တရားခံက ဆိုင်ကယ်၊ ဖုန်းနှင့် ငွေကြေးများ ယူဆောင်သွားဟုဆို
ပုသိမ်မြို့တွင် ခရစ်ယာန်ဘာသာသင်းအုပ်ဆရာတစ်ဦး နေအိမ်၌ အသတ်ခံရပြီး လူသတ်တရားခံက ဆိုင်ကယ်၊ဖုန်းနှင့် ငွေကြေးများ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။
ပုသိမ်မြို့၊ အမှတ်(၁၃) ရပ်ကွက်တွင် နေထိုင် သော ပိုးကရင် နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာ ဦးကျော်စိုးလတ်သည် စက်တင် ဘာ ၂ရက်ညက နေအိမ်တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်။
“ဆရာဦးကျော်စိုးလတ်က လူကောင်းတစ်ယောက်ပါ။ ရက်ရက်စက်စက်အသတ်ခံရတာ။ တရားဥပဒေမဲ့နေတဲ့ နောက်ဆက်တွဲ ပြဿနာကိုကြုံတာလို့ပဲ ပြောရမယ်။ အခြေအနေတွေက ဆိုးနေပါပြီ”ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောသည်။
ဦးကျော်စိုးလတ်သည် အသက်(၅၀)အရွယ်ရှိပြီဖြစ်ပြီး ၎င်းနေအိမ်တွင် မိခင်နှင့်အတူ နေထိုင်သူဖြစ်သည်။ အိမ်တွင် ခေါ်ယူခိုင်းစေလေ့ရှိသည့် အလုပ်သမားတစ်ဦး လက်ရှိတွင် တိမ်းရှောင်ထွက်ပြေးနေ၍ ယင်းအလုပ်သမားကို သံသယလူ အဖြစ် ဒေသခံများက ယူဆနေသည်။ ဦးကျော်စိုးလတ်၏ ဦးခေါင်းကို တူရွင်းဖြင့်ရိုက်ထားသည့်ဒဏ်ရာများ၊ ဓားဖြင့်ထိုးထားသည့်ဒဏ်ရာများအပြင် လည်ပင်းကို ပလပ်စတစ်ကြိုးဖြင့် ပတ်ထားသည့် အနေအထားဖြင့် သေဆုံးနေခြင်းဟု ဒေသခံများ ပြောသည်။
လူသတ်တရားခံက ဦးကျော်စိုးလတ်ပိုင် ဆိုင်ကယ်၊ဖုန်းနှင့် ငွေကြေးများယူဆောင်ထွက်ပြေးသွားသည်ဟုလည်း အိမ်နီးချင်တစ်ဦးက ပြောသည်။
ပုသိမ်မြို့တွင် သြဂုတ် ၄ရက်ကလည်း တရားလွှတ်တော်ရှေ့နေတစ်ဦး ရိုက်နှက်သတ်ဖြတ်ခံရပြီး လူသတ်တရားခံက ဖုန်းနှင့်ငွေကြေးများ ယူဆောင်သွားခဲ့သည်။