စစ်ကောင်စီတပ်က ဈေးသည်နှစ်ဦးအား သတ်ဖြတ်သွား
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်သားအလောင်းများလာကောက်သည့် စစ်ကောင်စီ၏ Faw ကားတစ်စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါ စစ်ကောင်စီတပ်က စျေးသည်နှစ်ဦးအား ပစ်သတ်သွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ဩဂုတ် ၁၅ရက်နှင့် ၁၆ရက်က စစ်ကောင်စီတပ်အား ဒေသတွင်းအဖွဲ့များက မြိုင်မြို့နယ် တဲကြီးရွာနှင့် နယ်သတ်ရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးခဲ့ပြီး ကျည်ဆံ၊ ဗုံးသီးနှင့် စစ်အသုံးအဆောင် ပစ္စည်းများရရှိခဲ့ကြောင်း မြိုင်(ပကဖ)က ယနေ့ ထုတ်ပြန်သည်။
ယနေ့ (သြဂုတ် ၁၇ရက်)နံနက်တွင် အဆိုပါ နေရာရှိ စစ်သားအလောင်းများအား Faw ကားဖြင့် လာကောက်စဥ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သည် အနီးနားရှိ ဈေးသည်ပြည်သူ နှစ်ဦးအား သတ်ဖြတ်သွားကြောင်း မြိုင် (ပ.က.ဖ)က အသိပေးသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်အဝေးဆုံးရှောင်ရှားကြရန် မြိုင် (ပ.က.ဖ) က မေတ္တာရပ်ခံသည်။