စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်း ရရှိခဲ့သည်ဟု ကန့်ဘလူခရိုင် တပ်ရင်း(၂)က သတင်းထုတ်ပြန်သည်။
ကန့်ဘလူနယ် လက်ခုပ်ပင်နှင့်အောင်ချမ်းသာကျေးရွာအတွင်းသို့ချပ်သင်းမှထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်ကို ကန့်ဘလူခရိုင်တပ်ရင်း – ၂ မှကြားဖြတ်တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၄၀ဦးထက်မနည်းသေဆုံးပြီး RPG ၊ စက်လတ် ၊ MA 1 ၊ MA 2 (အရေအတွက်စိစစ်ဆဲ) လက်နက်များသိမ်းဆည်းရမိခဲ့ကြောင်း အသိပေးထားသည်။
စစ်ကောင်စီတပ်သားများသေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ကန့်ဘလူခရိုင်တပ်ရင်း – ၂ တာဝန်ရှိသူက “ကျွန်တော်တို့မှာ လက်နက်ကြီးလက်နက်လေးနဲ့လက်နက်ငယ်ပေါ့ဗျာ။ နယ်မြေကျွမ်းကျင်မှု၊ မှန်ကန်တဲ့တော်လှန်စိတ်ဓာတ်ကြောင့်ပါ။လက်နက်တွေကတော့ ကျွန်တော်တို့ ရှေ့တန်းကညီငယ်တွေက အခုသွားပြီးတော့ ကောက်နေပြီး စာရင်းအတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ သတင်းအတိအကျရမှ ထုတ်ပြန်ပေးပါ့မယ်။”ဟု People’s Spring သို့ပြောသည်။
အကြမ်းဖက်စစ်တပ်သည် မွန်းလွဲ ၁ နာရီခန့်က ကျွန်းလှ၊ ကန့်ဘလူမြို့နယ်အစပ် အောင်ချမ်းသာ၊ လက်ခုပ်ပင်ရွာအနီးအား Mi-35 ၂ စီး Mi-17 ၁ စီးဖြင့် လေကြောင်းပစ်ခတ်မှု လုပ်ခဲ့ကာ စစ်အင်အားဖြည့်တင်းခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၅မိနစ်ခန့်တွင် Jet Fighter ၁ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများဖော်ပြပေးနေသော Infinity Group က ဖော်ပြသည်။
အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ကန့်ဘလူခရိုင်တပ်ရင်း(၂)မှ ရဲဘော် ၂ဦး ဒဏ်ရာရခဲ့ပြီး ကျဆုံးမှုမရှိကြောင်းလည်းအသိပေးထားသည်။
ရရှိသောလက်နက်အရေအတွက်အတိအကျအားဆက်လက်ထုတ်ပြန်သွားမည်ဟု အသိပေးထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ကို PDF များနှင့် တိုင်းရင်ူသားလက်နက်ကိုင်အဖွဲ့များက ခုခံတော်လှန်နေရာတွင် ယနေ့၌ မြဝတီ နှင့် ကန့်ဘလူမြို့နယ်တို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က အထိနာသဖြင့်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေကြာင်း စစ်မြေပြင်ရှေ့တန်းမှသတင်းရရှိသည်။