Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ ခြေလျင်တပ်များ အင်အား ယုတ်လျော့လာခြင်းကြောင့် ပျူများကို အသုံးပြု အသေခံခိုင်းနေ

CDM တပ်အရာရှိ ကိုနောင်ရိုးက “စစ်တပ်ဟာ ပျူပူးပေါင်းအင်အားနဲ့ အသာစီးရယူချင်တာလည်း ပါတယ်။ အဓိကကတော့ စစ်ကောင်စီခြေလျင်တပ်‌တွေမှာ လူအင်အားယုတ်လျော့လာနေတာ၊ အကျအဆုံးများလာနေတာတွေကြောင့် ပျူတွေကို မဖြစ်မနေ သုံးလာနေရတာပါပဲ”ဟု ပြောကြားသည်။

(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်မျက်နှာများစွာအတွက် စစ်ကူလိုအပ်ချက် ကြောင့် မြို့စောင့်တပ်များကိုထုတ်နှုတ်သုံးစွဲနေရဟု သုံးသပ်

▪️လေကြောင်း၊ သံချပ်ကာ ၊ အမြောက်၊ ခြေလျင် ပူးပေါင်း စစ်ဆင်ခြင်း၊ လေကြောင်းချီ တပ်စုဖွဲ့ စီးနင်း တိုက်ခိုက်ခြင်းများ ပိုလုပ်လာနိုင်သည့်အပေါ် CDM အရာရှိ သတိပေး

အကြမ်းဖက် စစ်ကောင်စီ၏ ခြေလျင်တပ်များ အနေဖြင့် တိုက်ပွဲများ၌ သေဆုံးထိခိုက်များပြားပြီး အင်အားယုတ်လျော့လာခြင်းကြောင့် ပျူစောထီးများကို ရှေ့တန်းစစ်မြေပြင်များ၌ စစ်ကောင်စီတပ်က အသုံးပြုမှု ပိုမိုပြုလုပ်လာနေသည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF) တာဝန်ရှိသူနှင့် CDM အရာရှိ အချို့ကပြောသည်။

ပြီးခဲ့သည့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ တိုက်ပွဲတွင် ကျေးရွာကိုဝင်စီးသည့် စစ်ကောင် စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက အင်အားအများအပြားဖြင့် ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကောင်စီတပ်က အထိနာပြီး စစ်ကူအဖြစ် ပုလဲမြို့နယ်မှ ပျူစောထီးများကို ရဟတ် ယာဉ်ဖြင့် သယ်ဆောင်အသုံးပြုခဲ့ရသည်ဟု ယင်းမာပင်ဒေသ PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

” အခုမနက်ခင်းမှာလည်း (နမခ)ကနေ ရဟတ် ယာဉ်တစ်စီး ယင်းမာပင် ဘောလုံးကွင်းထဲလာတယ်။ နမခထဲက ပါလာခဲ့တဲ့ တချို့ကို ယင်းမာပင်ကို ထားခဲ့ပြီးတော့ ယင်းမာပင်က စကစ ၅၀ကို ပုလဲကို တပ်ချိန်းတယ်လို့ သတင်းရတယ်။ သေချာတာ တစ်ခုက ယင်းမာပင်ကို ဘယ်လောက်ပို့လဲတော့မသိဘူး အခုလောလောဆယ်မှာ ပုလဲနယ်ဘက် ၊ မြိုင်နယ်ဘက်၊ ဂန့်ဂေါနယ်ဘက် တွေမှာ စစ်ကြောင်းတွေက ထိပ်တိုက်တွေ့ဆုံမှုတွေ တအားပြင်းထန်တဲ့အတွက် မလောက်ငှတဲ့အတွက် ယင်းမာပင်မြို့က မြို့စောင့်တပ်ကို ပုလဲကို ပို့ရတာ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်၏ အင်အားပြုန်းတီးမှုများပြားသော်လည်းရှိသည့် အင်အားများ အရည်အသွေးပြည့်ပါက အထိုက်အလောက် အင်အားတောင့်တင်းသော်လည်း ယခုစစ်ကောင်စီတပ် တိုက်ခိုက်နေရသည်မှာ ပြည်သူလူထုနှင့် တိုက်ခိုက်နေရခြင်းဖြစ်၍ စစ်ကောင်စီတပ်သားများ စိတ်ပိုင်းဆိုင်ရာ ရှုံးနိမ့်မှု ဖြစ်နေကြရသည်ဟု ဆိုသည်။

“ နောက်တစ်ချက်က သူတို့ရဲ့ ပင်မတပ်ရင်းတပ်ဖွဲ့တွေထဲက ထွက်ရင်ရှေ့တန်းဖြစ်တာကိုး။ ဟိုးရှေးရှေးတုန်းက ရှေ့တန်းထွက်တယ် ရှေ့တန်းပြန်တယ်ဆိုတာ သူတို့အတွက် ဂုဏ်ယူဝံ့ကြွားစရာလို ဖြစ်ပေမယ့်လို့ အခုအချိန်မှာ ဘယ်နေရာကနေခြောင်းမြောင်းတိုက်ခိုက်လိုက်မလဲ ဘယ်နားကနေ ထပြီး ဖောက်ခွဲလိုက်မလဲ ဆိုပြီး စိုးတထိတ်ထိတ်နဲ့ တပ်ရင်းတပ်ဖွဲ့က စထွက်ကတည်းက ဥပမာ ယင်းမာပင်ဆို ယင်းမာပင်က စထွက်ကတည်းက ၊ နမခ ဆို နမခက စထွက်ကတည်းက သူတို့ကရှေ့တန်းဖြစ်နေတာ”ဟု ယင်းမာပင်နယ် PDF တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စိုးရိမ်ကြောင့်ကြမှုများဖြင့်စိတ်ပိုင်းဆိုင်ရာ အရ များစွာ နိမ့်ကျသွားပြီဖြစ်သည်ဟု ဆိုသည်။

” ဗိုလ်လောင်းသင်တန်းပဲဖြစ်ဖြစ် စကစ တပ် သားအသစ် တစ်ယောက်ရဖို့ပဲဖြစ်ဖြစ် ဒါလုံး၀ မလွယ်ကူတော့ဘူး။ အဲဒါကို ဘာနဲ့ သက်သေပြလို့ရလဲဆိုရင် … သူတို့ကို အမာခံထောက်ခံတဲ့ ဖွတ်စိမ်းပါတီက ပုဂ္ဂိုလ်တွေကို ပျူစောထီးဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ ပြည်သူလူထုကို ဆွဲသွင်းနေရတဲ့ အနေအထားက လုံး၀ တပ်သားအသစ် မရနိုင်ဘူးဆိုတာကို သူတို့ ပါးစပ်က မပြောပေမယ့် သူတို့ရဲ့ လုပ်ရပ်က လုပ်ပြနေတဲ့ အနေအထားမှာရှိတယ်”ဟု ယင်းမာပင်နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

CDM တပ်အရာရှိ ကိုနောင်ရိုးက “စစ်တပ်ဟာ ပျူပူးပေါင်းအင်အားနဲ့ အသာစီးရယူချင်တာလည်း ပါတယ်။ အဓိကကတော့ စစ်ကောင်စီခြေလျင်တပ်‌တွေမှာ လူအင်အားယုတ်လျော့လာနေတာ၊ အကျအဆုံးများလာနေတာတွေကြောင့် ပျူတွေကို မဖြစ်မနေ သုံးလာနေရတာပါပဲ”ဟု ပြောကြားသည်။

(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

PDFများကို အကြံပြုလိုသည်မှာ စစ်ကောင်စီကို ဦးတည်တွန်းလှန်ရာတွင် ရေရှည်အတွက် ပျူစောထီးနှင့် ပတ်သက်သည့် အပိုင်းကိုရေရှည်အတွက် သတိထားပြီး ဆောင်ရွက်စေလိုသည်ဟု ကိုနောင် ရိုးက ပြောသည်။

“ပျူတွေကို စည်းရုံးတာထက် ပျူတွေ ထပ်မတိုး မပေါ်လာအောင်၊ စစ်ကောင်စီဘက် လူထပ်မများအောင်၊ ကိုယ့်အတွက် ရန်သူထပ်မတိုးအောင် လိုက်နာသင့်တာမှန်သမျှ လိုက်နာဖို့ ရေရှည်မျှော် တွေး လုပ်ဆောင်ဖို့ပေါ့”ဟု ကိုနောင်ရိုးက အကြံပေးသည်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကလည်း “လူ (စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား)ကတော့ အရင် ထက်စာရင် နည်းတာတော့အမှန်ပဲ။ စစ်ကိုင်းဆိုတာ စစ်တပ်သိပ်မကျွမ်းကျင်တဲ့နယ်မြေလည်း ပါတယ်။ အဲ့ဒါကြောင့်လည်း ပျူကိုသူတိူ့တွေ အဓိကသုံးနေတာလို့ ပြောလို့ရပါတယ်” ဟု မှတ်ချက်ပြုသည်။

စစ်ကောင်စီ၏ ခြေလျင်တိုက်ခိုက်ရေးအင်အားနှင့် တိုက်ခိုက်ရေး စွမ်းရည်မှာ ရှေ့လျှောက် ပိုမို ယုတ်လျော့လာရန်သာရှိ၍ စစ်ကောင်စီက သံချက်ကာ အမြောက်၊ လက်နက်ကြီး၊ တိုက်စွမ်းအားပိုင်းနှင့် လေကြောင်း အင်အားပိုအသုံးပြုလာနေကြောင်း CDM အရာရှိ ကိုနောင်ရိုးက ပြောသည်။

“မြေပြင်စစ်ရေးစွမ်းရည် ကျဆင်းလာနေပေမယ့် တပ်စုဖွဲ့မှု နဲ့ လက်နက်ကြီးအင်အား မှာတော့ ခိုင်မာနေဆဲလို့ ပြောလို့ရပါတယ်။ အဲ့တော့ စကစဟာ သူအားသာချက်ဖြစ်တဲ့ လေကြောင်းနဲ့ သံချပ်ကာ အမြောက် ခြေလျင် ပူးပေါင်းစစ်ဆင်တာ၊ လေကြောင်းချီ တပ်စုဖွဲ့ စီးနင်းတိုက်ခိုက်တာ စတဲ့ စစ်ဆင်ရေးပုံစံတွေ ပိုမိုလုပ်ဆောင်မယ်လို့ ယူဆနိုင်ပါတယ်”ဟု ကိုနောင်ရိုးက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကပင် KNU ဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်းနှင့်၂လကျော်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာနေသည့် ကရင်ပြည်နယ် မြ၀တီမြို့နယ် မြ၀တီ -ဝေါ်လေလမ်း တိုက်ပွဲ၌ စစ်ကောင်စီတပ်က ခြေလျင်တပ်အင်အား အများအပြား အသုံးပြုပြီးလက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများ၊ လေကြောင်းမှ တိုက်လေယာဉ်များ တစ်ပြိုင်တည်း အသုံးပြု တိုက်ခိုက်ခဲ့သည်။

(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – ကော်ဘရာစစ်ကြောင်း)

လက်ရှိ အခြေအနေတွင် စစ်ကိုင်း၊ မကွေး၊ကချင်၊ ကရင်၊ ကရင်နီနှင့် ချင်းစသည့် တိုင်းနှင့် ပြည်နယ်များ၌ စစ်ကောင်စီတပ်များကို တိုက်ခိုက်မှုများ အားကောင်းနေသကဲ့သို့ ကျန်တိုင်းနှင့် ပြည်နယ်များတွင်လည်း စစ်ကောင်စီတပ်နှင့်ပတ်သက်သည့် ပစ်မှတ်များကို ပိုမိုတိုက်ခိုက်ရန် တိုက်တွန်းလိုကြောင်း ယင်းမာပင်နယ် PDF တာဝန်ရှိသူ ကပြောသည်။ ထိုသို့ တိုက်ခိုက်ရာတွင် လုံခြုံရေးအားကောင်းသည့် မြို့ပေါ် နေရာများ တိုက်ခိုက်ခြင်းထက် စစ်ကောင်စီယာဉ်တန်းများ အားနည်းရာနေရာများကို ရွေးချယ်တိုက်ခိုက်ရန် တိုက်တွန်းလိုသည်ဟု ၎င်းက ဆိုသည်။

ဒေသအသီးသီး၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်အနေဖြင့် စစ်ကူအင်အား ဖြည့်တင်းခြင်းထက် လေကြောင်း ပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်ခြင်းကို အဓိက အားထားနေရသည်။

“စကစ အခုသုံးနေတဲ့ ဗျူဟာက ပျူစောထီးနဲ့ စကစ အနည်းငယ်နဲ့ ဖွဲ့စည်းထားတဲ့ စစ်အုပ်စုက စစ်ကြောင်းတစ်ခုကို ရှေ့က တည်ကြက် အဖြစ်နဲ့လွတ်လိုက်တာ။ အသေခံတွေ သူတို့က ။ အသေခံတွေ ဖြစ်တယ်ဆိုတာ ကွန်မန်ဒိုကို ပြောတာမဟုတ်ဘူး။ သူတို့တွေကို တန်ဖိုးမထားဘဲနဲ့ သူတို့အသက်တွေကို စတေးပစ်ဖို့အတွက် စတေးခြင်းခံရတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီဟာ လွှတ်ပြီးတော့မှ လုံး၀ မနိုင်မနင်းဖြစ်ပြီဆိုမှ အပေါ်ကနေ လေကြောင်းကလာတာ”ဟု ယင်းမာပင်နယ် PDF တာဝန်ရှိသူတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

​ယနေ့ ညနေ ၃နာရီခွဲခန့်အချိန်တွင် စစ်ကြောင်းသည် လူနာအထမ်း လေးခုဖြင့် ပဇင်းချောင်ကျေးရွာသို့ ဝင်ရောက်တပ်စွဲနေကြောင်း YDF- ထီးလင်းက ဆိုသည်။

သတင်း

တမူးမြို့ မင်းသာကျေးရွာမှ ကိုမျိုးနှင့် ကိုနေဆန်းကိုတမူး – အောင်ဇေယျကားလမ်း တစ်နေရာတွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ် သွား​ခြင်းဖြစ်သည်။

သတင်း

ယနေ့(သြဂုတ် ၂၄ ရက်) နံနက် ၄နာရီ ၁၅မိနစ်အချိန်က စစ်ကိုင်းမှ မုံရွာမြို့ဘက်သို့ မောင်းနှင်လာသော စစ်ကောင်စီယာဥ်တန်းအား မြင်းမူမြို့ရှောင်လမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။