ဒေသခံ စက်သုံးဆီလုပ်ငန်းရှင်အချို့၏ ကျပ်သိန်း၆၀၀ ကျော်ပါသွား
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့တွင် ဒေသခံစက်သုံးဆီလုပ်ငန်းရှင်အချို့ပိုင်ဆိုင်သော ကျပ်သိန်း၆၀၀ ကျော်ကို လူတစ်စုအား စခန်းမှုးကိုယ်တိုင်က ဓားပြတိိုက်ခိုင်းပြီး အမှုအားလမ်းကြောင်းလွှဲရန် အမှုပြန်ဖွင့်ပေးထားသည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများကပြောသည်။
ဇီးကုန်းမြို့တွင် စက်တင်ဘာ ၂၅ ရက် ညနေက ကျပ်သိန်း ၆၀၀ ကျော်တင်ဆောင်လာသော ဆီသယ်ယာဥ်အား လက်နက်ကိုင်ဆောင်ထားသော လူတစ်စုက ဓားပြတိုက်သွားသည့် ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။ အဆိုပါ ဓားပြမှုကိုကျူးလွန်ရန် စစ်ကောင်စီ ထောက်တိုင်အကြီးစားဖြစ်သော ဇီးကုန်းမြို့ရဲစခန်းမှူးက လူတစ်စုအား ခိုင်းစေခဲ့ခြင်းဟု ပြည်သူကာကွယ်ရေး ရဲဘော်များက ဆိုသည်။
“ဒီဓားပြတိုက်တဲ့ဖြစ်စဥ်ကို ကျွန်တော်တို့သေချာလေ့လာခဲ့တယ်။ ဇီးကုန်းဆိုတာ ပျုတွေ ကြိုးစိုးထားတဲ့နေရာ။ တော်ရုံဝင်လို့ရတဲ့ နေရာမဟုတ် ဘူး။ ထပ်သိရတာကတော့ ဇီးကုန်းစခန်းမှူးကိုယ် တိုင် ဓားပြမှုမှာပါနေတဲ့ အထောက်အထားတွေရှိထားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ် ဦးက ပြောသည်။
အဆိုပါ ဓားပြမှုနှင့်ပတ်သက်ပြီး နောက်ဆက်တွဲ စုံစမ်းသိရှိချက်အရ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဇီးကုန်းမြို့ရဲစခန်းမှ စခန်းမှူးကိုယ်တိုင် အကွက်ချစီစဥ်ကာ ဓားပြတိုက်ခိုင်းခဲ့ခြင်းဖြစ်ကာ ပိုင်ရှင်များ ကျေနပ်အောင်လည်း အမှုပြန်ဖွင့်ပေးထားကြောင်းသိရသည်ဟု ဒေသတွင်း တော်လှန်ရေးသတင်းများကို ထုတ်ပြန်ပေးနေသည့် Infinity Groupက ထုတ်ပြန်ထားသည်။
ဓားပြတိုက်မှုကို လူလေးဦးက ပစ္စတို ၁လက်နှင့် မောင်းပြန်သေနတ်အရှည် ၃လက်ကို အသုံးပြုကျူးလွန်ခဲ့ပြီး ကားပေါ်ပါလာသည့် ငွေအားလုံးကို ယူဆောင်သွားကြောင်း ဒေသခံအချို့ကို ကိုးကားကာ Infinity Groupက ထုတ်ပြန်ထားသည်။
ကျပ် သိန်း ၆၀၀ ကျော်မှာ ကန့်ဘလူမြို့ သိန်းကမ္ဘာဆီဆိုင်မှ ကျပ် သိန်း ၂၀၀ ကျော် နှင့် ထန်းကုန်းစံပြရွာ မိုးမြင့်အောင်ဆီဆိုင်မှ ကျပ် သိန်း ၄၀၀ ကျော်တို့ ဖြစ်ကြောင်း ရှင်းပြထားသည်။ ထို့ကြောင့် သိန်းကမ္ဘာဆီဆိုင်နှင့် မိုးမြင့်အောင်ဆီဆိုင်ကို မေးမြန်းရန်ဆက်သွယ်ရာ မရသေးပေ။
ဇီးကုန်းမြို့သည် ပျူစောထီးကြီးစိုးသည့် နေရာဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လတွင် ဇီးကုန်းမြို့မှ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ရှင်းလင်းခဲ့သည်။