Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူ-ကျွန်းလှ-ကောလင်း နယ်များအတွင်း တိုက်ပွဲပြင်းထန်ပါက လေကြောင်းပစ်ကူအချိန်မရွေးလာရောက်ရန် စစ်ကောင်စီ ပြင်ဆင်ထားဟုဆို

စစ်ကောင်စီတပ်သည် အခြားဒေသများ၌ စစ်ဆင်ရေး လုပ်ဆောင်ရာတွင်လည်း အရပ်သားအများအပြားကို ဖမ်းဆီးပြီး စစ်ကြောင်းတွင် ဓားစာခံအဖြစ် ခေါ်ဆောင်သွားလေ့ရှိသည်။

(ကောလင်းဒေသကို စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်စဉ်၊ဓာတ်ပုံ - Infinity Group)
(ကောလင်းဒေသကို စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်စဉ်၊ဓာတ်ပုံ - Infinity Group)

▪️ရွာများကိုမီးရှို့ခံရခြင်းအပြင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၆ဦးထက်မနည်းသေဆုံး၊ ဓားစာခံ ဖမ်းဆီးခံရသူများရှိ

စစ်ကိုင်းတိုင်း ကန့်ဘလူ ၊ ကျွန်းလှနှင့် ကောလင်းမြို့နယ်များကို စစ်ကောင်စီတပ်က စစ်အင်အား များစွာဖြင့် ထိုးစစ်ဆင်လျက်ရှိရာ ပြီးခဲ့သည့် ၆ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု သုံးကြိမ် ပြုလုပ်ကာ ရဟတ်ယာဉ်အသုံးပြု စစ်အင်အား ဖြည့်တင်းမှု လေးကြိမ်ပြုလုပ်ခဲ့သည်ဟု ဒေသတွင်းစစ်ရေးသတင်းများကို ဖော်ပြနေသည့် Infinity Group က အသိပေးထားသည်။

ကန့်ဘလူအထက်ပိုင်းဒေသ စစ်ရေးအခြေအနေ နှင့် သုံးသပ်ချက်တချို့ကို ဩဂုတ် ၂၉ရက် ယနေ့ နေ့လည်ပိုင်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(ကောလင်းဒေသကို စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်စဉ်၊ဓာတ်ပုံ - Infinity Group)
(ကောလင်းဒေသကို စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်စဉ်၊ဓာတ်ပုံ – Infinity Group)

“စစ်ကောင်စီဟာ ၎င်းတို့ရဲ့ မြေပြင်မှတပ်သားတွေကို လေကြောင်းအသုံးပြုပီး တနေရာနဲ့တနေရာကို ခပ်မြန်မြန်စစ်ကူပို့ပေးနေပီး စစ်ဆင်ရေးအရှိန်မြှင့်နေတာကိုလဲ ထပ်မံတွေ့ရှိရပါတယ်။ ဩဂုတ် ၂၃ ရက်နေ့မှာ ကန့်ဘလူ–ကောလင်းအစပ်က အောင်ချမ်းသာရွာအနီး၊ဩဂုတ် ၂၄ ရက်နေ့မှာ ကျွန်းလှမြို့နယ် ဝေလမူရွာအနီး၊ဩဂုတ် ၂၅ ရက်နေ့မှာ ကျွန်းလှမြို့နယ် တယ်ပင်ဆိပ်ရွာ၊ဩဂုတ် ၂၈ ရက်နေ့မှာ ကောလင်းမြို့နယ် ညောင်ပင်လှရွာအနီး စသဖြင့် စစ်ကောင်စီဟာ လေကြောင်းအကူဖြင့် ၎င်းတို့ရဲ့ တပ်သားအပြောင်းအရွှေ့ကို ၆ ရက်တာအတွင်းမှာ ၄ ကြိမ်တိတိအထိ ပြုလုပ်ထားတာ ဖြစ်ပါတယ်”ဟု Infinity Group က ဖော်ပြသည်။

ဩဂုတ်၂၄ ရက်က ကျွန်းလှမြို့နယ် ဝေလမူရွာအနီး ချထားခဲ့သည့် စစ်ကောင်စီတပ်သည် ကျေးရွာများဘက်သို့ သာ စစ်ကြောင်းထိုးနေပြီး ခန့်မှန်းအင်အား ၁၈၀ဝန်းကျင်ဖြင့် မော်တုံရွာတွင် တပ်စွဲထားသည်ဟု ဆိုသည်။

ကန့်ဘလူ–ကောလင်း–ကျွန်းလှအစပ်ကို ထိုးနေတဲ့ စစ်ကြောင်းတစ်ခုသည် နှစ်ဖွဲ့ခွဲကာ တစ်ဖွဲ့သည် ကျွန်းလှ–ကောလင်းအစပ် အိမ်ခြေ၊အင်းလျားရှည်ကျေးရွာများကို ဝင်ရောက်တပ်စွဲနေပြီး ကျန်တစ်ဖွဲ့သည် ကောလင်းနယ် ဥက္ကံရွာအနီးကို ရောက်ရှိနေပြီဟု မြေပြင်ရင်းမြစ်များကို ကိုးကား ဖော်ပြသည်။

“အဆိုပါ ကောလင်း–ကျွန်းလှ အစပ်မှ စစ်ကြောင်းဟာ ကန့်ဘလူ၊ကျွန်းလှ၊ကောလင်း သုံးနယ်စလုံးကို တပြိုင်တည်း စစ်ဆင်ရေးပြုလုပ်နေတာဖြစ်ပြီး အကယ်၍ မြေပြင်တိုက်ပွဲပြင်းထန်လာပါက လေကြောင်းပစ်ကူဟာ အချိန်မရွေးလာနိုင်တဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။ မနေ့ ဩဂုတ် ၂၈ ရက်နေ့ နေ့လည်ပိုင်းမှာ ကောလင်းနယ် ညောင်ပင်လှရွာအနီး လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့တဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စီးဟာ အပြန်မှာ ကောလင်း–ကန့်ဘလူအစပ်မှာရှိတဲ့ ကိုးတောင်ဘို့ဒေသအနီးက ဆင်ဂေါင်းရွာနဲ့လျှော်ဖြူကုန်းရွာတွေ အနီးကို လေကြောင်း ပစ်ခတ်မှု အသေးစားလုပ်ခဲ့သေးတယ်လို့ သိရပါတယ်”ဟု ဖော်ပြထားသည်။

(ကောလင်းဒေသကို စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်စဉ်၊ဓာတ်ပုံ - Infinity Group)
(ကောလင်းဒေသကို စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်စဉ်၊ဓာတ်ပုံ – Infinity Group)

စစ်ကောင်စီတပ်သည် လွန်ခဲ့တဲ့လများက တိုက်ပွဲများ ဖြစ်ခဲ့သည့် စစ်ကိုင်းတိုင်းအလယ်ပိုင်းဒေသများကို စစ်ဆင်ရေးရပ်နားထားပြီး ယခုတဖန် စစ်ကိုင်းတိုင်းအနောက်မြောက်ဒေသတွေဖြစ်သည့် ကန့်ဘလူ၊ကောလင်း၊ကျွန်းလှ နယ်တွေကို အပြင်းအထန် ထိုးစစ်ဆင်လာသည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေဖြင့် အထူးသတိပြုရမည့် အချက်ဖြစ်ကြောင်း အသိပေးထားသည်။

“စစ်ကောင်စီတပ်ဟာ ယခုရက်ပိုင်းမှာ စစ်လက်နက်ရိက္ခာပစ္စည်းတွေကို ကန့်ဘလူ (၆၀၀၆) အမြောက်တပ်ထဲကို မကြာခဏ ပို့ဆောင်လေ့ရှိပီး စစ်ကိုင်းအနောက်မြောက်ပိုင်းဒေသကို ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်လာနိုင်ဖွယ်ရှိတာကြောင့် အရပ်သားပြည်သူတွေအနေနဲ့လဲ ယခင်ကထက် သတိရှိနေဖို့လိုအပ်ပါတယ်”ဟု ပြည်သူလူထုများကို သတိပေးထားသည်။

လက်တလောသိရှိထားချက်အရ ယခုရက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီဝင်ရောက်တပ်စွဲရာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနောက်မြောက်ဖျားက တယ်ပင်ဆိပ်၊အိမ်ခြေ အစရှိသည့် ရွာများ၌ နေအိမ်များ မီးအရှို့ခံရခြင်းအပြင် အရပ်သား သေဆုံးမှုတွေဟာ ၆ဦးထက်မနည်းရှိနေကာ အကြမ်းဖက်စစ်ကောင်စီမှ ဓါးစားခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ အရေအတွက်လည်း များနိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် အခြားဒေသများ၌ စစ်ဆင်ရေး လုပ်ဆောင်ရာတွင်လည်း အရပ်သားအများအပြားကို ဖမ်းဆီးပြီး စစ်ကြောင်းတွင် ဓားစာခံအဖြစ် ခေါ်ဆောင်သွားလေ့ရှိသည်။

“ဒါကြောင့် ကန့်ဘလူအထက်ပိုင်းဒေသတွေဖြစ်တဲ့ ကျွန်းလှ၊ကောလင်း၊ကန့်ဘလူမြောက်ခြမ်းမှ ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းကြားပါက သတိနဲ့နိုးနိုးကြားကြားနေထိုင်ရမှာဖြစ်သလို တောထဲတွင် ရှောင်တိမ်းနေမယ်ဆိုပါကလဲ လူအများကြီး စုပြုံနေတာမျိုးထက် ခွဲပြီးနေထိုင်တာက ပိုသင့်တော်မယ်လို့ မြင်မိပါတယ်”ဟု Infinity Group က အကြံပေးသည်။

စားနပ် ရိက္ခာများကို စနစ်တကျ သိုဝှက်ထားရန် အရေးကြီးပြီး ပြည်သူများ အနေဖြင့် ယင်းအချက်ကို မပေါ့ဆဘဲ လုပ်ဆောင်သင့်ကြောင်း၊ ကန့်ဘလူအထက်ပိုင်းဒေသအား အကြမ်းဖက်စစ်ကောင်စီမှ ဆက်သွယ်ရေးလိုင်းများ ပိုမိုဖြတ်တောက်ခြင်း၊ နေအိမ်တွေကို မီးရှို့ခြင်း၊ အရပ်သားပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုပေါင်းစုံကို ပိုမိုကျူးလွန်လာနိုင်ဖွယ်ရှိ၍ ပြည်သူများ ဘေးရန် ကင်းအောင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ ဖော်ပြချက်အရ အဆိုပါ မြို့နယ်သုံးခုရှိ ကျေးရွာပေါင်း ၃၄ရွာမှ ဒေသခံ ပြည်သူ သုံးသောင်းကျော်မှာ စစ်ကောင်စီတပ်၏ ထိုးစစ်ဆင် အကြမ်းဖက်မှုကြောင့် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟုဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ထုတ်ပြန်သည်။

သတင်း

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း - ၁၆ နှင့် ကရင်နီတပ်တပ်မတော်(KA) က သြဂုတ် ၂၇ရက် နံနက်တွင် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် ညပိုင်းတွင် စဘေကန်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲညအိပ်ခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံထားရကြောင်း၊ ဒေသခံပြည်သူထောင်နှင့် ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်တပ်သည် ဩဂုတ် ၂၆ရက်တွင် တည်ပင်ဆိပ်ရွာကိုပါ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆုံးရှုံးမှုအခြေအနေမသိရသေးကြောင်း ဒေသခံများက ပြောသည်။