Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ဘာမှသံသယဖြစ်စရာမရှိဘူး တိုက်ပွဲဝင်သွားမှာပဲ”

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်လိုက်ခြင်းအပါအဝင်လက်ရှိ စစ်ရေး ၊ နိုင်ငံရေး ၊စစ်​ဘေး​ရှောင်အ​ရေးစသည်တို့နဲ့ပတ်သက်ပြီး KNU အဖွဲ့၏ သဘောထားအမြင်များကို အဖွဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးအား People’s Spring ကမေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

ပဒိုစောတောနီး
ပဒိုစောတောနီး

●KNUပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးနှင့်မေးမြန်းခန်း (အပိုင်း-၁)

​မေး-NUGက စစ်အာဏာရှင်ဖြုတ်ချရေး အတွက် တစ်နှစ်အတွင်း ဘက်ပေါင်းစုံက ထိုးစစ်ဆင်မယ်လို့ ကြေညာထားတဲ့အပေါ် KNU ရဲ့သဘောထား အမြင်ကို ပြောပြပေးပါလား။

​ဖြေ-အဲဒီအပိုင်းမှာတော့ ထူးထူးခြားခြားတော့မရှိပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ ပြန်ကြည့်ရမှာက နှစ်နှစ်နီးပါး ဖြစ်လာတဲ့အခါကျတော့ တိုင်းပြည်ရဲ့ အခြေအနေ နိုင်ငံတကာ ရဲ့ သုံးသပ်ချက်အရဆိုရင် သူက အဆင့်တက်လိုက်တယ်လို့ပဲ နားလည်တယ်လေ။ ထူးထူးခြားခြားတော့ ပြောစရာတော့မရှိပါဘူး။ သူတို့ အစီအစဉ်နဲ့ လုပ်သွားမယ့်အနေအထားက တစ်ဆင့်ပိုတက်လာတယ်လို့ပဲပြောလို့ရတာပေါ့။

​မေး-NUGက မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး အဆုံးအဖြတ်တိုက်ပွဲအတွင် ပြင်ဆင်ထားတယ်လို့ ပြောထားတယ်။ ပြည်သူတွေကို KNU အနေနဲ့ ဘာအသိပေးလိုသလဲ။

​ဖြေ-အဲဒါက ထူးထူးခြားခြား ပြောစရာမရှိဘူး။စစ်ရေးစစ်ရာကိစ္စက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ဟာလုပ်မှာပဲ။ ကျွန်တော်တို့ တိုင်ပင်စရာရှိတာ တိုင်ပင်မယ် ဆွေးနွေးစရာရှိတာဆွေးနွေးမယ်။ ရလဒ်ကတော့ထွက်ပေါ်လာမှကျွန်တော်တို့ သိရမယ်။ ဒီစစ်ရေးကိစ္စတင်မဟုတ်ဘူး လူသားချင်းစာနာထောက်ထားမှု အပိုင်းမှာလည်း ကျွန်တော်တို့ လေးဖွဲ့ကတော့ မကြာခင်ကပဲထုတ်ပြန်ကြေညာချက်ထုတ်ပြီးသားပါ။ အထူးသဖြင့် KNU ၊ KNPPနောက် CNF၊NUG တောက်လျှောက်ပဲ နီးနီးကပ်ကပ်နေတဲ့အခါ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပဲ။ ပြဿနာအနည်းအပါးတော့ အဖွဲ့တိုင်းမှာရှိတာပဲ။ ဒါပေမဲ့ဘာမှသံသယဖြစ်စရာမရှိဘူး တိုက်ပွဲဝင်သွားမှာပဲ။

​မေး-ဒီတစ်နှစ်တာအတွင်း အနိုင်အရှုံး အဆုံးအဖြတ် ဖြစ်လာဖို့ ရည်ရွယ်လုပ်ဆောင်တာဆိုတော့ ဒါအောင်မြင်ဖို့ဘယ်လိုအခြေအနေတွေလိုအပ်ပါသလဲ၊ ဘာတွေ အကြံပေးပြောကြားလိုပါသလဲ

​ဖြေ-အဲဒီ အပိုင်းမှာကျတော့ အချက်ပေါင်း အများကြီး လိုတာပေါ့။ အဆုံးသတ်တိုက်ပွဲဆိုတာက စစ်ရေးတစ်ခုတည်းနဲ့ အဆုံးသတ်လို့မရဘူး။ ကျန်တဲ့အပိုင်းမှာရောပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တို့ လက်တွဲထားတဲ့အနေအထားအရ အများကြီးလည်းရှိတယ်။ အထူးသဖြင့် နိုင်ငံတကာ သံခင်းတမန်ခင်း လမ်းကြောင်းတွေပေါ့။ အခု ကုလသမဂ္ဂ ဘက်မှာလည်း ဆက်ပြီးတော့ ကြိုးစားနေတာလည်းရှိတယ်။ စစ်ကောင်စီက လုံး၀ အသိအမှတ်ပြုမခံရတာဟာ သိပ်အရေးကြီးတဲ့အပေါ်မှာ ဒါလည်း တော်တော်လေး ခရီးပေါက်တယ်လို့ပဲ ပြောရမယ်။ နောက်တစ်ချက်က စစ်ကောင်စီဘက်က ဝင်ငွေ ရမယ့် လမ်းကြောင်းတွေ အားလုံးမှန်သမျှ လောင်စာဆီက အစပေါ့ ဒါကို ဆက်လက်ပြီး ပိုမိုပြင်းထန်အောင် လုပ်သွားရမယ့်အပိုင်းရှိတယ်။ ဒါကလုံး၀ အပြီးသတ်တော့ မဟုတ်သေးဘူး သို့သော်ငြားလည်း ဒါပိုပြီး ပြင်းထန်လာဖို့ရှိတယ်။ ဆက်လုပ်ရမယ့်အပိုင်းတွေရှိတယ်။ နောက်တစ်ချက်က နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ သူ့မှာ အကြပ်အတည်းအများကြီးရှိတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့မှု နိုင်ငံတကာရဲ့ အသိအမှတ်ပြု မခံရမှု အပိုင်းမှာ အာဆီယံကအစ သူ့ကို လုံး၀ ဆေးဖော်ကြောဖက်မလုပ်တဲ့အခါကျတော့သူ့မှာ နောက်ဆုံးပိတ်က ပထမ တစ်ချက်က အမည်ခံ တွေ့ဆုံ ဆွေးနွေးပွဲတွေသူလုပ်တာလည်းရှိတယ်။ ဒါပေမဲ့ ဒါလည်းသိပ်အလုပ်ဖြစ်မယ်လို့ မထင်ဘူးဆိုတာ ကျွန်တော်တို့လည်း မြင်နေရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်တန်း ပဋိပက္ခဖြစ်နေတဲ့နေရာ အထူးသဖြင့် တိုက်ပွဲဝင်တဲ့ ကျွန်တော်တို့ အဖွဲ့ကြီးတွေက တစ်ဖွဲ့မှ မသွားဘူးလေ သူခေါ်တဲ့ ဆွေးနွေးပွဲတွေကို။ ဆိုတော့ တကယ် အရေးပါတဲ့ အဖွဲ့တွေလုံး၀မပါဝင်တဲ့ဟာငြိမ်းချမ်းရေးကိုဘယ်လိုမှကိုအောင်မြင်နိုင်စရာ အကြောင်းမရှိဘူး။နောက်ပြီးတော့ Stakeholder အသစ်ဖြစ်တဲ့ PDF တို့ NUG တို့ကို လုံး၀ စာရင်းထဲ မထားဘူးဆိုတော့ ဒါဘယ်လိုနည်းနဲ့မှ ဖြစ်နိုင်စရာ အကြောင်းမရှိဘူးလေ။ နောက်တစ်ချက်က သူက မရရတဲ့နည်းနဲ့နောက်ဆုံးတစ်ချက်က နိုင်ငံရေးအရ ထွက်ပေါက်အဖြစ် ၂၀၂၃ မှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုတာကလည်း ဒီနေ့ ဒီကာလမှာ ဖြစ်ရှိနေတဲ့ အခြေအနေ တည်ငြိမ်မှု ကင်းမဲ့နေတဲ့အခြေအနေနဲ့ သူက ဇွတ်တရွတ်ကြီး လုပ်သွားမယ်ဆိုတော့ ဒီပွဲက ဘရုတ်သုတ်ခ ဖြစ်စေမယ့်ပွဲ သူ့မှာ ဘာမှ ရလဒ်ကောင်းဖြစ်လာစရာ အကြောင်းမရှိဘူး။ နိုင်ငံတကာကလည်း ဘယ်သူမှ အသိအမှတ်ပြုလာနိုင်စရာ အကြောင်းမရှိဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်။ အဲဒီအပေါ်မှာ နိုင်ငံရေး အရ ထွက်ပေါက် လုံး၀မရှိနိုင်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။

နောက်ဆုံး အချက်ကတော့ စစ်ရေးပေါ့။ စစ်ရေးကကျွန်

တော်တို့ဘက်မှာ က နိုင်ငံတကာက စစ်ရေးထောက်ပံ့မှု ဟိုအနောက်နိုင်ငံမှာ ဖြစ်ရှိနေတဲ့ ယူကရိန်းအရေးအခင်းလိုဟာမျိုး ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုပေမယ့် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ်လုပ်နိုင်တဲ့အပိုင်းနဲ့ ဒီထက်ပိုပြီးတော့ လုပ်သွားမယ့်အပိုင်းရှိတယ်။ NUG ဘက်မှာတော့ တစ်နှစ်အတွင်းမှာ အပြီးသတ် စစ်ပွဲဆင်နွှဲမယ်ဆိုတဲ့ မောင်းတင်ထားတယ်ဆိုပေမယ့် ကျွန်တော်တို့က လိုအပ်ချက်အရ ဘာတွေမြင်ရလဲဆိုတော့ တကယ်တိုက်ပွဲဝင်တဲ့သူတွေအားလုံးအဆင်သင့် ဖြစ်ဖို့လိုတယ်လေ။ တစ်နှစ်အတွင်းမှာ တော်တော်လေး အချိန်ကို လုရမယ့် အပိုင်းတော့ရှိတယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာတော့ ကျွန်တော်မပြောပါဘူး။ ကျွန်တော်တို့ဘက်က တော်လှန်ရေးသမားတွေဆိုတော့ ဖြစ်နိုင်တဲ့နည်းနဲ့ ကျွန်တော်တို့ ဆက်ပြီး လုပ်သွားရမယ်။ ဆိုလိုတာက ဒီတစ်နှစ်အတွင်း အကောင်အထည်ဖော်တာကို NUG ဘက်က အကောင်အထည် ဖော်နိုင်အောင်လုပ်နေပေမယ့်လည်း ဒါကလုပ်ရမယ့်အပိုင်းလုပ်ရမယ်။ ဒါပေမဲ့ မဖော်နိုင်ဘူးဆိုရင်လည်း ကျွန်တော်တို့ ဆက်ပြီးတော့ သွားရမယ်ဆိုတာလည်း ရှိပြီးသားပါ။ အဲဒါကြောင့်မို့လို့ လိုအပ်တဲ့အပိုင်းက စစ်ရေးအရလိုအပ်တဲ့ ပြင်ဆင်မှုတွေကတစ်နှစ်အတွင်းတော်တော်လေး အချိန်တွေက နည်းတယ်လို့ပြောရမှာပေါ့။အထူးသဖြင့် ကိုယ့်တပ်ဖွဲ့ဝင်တွေ အားလုံး လက်နက်တပ်ဆင်ပြီးသား အနေအထား မျိုးရောက်မယ်ဆိုရင်တော့ အလှည့်အပြောင်းတစ်ခုက ဖြစ်လာနိုင်ပါတယ်လို့ ပြောလို့ရတယ်။ ကျန်တဲ့အပိုင်းတွေက အများကြီးရှိပါတယ်။ ပြင်ဆင်မှု အပိုင်းမှာ ဆေးဝါး ၊ ရိက္ခာ အဲဒါတွေက ပြောစရာမလိုဘူး ကျွန်တော်တို့က ဒါတွေက ပြင်ဆင်ပြီးသား။ လူထု အခက်ကြုံနေတဲ့ ငတ်ပြတ်မှု ဒါတွေက အကုန်လုံး ထည့်တွက်ပြီး လုပ်သွားရမယ့် အပိုင်းတွေဖြစ်တယ်ဗျ။

​မေး-စစ်ကောင်စီက အခုထိ NCAနဲ့ ၂၀၀၈ ခြေဥ နဲ့ ရှေ့ဆက်ဖို့ ကြိုးပမ်းနေတဲ့အပေါ် ဘာမှတ်ချက်ပြုလိုပါသလဲ။

​ဖြေ-ကျွန်တော် ခုနက ပြောပြီးသားလေ။ အထူးသဖြင့် ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာသူ(စစ်​ကောင်စီ)က ဘယ်မှာသွားလုပ်နေလဲဆိုတော့ ဒီဆွေးနွေးပွဲတွေက ဘယ်အပေါ်မှာ သွားအခြေခံလည်းဆိုတော့ ၂၀၀၈ အပေါ် သွားပြီးတော့ အခြေခံမယ်လို့ သူက ပြောထားပြီးသား။ ကျွန်တော်ပြောချင်တာက သူအာဏာသိမ်းလိုက်တယ်။ အာဏာသိမ်းလိုက်ပြီးကတည်းက ဒါလုံး၀ တရားမဝင်ဘူး။ နိုင်ငံတကာ လည်း အသိအမှတ်မပြုဘူး။ ဘယ်သူမှသူ့ကို ဆေးဖော်ကြောဖက်မလုပ်တဲ့အခါကျတော့ သူက တရားမဝင်တဲ့သူ ဖြစ်တယ်။ အဲဒါကြောင့် သူလုပ်တဲ့ဟာတွေအားလုံးက ပျက်စီးကုန်ပြီလေ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း လုံး၀ အလုပ်မဖြစ်ဘူး။ ၂၀၀၈ က ပျက်သွားပြီ။ ဘာဖြစ်လို့လည်းဆိုရင် စစ်အာဏာသိမ်းကတည်းကိုက ဘယ်စစ်အာဏာသိမ်းမှုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ဆီးလိုက်တာပဲ။ ဒါက ဘယ်တိုင်းပြည်မဆိုသွားကြည့်။ ဒါကို သူကိုယ်တိုင်က ၂၀၀၈ မပျက်သယောင် ရူးသလိုလို ကြောင်သလိုလိုနဲ့ ရူးချင်ယောင်ဆောင်တာလည်းဖြစ်မှာပေါ့။ ဒါပေမဲ့ ဒါတွေက ဘယ်လိုမှ အလုပ်မဖြစ်ပါဘူး။ ဒါက သူလုပ်တာ လုပ်နေတာ ဘာမှ ရလဒ်ထွက်လာမှာလည်း မဟုတ်ဘူး။ ကျွန်တော်တို့ သေချာပြောရဲတယ်။ ဘာဖြစ်လို့လည်းဆိုရင် သူက ဒီအစည်းအဝေးတွေ ခေါ်ပိုင်ခွင့်လည်းမရှိဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲခေါ်ပိုင်ခွင့်ဆိုတာ သူ့မှာ ဘာလုပ်ပိုင်ခွင့်မှမရှိဘူး။ ဒီလို လုပ်ပိုင်ခွင့်မရှိတဲ့သူတစ်ယောက်ကို ဘာသွားပြီး ထည့်ပြီး သွားလုပ်စရာ အကြောင်းမရှိဘူး။ ၂၀၀၈ကို သွားပြင်မယ်ဆိုတာ ဘာသွားပြင်မှာလဲ။ မရှိတဲ့ဟာကို သွားပြီးတော့ ပြင်ရမှာလား။ ၀မရှိဘဲ ဝိလုပ်နေတဲ့ဟာ ကျွန်တော်တို့က လုံး၀ စိတ်မဝင်စားဘူး။

​မေး-အောက်တိုဘာ ၁၅ရက်နေ့က NCA နှစ်ပတ်လည်ပွဲ လုပ်ခဲ့တဲ့အပေါ် ဘာပြောလိုပါသလဲ။

​ဖြေ-NCAက ပြောစရာမလိုတော့ဘူး။ သူအာဏာသိမ်းလိုက်ကတည်းက ဒီလမ်းကြောင်းတွေက အကုန်လုံးပျက်ကုန်ပြီ။ အဲဒါကြောင့် ရှေ့ဆက်သွားရမယ့် လမ်းကြောင်းအသစ်ကို စစ်အာဏာသိမ်းပြီးကတည်းက ကျွန်တော်တို့ ကြိုးစားနေတာ။ အဲဒါပဲ။ အဲဒါကြောင့် ဒီတစ်နှစ် နှစ်နှစ်အတွင်းမှာ နိုင်ငံတကာက ကျွန်တော်တို့ကို တော်တော်လေး အထင်သေးအမြင်သေးဖြစ်စရာလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဝန်ခံပါတယ်။ သို့သော်ငြားလည်း နိုင်ငံတကာ ရဲ့ တွေးထင်ယူဆချက်က တစ်နှစ်အတွင်းတောင် ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့ကို ဘယ်လိုမှ မဖြိုခွင်းနိုင်တဲ့အခါ အခုက နှစ်နှစ်အတွင်းမှာ ကျွန်တော်တို့က ပြန်ပြီးတော့ သူ့ကို ပြန်ဖြိုခွင်းဖို့ လမ်းကြောင်းတွေ ရှာနေပြီဆိုတာ ဒါကတော့ ပြည်သူလူထုကို အသိပေးသလို တစ်ချိန်တည်းမှာပဲ နိုင်ငံတကာကို အသိပေးပါတယ်ဗျ။

​မေး-RCSSက သတင်းဖော်ပြတဲ့အခါမှာ KNU က NCA နှစ်ပတ်လည်ပွဲတက်တဲ့ သဘောမျိုး ထုတ်ထားတာပေါ့။ အစည်းအဝေးမှာဆိုရင်လည်း ဒူးပလာယာခရိုင် ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ပဒိုရွှေမောင်း တက်တာလည်း မြင်ရတော့ဒီအပေါ် ရှင်းပြပေးပါလား။

​ဖြေ-အဲဒါက ဘာမှ တရားမဝင်ပါဘူး။ KNU ကိုယ်တိုင်က လုံး၀ မတက်ပါဘူး။ အဲဒါကြောင့် သွားတဲ့ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ရဲ့ ကိစ္စသာ ဖြစ်တယ်။ အဲဒါ ဆရာတို့ သေသေချာချာ သိချင်ရင် သူ့(ပဒိုရွှေမောင်း)ကို တိုက်ရိုက်မေးရင် ပိုအဆင်ပြေမယ်လေ။ ကျွန်တော်တို့ လုံး၀ အသိအမှတ်မပြုပါဘူး။ဒီဟာတွေက ကျွန်တော်တို့ အဖွဲ့အစည်းနဲ့ လုံး၀ မဆိုင်ဘူး။

​မေး-စောစောက ဖြေတဲ့အထဲမှာလည်း ပါပါတယ်။ စစ်ကောင်စီက ၂၀၂၃ မှာ ရွေးကောက်ပွဲလုပ်ပြီး ရွေးကောက်ပွဲကနေ နိုင်ငံရေးထွက်ပေါက်ရအောင်လုပ်ဖို့ ကြိုးစားနေတဲ့အပေါ် ဒီအခြေအနေ ဖြစ်လာနိုင်ပါ့လား။နိုင်ငံရေးပါတီတွေကိုရော ဘာပြောလိုပါသလဲ။

​ဖြေ-ဒီအခြေအနေမှာ ဒါ(ရွေးကောက်ပွဲ)က ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလေ။ ဒါကသူ့ထွက်ပေါက် သူက တစ်ယောက်ရရ နှစ်ယောက်ရရ ဆွဲပြီးလုပ်သွားမယ့်အပိုင်းရှိတယ် ဒါပေမဲ့ သူ့ရလာမယ့် ရလဒ်က သိပ်အခြေအနေမမှန်ဘူးဆိုတာ ရှင်းနေတာပဲ။ တိုင်းပြည်က လုံး၀ မတည်မငြိမ် ဖြစ်နေတဲ့အခါမှာ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာဖို့ ဆိုတာ တိုင်းပြည်ရဲ့ အနေအထားက တည်ငြိမ်ဖို့လိုတယ်။ မဲရုံစောင့်တဲ့သူတွေကအစ ထည့်တွက်ရမယ့်ဟာတွေဖြစ်တယ်။ ဒါပေမဲ့ သူက ဇွတ်တရွတ်လျှောက်လုပ်ပြီဆိုရင်တော့ ဒါက တော့ သူ့နောက်ဆက်တွဲ ပြဿနာ သူတာဝန်ခံရမယ်လေ။ ဒါတွေက မဖြစ်သင့်တဲ့ဟာ။ အဲဒါကြောင့် မို့လို့ ကျွန်တော်တို့ ပြောနေတာ ဒါလုံး၀ မဖြစ်နိုင်ဘူး။ တစ်ဖက်မှာလည်း ပြည်သူလူထုကို ကျွန်တော်တို့ လုံး၀ ယုံကြည်တယ်။ ပြည်သူလူထုက လုံး၀ ဆန့်ကျင်မှာပဲ ဒီဟာကို။

​မေး-အခု စစ်ရှောင်ပြည်သူ သန်းနဲ့ချီရှိလာပြီ။ ပြည်သူလူထုတွေရဲ့ နေအိမ်တွေ အများကြီး သောင်းနဲ့ချီပြီးမီးရှို့ခံရတယ်။ ပြည်သူတွေလည်း အများကြီး သတ်ဖြတ်ခံရတယ်။စာသင်ကျောင်းက ကလေးငယ်တွေကိုစစ်ကောင်စီကလေကြောင်းကနေ ပစ်ခတ်တဲ့အဆင့်ထိလုပ်နေတယ်။ ဒီလို အခြေအနေမှာ စစ်ကောင်စီနဲ့ ဆွေးနွေးနေကြတဲ့တိုင်းရင်းသာလက်နက်ကိုင် တွေလည်းရှိတာပေါ့။ အဲဒီ တိုင်းရင်းသားလက်နက်ကိုင်တွေကို ဘာပြောလိုပါသလဲ။

​ဖြေ-ကျွန်တော်တို့က သူတို့ကို ထူးထူးခြားခြားမပြောတော့ဘူးဗျာ။ အခုက ဒီအချိန် ဒီကာလမှာ ဘယ်ဟာက အဖြူ ဘယ်ဟာက အမဲဆိုတာ သိနေပြီပဲ။ ကိုယ့်ကိုယ်ကိုယ် တော်လှန်ရေးသမားလို့ ခံယူတယ်ဆိုရင် တော့ ဒါကြီးက ဖြစ်သင့်လား မဖြစ်သင့်ဘူးလားဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရမှာပဲ။ ပြောရမယ်ဆိုရင် ဒါတွေက အဖွဲ့အစည်း တစ်ဖွဲ့ချင်းစီရဲ့ လုပ်ပိုင်ခွင့်အပေါ်မှာ ရှိနေတဲ့အပေါ် သူ့ရဲ့ မူဝါဒအရ ပေါ့။ အဲဒါကြောင့်မို့လို့အဆုံးအဖြတ်ပေးမှာက ပြည်သူလူထုပဲဖြစ်တယ်။ ပြည်သူလူထုက ဒါ မင်းဒီလိုလုပ်နေပါလား။ မင်းဒီလို လုပ်တယ်ဆိုရင်တော့ သက်ရောက်မှုက ဒီလိုရှိပါလား လူထုကိုယ်တိုင်က ဆုံးဖြတ်မှာလေ။ ကျွန်တော်တို့က သိပ်ပြီး ပြောစရာမလိုဘူး။ ကျွန်တော်တို့က လက်တွေ့နဲ့ပဲ အလုပ်လုပ်တဲ့သူတွေဖြစ်တယ်။ အဲဒါကြောင့်မို့လို့ စစ်အာဏာရှင်စနစ် မဟုတ်ဘူး ဘယ်အာဏာရှင်စနစ်မှ လက်မခံတဲ့အပေါ်မှာ ဆန့်ကျင်မှာပဲ။ ကိုယ့်မှာရှိတဲ့အားနဲ့ ရှိတဲ့ လူထုအားနဲ့ ကျွန်တော်တို့ ဆက်သွားမှာပဲ။ ဒါက အမှန်တရားကနောက်ဆုံးမှာ အောင်ပွဲခံမှာ သေချာပါတယ်။

▪︎မေးမြန်းခန်း (အပိုင်း- ၂)ကိုမနက်ဖြန် (​အောက်တိုဘာ ၁၈ရက်)မှာဆက်လက်​ဖော်ပြပါမယ် ။ ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လေးနှစ်တစ်ကြိမ် ပုံမှန်ကျင်းပရန် သတ်မှတ်ထားသည့် KNU ညီလာခံကို ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် နိုင်ငံရေး၊ စစ်ရေးအခြေအနေများကြောင့် ရွှေ့ဆိုင်းခဲ့သည်မှာ နှစ်နှစ်ပြည့်ပြီဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲနှင့်ပတ်သက်၍ KNU ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာန တာဝန်ရှိသူတစ်ဦးအား ဆက်သွယ်ရာ အချက်အလက်များ အပြည့်အစုံရရှိပါက သတင်းထုတ်ပြန်သွားရန်ရှိကြောင်း ပြောကြားသည်။

သတင်း

ကြာအင်းဆိပ်ကြီးရှိ ခလရ (၃၂) စခန်း တစ်ခုကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ​တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်​အောက်ရှိနဂါးနီစစ်ကြောင်းတို့က နှစ်ရက်ဆက်တိုက်ခိုက်ကာသိမ်းပိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီတပ်ကလည်း ဒေသခံများ ရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်၍အရပ်သား ပြည်သူအချို့ ထိခိုက်မှုရှိခဲ့သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။