Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော့ကရိတ်မြို့တိုက်ခိုက်မှု KNUဦးဆောင် သည့် ပူးပေါင်းတပ်မှ ကျဆုံးမှုမရှိ

ယခင်က ကော့ကရိတ်မြို့အနီး ကမိုင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြန်ရုပ်သွားသကဲ့သို့ မြို့နယ်အတွင်းထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းများ ပြန်ရုပ်သွားသည်ဟု ဆိုသည်။

ကော့ကရိတ်မြို့နယ်ထဲက ဘုန်ကြီးကျောင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ
ကော့ကရိတ်မြို့နယ်ထဲက ဘုန်ကြီးကျောင်း လက်နက်ကြီးကျရောက်ပေါက်ကွဲ

▪️စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရန် အခက်ကြုံ

▪️ယနေ့ညပိုင်း ကော့ကရိတ်မြို့နယ်၌တိုက်ပွဲဆက်ဖြစ်နေ၊ လေကြောင်းအန္တရာယ်ရှိလာနိုင်၍ ဒေသခံများထိတ်လန့်

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်ဖွဲ့က ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်၊ ရဲစခန်းနှင့် ထွေအုပ်ရုံးအပါအဝင် စုပေါင်းရုံးနေရာများကို ယနေ့ အောက်တိုဘာ ၂၁ရက်နံနက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးမှုမရှိဟု KNU သတင်းရင်းမြစ်က ပြောကြားသည်။

“မြို့တွင်းဝင်တိုက်တဲ့သဘော။ ဝင်စစ်ဆင်တဲ့သဘောပေါ့။ မြို့ထဲမှာရှိတဲ့ စစ်တပ်ရဲ့အုပ်ချုပ်ရေးရုံးတို့ ထောင်တို့၊ရဲစခန်းတို့ ဝင်တိုက်တာပေါ့။စကစ အုပ်ချုပ်ရေးယန္တရားကို တိုက်ဖျက်တာပေါ့” ဟု ၎င်းက ပြောသည်။

ကော့ကရိတ်တိုက်ပွဲကို ကျားဖြူစစ်ကြောင်း +Eagle brigade+Lion Battalion ဗျူဟာစစ်ကြောင်း+Black panther Colum၊ KNLA တပ်ရင်း (၁၈)+Federal wings စသည့် ပူးပေါင်းတပ်က နံနက် ၈နာရီခန့်မှစ၍ ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်တုန့်ပြန်ခဲ့သည်ဟု ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ယနေ့ တိုက်ပွဲအတွင်း ရန်သူ့ဘက်က ၂၀ဦးရှိခဲ့ပြီး သေဆုံးမှုအရေအတွက် ထပ်တိုးလာနိုင်ကြောင်း၊ လက်ရှိတွင် ကော့ကရိတ်ဝန်းကျင် နယ်မြေအားလုံးကို တော်လှန်ရေးတပ်များက စိုးမိုးထားနိုင် ကြောင်း ဖော်ပြထားသည်။

KNU သတင်းရင်းမြစ်က စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု ရှိသော်လည်း အရေအတွက် အတိအကျ အတည်မပြုနိုင်ဟု ပြောကြားသည်။

စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများဖြင့် တုန့်ပြန်တိုက်ခိုက်ခဲ့၍ မြို့ခံလူထု အချို့သေဆုံးထိခိုက်ခဲ့သည်ဟု ဆိုသည်။

“ဒီည လေယာဉ်ကြဲနိုင်မယ့် အနေအထားကိုလည်း ခန့်မှန်းထားတယ်။ အဲဒါ နေရာအသင့်ယူထားတဲ့ ပုံစံတော့ရှိတယ် အားလုံးကတော့။ ဒေသခံလူထု မြို့ခံလူထု တွေကတော့ လေယာဉ် ကြဲလာနိုင်တဲ့အပေါ် ထိတ်လန့်နေတာပေါ့”ဟု တော်လှန် ရေးတပ်များနှင့်နီးစပ်သည့် ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ ကော့ကရိတ်မြို့ တိုက်ပွဲ၌ ပူးပေါင်းတပ်ဘက်က ထိခိုက်မှုမရှိဟု သိရကြောင်း ၎င်းက ဆိုသည်။

“ဝင်စီးလိုက်တယ်။ လေကြောင်း ပြန်လာတဲ့အခါ လွတ်အောင် ရုန်းထွက်ရတာပေါ့။ ထိခိုက်မှုတော့ မရှိဘူး။ ဝင်စီးလိုက်တယ်ဆိုတာက အုပ်ချုပ်ရေးကို ပျက်ပြားအောင်လုပ်လိုက်တဲ့သဘောလည်းရှိတယ်။ နောက်ပြီး မြို့ပြင်မှာ ရှိတဲ့ တပ်စခန်းတွေ ပြန်ရုပ်ပါလို့ ပြောနေတုန်းက သူတို့ မရုပ်ဘူးလေ။ မရုပ်တော့ မြို့ကို ဝင်စီးလိုက်တဲ့သဘောမှာ အခု ကမိုင်ကုန်းကနေ ပြန်ရုပ်သွားပြီးမြို့မှာပဲ ပြန်နေရာယူကြတယ်။ ပူးပေါင်း တပ်ဖွဲ့တွေ မြို့ကို ဝင်တိုက်မှုကြောင့် မြို့ပြင်မှာရှိတဲ့ စခန်းတွေ ထိုးစစ်တွေ ပြန်ရုပ်သိမ်းပြီး မြို့တွင်း လုံခြုံရေး ပြန်ယူထားတာပေါ့”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ယခင်က ကော့ကရိတ်မြို့အနီး ကမိုင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ပြန်ရုပ်သွားသကဲ့သို့ မြို့နယ်အတွင်းထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းများ ပြန်ရုပ်သွားသည်ဟု ဆိုသည်။

“ထိုးစစ်က အာရှလမ်းကို KNUက ပိတ်ထားတဲ့ အနေအထားတစ်ခုက စကစဘက်က ထိုးစစ်တွေလုပ်နေတာ။ ဒါပေမဲ့ သူတို့လည်း ပေါက်အောင် တိုးမနိုင်ဘူး။ မတိုးနိုင်တဲ့ကြားက မြို့ကို ဝင်စီးလိုက်တော့ မြို့ပြင်က တပ်တွေကို မြို့တွင်းကို ပြန်သွင်းလိုက်တဲ့ သဘောပဲရှိတာကိုး။ဒီနေ့ အနေအထားတစ်ခုတော့ အုပ်ချုပ်ရေးယန္တရားမပျက် သည့်တိုင်အောင် သတိပေးလိုက်တဲ့ အနေအထားတစ်ခုတော့ရှိတာပေါ့” ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်ဘက်က ရဲအချို့သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းအချို့ရရှိသည်ဟု ကြားရကြောင်း ၎င်း ကဆိုသည်။

ယနေ့ညပိုင်း၌လည်း ကော့ကရိတ်မြို့နယ် တောင်ကြားအင်းဒေသ၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံက ပြောသည်။

“တောင်ကြားအင်းမှာ ဝင်ပစ်ကြတယ်။ တိုက်ပွဲဖြစ်ကြတယ်။ စကစဘက်က လှမ်းထုတာ ရွာသား ၂ဦးထိတယ်။ အခု ကုသနေတယ်။”ဟု ကော့ကရိတ်ဒေသခံက ပြောသည်

ထို့ကြောင့် ကော့ကရိတ်မြို့တွင်း တိုက့်ပွဲနှင့် မြို့နယ်အတွင်း ညပိုင်းတိုက်ပွဲများ၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးထိခိုက်များပြားခဲ့ပြီး အရေအတွက် အတည်မပြနိုင်သေးပေ။

တိုက်ပွဲဖြစ်ပွားမှုနှင့် လေကြောင်းအန္တရာယ်တို့ကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာများမှ ဒေသခံများ တိမ်းရှောင်နေကြရသည်ဟုဆိုသည်။

“ဒီည မြို့အနီးအနားက ရွာတွေတော့ ထွက်ရှောင်နေကြပြီး ။ တချို့က အိမ်မနေကြဘူး။ အပြင်ထွက်အိပ်တာတို့ အခြားရွာတွေကို သွားအိပ်တာတို့ ရှိတယ်”ဟု ကော့ကရိတ်ဒေသခံက ပြော သည်။

ကော့ကရိတ်မြို့တိုက်ပွဲမှ ပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာသွားခြင်းမဟုတ်ဘဲ မြို့တွင်း၌ ဆက်လက်ရှိနေပါက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူလူထုများ ထိခိုက်မှု ပိုများလာနိုင်၍ ပူးပေါင်းတပ်များ နေရာရွှေ့ထားခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုများ ဆက်လုပ်မည်ဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

“အခုတောင်မထိုင်ဘဲနဲ့ သူတို့ လျှောက်ပစ်တာပဲ။ ဘာမှ မဆိုင်ဘဲ တိုက်ပွဲမဖြစ်တဲ့နေရာကို လျှောက်ပစ်တာ။ ဆက်တိုက်မယ်”ဟု ၎င်းက ပြောသည်။

You May Also Like

သတင်း

ကော့ကရိတ်ဒေသခံတစ်ဦးကလည်း “မနေ့က သူတို့ ရုပ်သွားတဲ့အခါ ရွာလူကြီးတွေ ရှင်းပြတာက မသွားနဲ့အုံးပေါ့နော်။ အန္တရာယ်ရှိမှာစိုးလို့ပေါ့။ သူတို့(စစ်ကောင်စီ)ကလည်း KNU ဝင်ပြီးရှင်းမယ်ထင်ပြီးသူတို့အလုံးကြီး (လက်နက်ကြီး)တွေပစ်ချတယ်သုံးလုံး။ KNU ကတော့သွားပြီးတော့ ရှင်းလိုက်တာပဲ”ဟု ပြောသည်။

သတင်း

သေဆုံးသွားတဲ့ကလေးငယ် ၂ ဦးဟာ အသက် ၆ နှစ်အရွယ် ဂျဲမ်းရှမ်းဇာအုပ်နဲ့အသက် ၇ နှစ်အရွယ် ဟင်နရီ ဘွေဇလျန်းတို့ဖြစ်တယ်လို့သိရပါတယ်။

သတင်း

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှုရှိသည်ဟု ကြားသိရသော်လည်း လူသေဆုံးဒဏ်ရာရမှု အခြေအနေကို မသိရသေးဟု ဆိုသည်။

သတင်း

ယနေ့ ကော့ကရိတ်တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။