ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး လက်နက်ချအလင်းဝင်လာခဲ့ပြီး လတ်တလောတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက အသေးစိတ်စိစစ်နေကြသည်။
“ကျွန်တော်တို့ဆီငါးယောက်အလင်းဝင်လာတယ်။သေနတ်နှစ်လက်ပါတယ်။သူတို့ကိုသူတို့ဆန္ဒအတိုင်းလွတ်မြောက်နယ်မြေအထိ ပို့ပေးသွားမှာပါ။လက်ရှိမှာတော့ ကျွန်တော်တို့ အသေးစိတ်စိစစ်နေပါတယ်” ဟု ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။
ဆောမြို့နယ်အတွင်းစစ်ကြောင်းတွင်ပါဝင်လာသောစစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ယမန်နေ့(နိုဝင်ဘာ ၃ရက်)ကအလင်းဝင်လာခြင်းဖြစ်သည်။ ၎င်းတို့ငါးဦးက G-3 သေနတ်နှစ်လက်နှင့် ကျည်ဆန်များယူဆောင်လာခဲ့သည်ဟုလည်း ၎င်းကဆက်ပြောသည်။
ဆောမြို့တွင်ယမန်နေ့ကစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ် တိုက်ပွဲဖြစ်ခဲ့သည်။စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှု အခြေအနေကိုမသိရသေးကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေးကင်းကြောင်း အထက်ပါတာဝန်ရှိသူကပြောသည်။