Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာစစ်တပ်တာဝန်ရှိသူတိုင်းကို ပိုင်နက်နယ်မြေရောက်လာပါက တရားစွဲဆိုရေး တွန်းအားပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPUတောင်းဆို

ထို့အပြင် IPU က ဖမ်းဆီးထိန်းသိမ်းထားသည့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုသည်။

မြန်မာစစ်တပ်တာဝန်ရှိသူတိုင်းကို ပိုင်နက်နယ်မြေရောက်လာပါက တရားစွဲဆိုရေး တွန်းအားပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPUတောင်းဆို
မြန်မာစစ်တပ်တာဝန်ရှိသူတိုင်းကို ပိုင်နက်နယ်မြေရောက်လာပါက တရားစွဲဆိုရေး တွန်းအားပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPUတောင်းဆို

▪️IPUကို အဖွဲ့ဝင် ၁၇၈နိုင်ငံဖြင့် ဖွဲ့စည်းထား

မြန်မာစစ်တပ်မှ တာဝန်ရှိသူများ မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲပေးရေး သက်ဆိုင်ရာ အစိုးရများသို့ တိုက်တွန်းပေးရန် အဖွဲ့ဝင်လွှတ်တော်များကို IPU အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆိုလိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ယနေ့ ထုတ်ပြန်သည်။

နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ခြင်းကို ကျင့်သုံးရန်မှာ နိုင်ငံတိုင်း၏တာဝန်ဖြစ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းထားသော ရောမဖွဲ့စည်းပုံစည်းမျဉ်း (Rome Statue)အရ နိုင်ငံတကာပါလီမန်အဖွဲ့ (IPU) က တောင်းဆိုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Rome Statue နှင့်ကိုက်ညီမှုရှိသည့် အပြည်ပြည်ဆိုင်ရာ တရားစီရင်မှုစည်းမျဥ်းကို လိုက်နာခြင်းအားဖြင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် မြန်မာစစ်တပ်မှ တာဝန်ရှိသူ မည်သူကိုမဆို မိမိတို့ နယ်မြေပိုင်နက်သို့ လာရောက်ပါက တရားစွဲဆိုခြင်းဖြင့် မိမိတို့၏ တရားစီရင်ပိုင်ခွင့်ကို ကျင့်သုံးရန် အဖွဲ့ဝင်လွှတ်တော်များက သက်ဆိုင်ရာအာဏာပိုင်များအား လေးလေးနက်နက် တိုက်တွန်းပေးရန် အောက်တိုဘာလ ၁၅ ရက်တွင် ရဝမ်ဒါ၌ ကျင်းပခဲ့သည့် (၂၁၀) ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့၏ အမှုဆောင်ကောင်စီအစည်းအဝေးက တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ IPU တွင် အဖွဲ့ဝင်အဖြစ် နိုင်ငံပေါင်း ၁၇၈ နိုင်ငံပါဝင်သည်။

ယင်းအစည်းအဝေးက လွှတ်တော်ကိုယ်စားလှယ်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာပါ မြန်မာလွှတ်တော်ကိုယ်စားလှယ်များအပေါ် အကြမ်းဖက်စစ်တပ်က ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်အား အတည်ပြုခဲ့ရာတွင် တောင်းဆိုချက် (၉) ချက်အား ထည့်သွင်း တောင်းဆိုထားသည်ဟု CRPH က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းချိန်မှစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကြောင်းပြချက်မဲ့ ဖမ်းဆီးထိန်းသိမ်းခံရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၃၇) ဦး ရှိပြီဖြစ်ကာ(၃၀) ဦးသည် ထိန်းသိမ်းခံ ထားရဆဲဖြစ်ကြောင်း အစီရင်ခံစာ၌ ဖော်ပြသည်။

ထို့အပြင် IPU က ဖမ်းဆီးထိန်းသိမ်းထားသည့် ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံးကို ပြန်လွှတ်ပေးရန်လည်း တောင်းဆိုသည်။

ဆက်လက်၍ CRPH အဖွဲ့ဝင်များ အပါအဝင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲမှ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များနှင့် တစ်ညီတစ်ညွတ်တည်း ရပ်တည်ကြောင်း ပြသရန်၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစည်းမျဉ်းစည်းကမ်းများနှင့် လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှုရှိစေရေး ဖိအားပေးရန် IPU အဖွဲ့ဝင်လွှတ်တော်များ၊ အမြဲတမ်းလေ့လာသူများ၊ အထူးသဖြင့် အာဆီယံပါလီမန်များညီလာခံ(AIPA)များကို တောင်းဆိုထားသည်။

CRPH သည် အကြမ်းဖက်စစ်တပ်က ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်စပ်လျဉ်း၍ စစ်တပ်မှ တာဝန်ခံမှုရှိစေရေးနှင့် စစ်တပ်အား အရေးယူဆောင်ရွက်နိုင်ရေးတို့အတွက် ကမ္ဘာ့နိုင်ငံများ၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်အဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လက်တွဲပူးပေါင်းလုပ်ဆောင်နေကြောင်း ထုတ်ပြန်သည်။

Facebook

You May Also Like

သတင်း

မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေး၊ နျူကလီးယား လက်နက်ကင်းစင်သော ကမ္ဘာကြီးဖြစ်ပေါ်လာစေရေးအတွက် အပြည့်အဝဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆက်ပြောသည်။

သတင်း

လူမဆန်သည့် စစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပါအဝင် နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးတို့ကိုလည်း အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း ဆက်ပြောသည်။

သတင်း

ပညာသင်ကြားနေကြသည့် ကလေးငယ်များအား ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည့် မြန်မာစစ်တပ်သည် လူမဆန်၊ ကြမ်းကြုတ်သည့် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သောကြောင့် ယခုလို အွန်လိုင်းဓာတ်ပုံကမ်းပိန်းပြုလုပ်ရခြင်းဖြစ်ကြောင်း ကမ်းပိန်းတွင်ပါဝင်သည့် ကိုရီးယားပြည်သူတစ်ဦးက ပြောသည်။

သတင်း

ဒါ့အပြင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်ထားရေး၊ မြန်မာကိုကူညီသောအားဖြင့် ဝိုင်းကလစ်ပေးဖို့ လက်ကမ်းစာစောင်ဝေခြင်းနဲ့ အလှူခံခြင်းတို့လည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။