Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာရှင်စနစ်ကျဆုံးစေမည့် ဆွေးနွေးမှုကိုသာလိုလားကြောင်း KNUက RCSS ဖိတ်ခေါ်ချက်အပေါ် တုန့်ပြန်

စစ်အာဏာရှင်များနှင့် သွားပြီးဆွေးနွေးမည့် အလုပ်မျိုးသည် မည်သို့မှ အလုပ်မဖြစ်ဆိုသည်ကို KNU အနေဖြင့် ရှင်းလင်းပြတ်သားစွာ ပြောထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

စစ်အာဏာရှင်စနစ်ကျဆုံးစေမည့် ဆွေးနွေးမှုကိုသာလိုလားကြောင်း KNUက RCSS ဖိတ်ခေါ်ချက်အပေါ် တုန့်ပြန်
စစ်အာဏာရှင်စနစ်ကျဆုံးစေမည့် ဆွေးနွေးမှုကိုသာလိုလားကြောင်း KNUက RCSS ဖိတ်ခေါ်ချက်အပေါ် တုန့်ပြန်

တော်လှန်ရေးအဖွဲ့အစည်းအဖြစ် သမိုင်းမှတ်ကြောက်တင်လိုပါက လက်ရှိကာလ၌ ပြည်သူ့ဘက် ရပ်တည်ရန်လို၊ စစ်အာဏာရှင်နှင့် သွားပေါင်းနေသမျှ အလုပ်လုပ်ရန်ခက်ဟု ပြော

ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးစေမည့် ဆွေးနွေးမှုမျိုးကိုသာလိုလားကြောင်း KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရှမ်းလက်နက်ကိုင်အဖွဲ့ RCSSက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်လိုက်သည်။

လက်ရှိ စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး People’s Spring သတင်းဌာနက ပဒိုစောတောနီးအား ဆက်သွယ်မေးမြန်းစဉ် RCSSက အချိန်လေးလသတ်မှတ်ပြီး တိုင်းရင်းသား လက်နက်ကိုင်များနှင့် ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်အပေါ် KNU၏ သဘောထားကို မေးမြန်းခဲ့သည်။

“အဲဒါက သူ့ထုတ်ပြန်ကြေညာချက် ကျွန်တော်တို့ မြင်တွေ့ရပါတယ်။ အထူးသဖြင့် ကိုယ့်အထဲမှာရှိတဲ့ အဖွဲ့အစည်း ဘယ်ပြည်နယ်မှာပဲကြည့်ကြည့် ဘယ်တိုင်းဒေသမှာပဲ ကြည့်ကြည့် အဖွဲ့အစည်းက တစ်ဖွဲ့တည်းမကပါဘူး။ ကိုယ့်အချင်းချင်းက စစ်အာဏာရှင် တိုက်ဖျက်ရေး အတွက်ညီညွတ်မှု တည်ဆောက်စရာရှိတယ်ဆိုရင် တည်ဆောက်ကြပေါ့။ ကျွန်တော်တို့က တခြားလူတွေကိုတော့ မပြောလိုပါဘူး ကိုယ့်အထဲမှာလည်း ဆွေးနွေးရမှာပဲ ကိုယ့်ကရင်တွေ ကြားမှာလည်း အဖွဲ့တွေရှိတာပဲ။ ဒီလိုကွဲပြားနေတဲ့ အဖွဲ့တွေ ကျွန်တော်တို့ ဆက်ပြီးတော့ ဆွေးနွေးရမှာပဲ။ ဒါပေမဲ့ အဓိက အချက်ကဒီအဖွဲ့တွေက စစ်အာဏာရှင်တွေနဲ့ သွားမပေါင်းဖို့တော့ အရေးကြီးတယ်။ စစ်အာဏာရှင်တွေနဲ့ သွားပေါင်းနေသမျှ ကျွန်တော်တို့ကဆက်ပြီး အလုပ်လုပ်ဖို့ အရမ်းခက်တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

စစ်အာဏာရှင်များနှင့် သွားပြီးဆွေးနွေးမည့် အလုပ်မျိုးသည် မည်သို့မှ အလုပ်မဖြစ်ဆိုသည်ကို KNU အနေဖြင့် ရှင်းလင်းပြတ်သားစွာ ပြောထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒီနေ့ဒီအချိန်ကာလမှာ ကျွန်တော်တို့နဲ့ ဆွေးနွေးမယ်ဆိုရင် စစ်အာဏာရှင်စနစ်ကို ကျဆုံးစေမယ့် ဆွေးနွေးမှုကိုပဲ ကျွန်တော်တို့လိုချင်တယ်။ ဒါကကျွန်တော်တို့ မူဝါဒ ထုတ်ပြောတာလည်း ရှင်းပြီးသားပါ။ အဓိက အချက်က ကျွန်တော်တို့ ပြောပြီးသား ဆွေးနွေးတာကဆွေးနွေးခဲ့ပြီးပြီ။ အဲဒါကြောင့်မို့လို့ တစ်အချက်က စစ်တပ် နိုင်ငံရေးက စွန့်ခွာရမယ်။ အသွင်ကူးပြောင်းရေး မှာ တရားမျှတမှု တာဝန်ခံမှု တာဝန်ယူမှု လုံး၀ လက်ခံရမယ်။ နောက်ပြီးတော့ ပြည်ထောင်စုအသစ်မှာ လိုအပ်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်နဲ့ တခါတည်း လုံခြုံရေးစနစ်တွေကိုတစ်ခါတည်းအကောင်အထည် ဖော်မယ်။ တွေ့ဆုံဆွေးနွေးရေး ပွဲတိုင်မှာနိုင်ငံတကာ ပါဝင်ပတ်သက်မှုက လိုကိုလိုအပ်တယ်ဆိုတာ သူတို့ လက်ခံနိုင်မှသာလျင် ကျွန်တော်တို့ ရှေ့သွားလို့ရမယ်။ မဟုတ်ရင် ဘာပဲလုပ်ရမလဲဆိုတော့ ရှေ့ဆက်သွားပြီး နောက်ဆုံးကတော့ လမ်းဆုံးခရီး ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး အတွက် ဆက်ပြီး တွန်းသွားဖို့ပဲရှိပါတော့တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

လက်ရှိတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းရန် ဟု အကြောင်းပြကာ အာဏာသိမ်းစစ်ကောင်စီ နှင့် ဆွေးနွေးလျက်ရှိသည်။

“ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေက နိုင်ငံရေးအလုပ်လုပ်နေတဲ့သူတွေပဲလေ။ အဲဒါကြောင့်မို့လို့ နိုင်ငံရေးရဲ့အသွားအလာကို သိသင့်တာပေါ့။ ဒီလောက်ထိမှ နိုင်ငံရေးအသွားအလာက အဖြူလား အမဲလား မသိဘူးဆိုရင်တော့ ကျွန်တော်တို့က သိပ်ပြီးတော့ ရှင်းပြစရာမလိုဘူးလေ။ အဲဒါကြောင့် ကိုယ့်ရဲ့အဆင့်ကို ဖော်ပြတာပဲလို့နားလည်တယ်။ ဒီအချိန် ဒီကာလမှာ ဖြစ်သင့်တာက လူထုနဲ့ ရပ်တည်ပြီးတော့ အမှန်တရားကို ရဲရဲ ရပ်တည်ပြီး စစ်အာဏာရှင်တွေ ဖြုတ်ချဖို့ပဲ စဉ်းစားဖို့ ကောင်းတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

အဘယ်ကြောင့်ဆိုသော် စစ်အာဏာရှင်စနစ်ကြောင့်သာလျင်၊ စစ်ကောင်စီတပ်ကြောင့်သာလျင် တိုင်းပြည်က လက်ရှိ အခြေအနေမျိုး ကြုံနေရသည်ကို ရှင်းရှင်းလင်းလင်း မြင်ရမည်ဟု ၎င်းကဆိုသည်။

“ဒီစစ်တပ်ကြောင့် သာလျင် တိုင်းပြည်က ဒီလိုအခြေအနေ ဖြစ်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်ပြီးတဲ့အခါ ဒီစစ်တပ်ကို သွားပြီး ဆေးဖော်ကြောဖက်လုပ်နေဖို့အကြောင်းမရှိဘူး။ အဲဒါကြောင့် မို့လို့ ကျွန်တော်ပြောချင်တာက ဒီနေ့ဒီကာလမှာ တော်လှန်ရေးသမား အဖွဲ့အစည်း တစ်ရပ်အနေနဲ့ သမိုင်းမှာ မှတ်ကြောက် တင်ချင်တယ် ဆိုရင်တော့ ဒါကတော့ ဒီနေ့ ဒီကာလမှာ ရဲရဲ ဆုံးဖြတ်ဖို့လိုပြီလို့ ပြောချင်တယ်”ဟု ပဒိုစောတောနီးက ပြောသည်။

စစ်ကောင်စီအနေဖြင့် လက်ရှိတွင် ပြည်သူလူထုများကို သတ်ဖြတ်ခြင်း၊ ပြည်သူလူထု နေအိမ်သောင်းနှင့်ချီ၍ မီးရှို့ဖျက်ဆီးခဲ့ပြီး ဆက်လက်မီးရှို့နေခြင်း၊ စစ်ဘေးရှောင်များအပါအဝင် ပြည်သူလူထု နေထိုင်ရာနေရာများကို လက်နက်ကြီး၊ လေကြောင်းတို့ ဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေ၍ ကလေးငယ် ၊အမျိုးသမီး၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူလူထု သေဆုံးမှုများ မြင့်တက်လာနေသည်။ ထို့ပြင် ကလေးငယ်များရှိရာ စာသင်ကြောင်းကိုပင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့၍ ကလေးငယ်များ သေဆုံးထိခိုက်ဖြစ်ခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့က ယနေ့ နေ့လည်တစ်နာရီခွဲအချိန်ကစပြီး ကျေးရွာကို မီးစရှို့ကာ ဘုန်းကြီးတစ်ပါးအပါအဝင် ကျေးရွာသားတချို့ကို ဖမ်းဆီးခဲ့သည်ဟု ကျိုက်ထိုနယ်မြေသတင်းများကိုဖော်ပြနေသည့် Kyaikhto Information Team က ရေသားထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်လိုက်ခြင်းအပါအဝင်လက်ရှိ စစ်ရေး ၊ နိုင်ငံရေး ၊စစ်​ဘေး​ရှောင်အ​ရေးစသည်တို့နဲ့ပတ်သက်ပြီး KNU အဖွဲ့၏ သဘောထားအမြင်များကို အဖွဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးအား People's Spring ကမေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးအဖြတ်တိုက်ပွဲကာလကို တစ်နှစ်သတ်မှတ်လိုက်ခြင်းအပါအဝင်လက်ရှိ စစ်ရေး ၊ နိုင်ငံရေး ၊စစ်​ဘေး​ရှောင်အ​ရေးစသည်တို့နဲ့ပတ်သက်ပြီး KNU အဖွဲ့၏ သဘောထားအမြင်များကို အဖွဲ့ပြောရေးဆိုခွင့်ရှိသူပဒိုစောတောနီးအား People's Spring ကမေးမြန်းထားတာကိုဖော်ပြလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ကောင်စီကို နိုင်ငံရေးထွက်ပေါက်မရှိအောင်လုပ်ရန် အောက်တိုဘာ ၁၁ ရက်က ကျင်းပခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။