Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရုရှားကို စုပေါင်း အရေးယူသလိုမျိုး စစ်ကောင်စီကိုလည်း ဖိအားပေးဖို့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တိုက်တွန်း

ဗုဒ္ဓဟူး​နေ့မှာပြုလုပ်တဲ့ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်က တက်ရောက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

(မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ် ။ ဓါတ်ပုံ-AFP)
(မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ် ။ ဓါတ်ပုံ-AFP)

ရုရှားအပေါ် နိုင်ငံစုံ စုဖွဲ့ပြီး ပိတ်ဆို့ အရေးယူတာမျိုး မြန်မာစစ်ကောင်စီ အပေါ်မှာလည်း သံတမန်ရေးအရ ဖိအားပေးသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အရာရှိ တစ်ဦးက ပြောကြားခဲ့တယ်လိုရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဗုဒ္ဓဟူး​နေ့မှာပြုလုပ်တဲ့ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်တွမ်အန်ဒရူးစ်က တက်ရောက်ပြီး မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေနဲ့ ပတ်သက်လို့ အစီရင်ခံ တင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ညီလာခံမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေ အထင်အရှား ရှိနေပြီး မြန်မာစစ်ကောင်စီရဲ့ ဗိုလ်ချုပ်တွေအပေါ် ကုလသမဂ္ဂ အနေနဲ့ အရေးယူ ပိတ်ဆို့သင့်ကြောင်း အဆိုတင်သွင်းမှု မှန်သမျှကိုလည်း ရုရှားနဲ့ တရုတ်တို့က ပိတ်ပင်မယ့် အခြေအနေ ရှိနေပါတယ်။

အန်ဒရူးစ်က ယူကရိန်းမှာ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ ရုရှားလုပ် စစ်လက်နက်တွေကို မြန်မာနိုင်ငံက ပြည်သူတွေကို သတ်ဖြတ်တဲ့ နေရာမှာလည်း အသုံးချနေကြောင်း ထောက်ပြခဲ့ပါတယ်။ ကုလသမဂ္ဂက လတ်တလောမှာ မြန်မာစစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား အရေးယူ ပိတ်ဆို့တာတွေ၊ မြန်မာနိုင်ငံကို လက်နက်တင်သွင်းခွင့် ကန့်သတ်တာတွေ မလုပ်နိုင်သေးဘူး ဆိုရင်တောင် ယူကရိန်း စစ်ပွဲမှာ ရုရှားကို နိုင်ငံတွေ စုပေါင်းပြီး ဖိအားပေးတဲ့ နည်းလမ်းမျိုး သုံးစွဲသင့်တယ်လို့ အန်ဒရူးစ်က ဆိုပါတယ်။

“ယူကရိန်း ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်လက်နက် အမျိုးအစား တချို့ကို မြန်မာမှာလည်း တူတူညီညီ အသုံးချနေတယ်။ ပြီးတော့ အဲဒီလက်နက်တွေ အားလုံးက တစ်နေရာတည်းက လာတာ။ ရင်းမြစ်ကတော့ ရုရှားပဲ”လို့ သူက ပြောပါတယ်။ ဒါပေမဲ့ ဒီစကားနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ် ဂျန်နဒ်ကီ ကူဇ်မင်က ဆတ်ဆတ်ထိမခံ တုံ့ပြန်ခဲ့ပါတယ်။

အန်ဒရူးစ်ရဲ့ အစီရင်ခံစာ အပြီးမှာ ကူဇ်မင်က “ဘယ်သူဘယ်ဝါရဲ့ စစ်လက်နက်ကြောင့် ကမ္ဘာအနှံ့မှာ ပြည်သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေ သေဆုံးနေတယ် ဆိုတာက ခင်ဗျားနဲ့ မဆိုင်ဘူးလေ။ ခင်ဗျားက မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ခံထားရသူပါ။ ဒီတော့ ကိုယ့်ကိစ္စပဲကိုယ် အာရုံစိုက်ပြီး ယူကရိန်း အကြောင်းကိုလည်း ထည့်မပြောပါနဲ့”လို့ ပြောကြားခဲ့ပါတယ်။

အန်ဒရူးစ်က အစည်းအဝေးအပြီး နယူးယောက်မှာ သတင်းထောက်တွေကို တွေ့ဆုံတဲ့ အချိန်မှာတော့ နိုင်ငံတချို့ စုပေါင်းပြီး မြန်မာ စစ်ကောင်စီရဲ့ ဗိုလ်ချုပ်တွေကို ပစ်မှတ်ထား အရေးယူတာ၊ လက်နက်တင်သွင်းခွင့် ပိတ်ပင်တာတွေကို ယူကရိန်းက လုပ်ထုံးလုပ်နည်းတွေအတိုင်း အတုယူ ဆောင်ရွက်သင့်ကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

“အခုလောလောဆယ် အဲဒီလို ပိတ်ဆို့မှုတွေ မလုပ်နိုင်သေးဘူး။ အဲဒါက ဘယ်လို လုပ်ရမလဲ ဆိုတာကို မသိလို့ မဟုတ်ဘူး။ လုပ်ပုံလုပ်နည်းကို ကျွန်တော်တို့ သိပြီးသား။ တကယ်လို့ ကိုးကား မှီငြမ်းချင်တယ် ဆိုရင်လည်း ယူကရိန်းကို လှမ်းကြည့်ရုံပဲ”လို့ သူက ဆိုတယ်။ ယူကရိန်းကို ကျူးကျော်စစ် ပြုခဲ့တဲ့နောက် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ တက်ညီလက်ညီ စုပေါင်းပြီး ရုရှားအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တာနဲ့ ပတ်သက်ပြီး အန်ဒရူးစ်က ရည်ညွှန်းခဲ့တာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူက နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့တဲ့ မြန်မာနိုင်ငံသား တော်တော်များများကို ငြင်းပယ်ပြီး နေရပ် ပြန်ပို့ခဲ့တဲ့ မလေးရှား အစိုးရရဲ့ လုပ်ရပ်ကိုလည်း ရှုတ်ချသွားခဲ့ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ ပြန်ရောက်သွားသူတွေ အသတ်ခံရပြီလားတောင် မသိနိုင်ကြောင်း အန်ဒရူးစ်က ဆိုတယ်။ “ကျွန်တော့်အထင် ပြောရရင် သူတို့တွေ နှိပ်စက်ခံရလိမ့်မယ်။ အသတ်တောင် ခံရနိုင်တယ်။ သူတို့တွေ အသက်ရှင်နေသေးသလား ဆိုတာတောင် မပြောနိုင်ဘူး။ မလေးရှားရဲ့ လုပ်ဆောင်မှုက စိတ်ပျက်စရာ၊ လက်မခံချင်စရာပါ။ ဒါဟာ နိုင်ငံတကာ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာလည်း ရောက်ပါတယ်”လို့ အန်ဒရူးစ်က ဝေဖန်သွားပါတယ်။

ကိုးကား-ရိုက်တာ

You May Also Like

နိုင်ငံတကာ

အီရန်ကတော့ ယူကရိန်း စစ်ပွဲမှာ ရုရှားအတွက် ဒရုန်းတွေ အပါအဝင် စစ်လက်နက်တွေ ထောက်ပံ့ပေးနေကြောင်း ယူကရိန်းနဲ့ အနောက်နိုင်ငံ အစိုးရတွေရဲ့ စွပ်စွဲမှုတွေကို အစဉ်တစိုက် ငြင်းဆိုထားပါတယ်။

သတင်း

ပိုပို နှင့် ဝင်းမင်းသန်းတို့ သည် ၎င်းတို့၏နေအိမ်အသီးသီးသို့ ရောက်ရှိပြီဖြစ်ကြောင်းနှင့် နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းတို့နှင့်နီးစပ်သူများက အသိပေးထားသည်။

သတင်း

"တိုက်ပွဲကနေ့လယ်ကတည်းကဖြစ်တာ။ကလေးတွေကမြို့ထဲဘက်ဝင်လာတာ။အခုညနေလည်းပစ်နေကြတုန်းပဲ"ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

သတင်း

"မစ်ရှင်တော့မဖျက်ပါဘူးဗျ။ ပြည်သူနဲ့ ဝေးတဲ့နေရာတွေကို Target ထားလုပ်မှာပါ"ဟု Generation Y Guerrilla - GY G အဖွဲ့မှ တာဝန်ရှိသူက ပြောသည်။