်မြေတွေ ဆုံးရှုံးဦးမယ်ဆိုရင် ပူတင်ရဲ့ သိက္ခာက မြောင်းထဲပါ ရောက်သွားပါလိမ့်မယ်။ အဲဒီအခါ သူဟာ ပုဂ္ဂိုလ်ရေးအရ မျက်နှာပျက်ရုံတင် မကဘဲ နိုင်ငံရေးအရ တန်ခိုးထွားမှုပါ အဆုံးသတ်သွားမယ်လို့ လေ့လာသူတွေ အားလုံးလိုလိုက တညီတညွတ်တည်း မှတ်ချက် ပေးနေကြပါပြီ။ ဒီအကျပ်အတည်းထဲကနေ လွတ်အောင်ရုန်းဖို့ ပူတင့်မှာ မဟာဗျူဟာ ထွက်ပေါက် တစ်ခုခု ရှိမလား၊ ဒါမှမဟုတ် မျက်စိစုံမှိတ်ပြီး မိုက်တွင်း ဆက်နက်နေမလား ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာ ဖြစ်ပါတယ်။

Facebook

You May Also Like

နိုင်ငံတကာ

အခုတော့ ပြည်နယ်မြို့တော် ခါဆွန်ရဲ့ မြို့လယ်မှာပါ ယူကရိန်း အလံကို ဝံ့ဝံ့ကြွားကြွား လွှင့်ထူလာနိုင်ခဲ့ပါပြီ။ ပျော်ရွှင် မြူးကြွနေတဲ့ ဒေသခံ ပြည်သူတွေဟာ မြို့လယ်ရင်ပြင်မှာ စုဝေးရင်း မြို့ထဲဝင်လာတဲ့ ယူကရိန်း တပ်တွေကို စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အိန္ဒိယဟာ ဆယ်စုနှစ် တော်တော်များများကြာအောင် ရုရှားရဲ့ စစ်လက်နက်တွေကို မှီခိုနေရပါတယ်။ တစ်ချိန်တည်းမှာပဲ ရုရှားဟာ အိန္ဒိယက ထုတ်လုပ်တဲ့ ဆေးဝါးပစ္စည်းတွေအတွက် စတုတ္ထ အကြီးဆုံး စျေးကွက်လည်း ဖြစ်နေပြန်ပါတယ်။

နိုင်ငံတကာ

KCNAကတော့ မြောက်ကိုရီးယားဟာ ရုရှားနဲ့ ဘယ်လို လက်နက် အပေးအယူ သဘောတူညီမှုမှ မရယူခဲ့သလို အနာဂတ်မှာလည်း ဒီလို သဘောတူညီမှုတွေ ရှိမလာနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒါပေမဲ့ အမေရိကန် အစိုးရက ကိုယ်ဆက်ဆံနေသူတွေဟာ ဘယ်လိုအမျိုးအစားလဲ ဆိုတာကိုတော့ စဉ်ဆက်မပြတ် မျက်စိဖွင့် နားစွင့်ထားမယ်လို့လည်း သူက ဆိုပါတယ်။