မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ဇနီးဖြစ်သူအားရိုက်နှက်နေသည်ဟု တိုင်ကြားခံရသည့် အမျိုးသားအား အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။
သြဂုတ် ၂၂ ရက်က ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနေ မောင်စစ်ငြိမ်းဆိုသူအား မြို့နယ်ရဲစခန်းထံ တိုင်ကြားခံရ၍ စစ်ကောင်စီတပ်က လာရောက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရပြီးတစ်ရက်အကြာ သြဂုတ် ၂၃ရက်တွင် ဖမ်းဆီးခံရသူ၏ ရုပ်အလောင်းအား စခန်းသို့ လာယူခိုင်းကြောင်း ဒေသခံများက ပြောသည်။
ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ရန်လည်းမဖြစ်ဘူး။ ရိုက်လည်းမရိုက်ခဲ့ဘူး။ ရန်ဖြစ်လို့ ပတ်ဝန်းကျင်က ရဲစခန်းတိုင်တာလည်း မဟုတ်ဘူး။ သူ့မိန်းမက သူ့ကိုရိုက်နေပါတယ်ဆိုပြီး လိမ်တိုင်လို့ ည၂နာရီလောက်က ရိုက်နှက်ပြီးလာခေါ်သွားတာပါ။ ရိုက်နှက်ပြီး လက်လွန်လို့သေသွားတာပါ။”ဟု ပြောသည်။
ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။