Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အာဏာသိမ်းပြီးနောက် ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သားအရေအတွက် စံချိန်တင်မြင့်တက်

တရားမဝင် ဝင်ရောက်လာသူများအနေဖြင့်လည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရနိုင်သည့်အပြင် အခြားသော အန္တရာယ်များဖြစ်သည့် လူကုန်ကူးခံရခြင်း၊ ယာဥ်မတော်တဆဖြစ်ခြင်း၊ တိမ်းမှောက်ခြင်း၊ သတ်ဖြတ်ခံရခြင်း စသည်တို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောသည်။

(နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်က ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ကန်ကျနဘူရီဒေသ သတင်းဌာန)
(နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်က ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ကန်ကျနဘူရီဒေသ သတင်းဌာန)

စစ်အာဏာသိမ်းမှုနောက်ပိုင်း အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူနှင့် ဖမ်းဆီးခံရသူ မြန်မာလုပ်သားအရေအတွက် စံချိန်တင်မြင့်မားနေကြောင်း ထိုင်းအခြေစိုက် မြန်မာအလုပ်သမားကူညီဆောင်ရွက်ပေးသူများက ပြောသည်။

စစ်တပ်အာဏာသိမ်းချိန်မှစ၍ မြန်မာနိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း စသည့်အဖက်ဖက်မှ ပိုမိုဆိုးရွားလာခဲ့ပြီး လူငယ်၊ လူရွယ်များနှင့် အလုပ်လုပ်နိုင်သူများသည် ထိုင်းနိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ကာ တရားမဝင်နေ့စဥ်ဝင်ရောက်မှုများရှိနေကာ ပြီးခဲ့သည့် လပေါင်း ၂၀ အတွင်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခံရသူ အရေအတွက်သည် အနိမ့် ဆုံး ၈၀၀၀၀ ရှိသည်ဟု မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်-MWRN ဥက္ကဌ ဦးအောင်ကျော်က ပြောသည်။

(နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်က ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ကန်ကျနဘူရီဒေသ သတင်းဌာန)
(နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်က ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ကန်ကျနဘူရီဒေသ သတင်းဌာန)

“ထိုင်းအစိုးရက ၂၀၂၁ ဖေဖော်ဝါရီ ၁ နောက်ပိုင်း မှာ စံချိန်တင်မြင့်မားစွာ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်မှုက ပိုမိုမြင့်တက်လာတယ်လို့ ပြောပြထားတာရှိပါတယ်။ ဟိုးအရင်ကလည်း ဆယ်စုနှစ်ပေါင်း ၃ ခုလောက်ကလည်း တရားမဝင် ဝင်လာခဲ့တာမှန်သော်လည်း အဲဒီလောက်အထိ အရေအတွက် မမြင့်မားဘဲ ဒီတစ်ခါ စံချိန်တင်မြင့်တက်လာတာကို ထောက်ပြထားတယ်။ ဝင်ရောက်လာတဲ့ အရေအတွက်ကို မပြောပြနိုင်သော်လည်း ထိုင်းအစိုးရက စနစ်တကျ ပိုက်စေ့တိုက်လိုက်လံရှာဖွေပြီးမှ ဖမ်းဆီးရမိထားတဲ့ အရေအတွက်ကို ထုတ်ပြန်ထားတာရှိတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းအစိုးရက တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သားများကို ဖမ်းဆီးရရှိမှုအရေအတွက်ကို ပြီးခဲ့သည့် ၂၀၂၁ နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့ရာ ၆၀၀၀၀ ရှိသည်ဟု ဆိုသည်။ အဆိုပါ အရေအတွက် သည် ဖမ်းဆီးခံရသူ အရေအတွက်သာဖြစ်ပြီး ဖမ်းဆီးခံရခြင်းမရှိဘဲ တရားမဝင် ဝင်ရောက်လာသူများစွာလည်းရှိကြောင်း မြန်မာလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူအချို့က ပြောသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီသည် ယခုနှစ် မေလမှစတင်ကာ တရားဝင် MoU လမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ အလုပ်သမားစေလွှတ်မှု ပြန်လည်စတင်ခဲ့ပြီး လက်ရှိအချိန်အထိ တရားဝင်အလုပ်သမား ၇၀၀၀၀ ကျော်ကို စေလွှတ်ပြီးဖြစ်သည်။

(နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်က ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ကန်ကျနဘူရီဒေသ သတင်းဌာန)
(နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်က ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများကို တွေ့ရစဥ်၊ ဓာတ်ပုံ- ကန်ကျနဘူရီဒေသ သတင်းဌာန)

ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးကူညီဆောင်ရွက်ပေးနေသူများက စစ်အာဏာမသိမ်းခင်တွင် ထိုင်းသို့ တရားမဝင်လာရောက်ခြင်းမပြုရန် တားမြစ်အကြံပြုကာ နှစ်နိုင်ငံ MoU စာချုပ်ဖြင့် တရားဝင်လာရောက်ရန်တိုက်တွန်းခဲ့သော်လည်း လက်ရှိ ပြည်တွင်း၌ အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များကြောင့် အန္တရာယ်များသည့် တရားမဝင် လမ်းကြောင်းကို မိမိဘာသာစဥ်းစားဆင်ခြင်ပြီး လုံခြုံဘေးကင်းအောင် ကာကွယ်ပြီးမှသာ ဆုံးဖြတ်ကြရန် တိုက်တွန်းသည်။

တဖက်တွင်လည်း လက်ရှိ MoU လမ်းကြောင်းဖြင့်တရားဝင်လာရောက်ရန်မှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရခြင်း၊ အာဏာမသိမ်းခင်ကထက် များစွာငွေကုန်ကျခြင်း စသည့် အခက်အခဲများရှိကြောင်း အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

“MoU လုပ်ငန်းစဥ်အဆင့်ဆင့်ကို လေ့လာသုံးသပ်လိုက်တဲ့အခါ မလိုလားအပ်တဲ့ လုပ်ငန်းစဥ်တွေ ပါဝင်နေတာတွေ တွေ့ရတယ်။ ကြန့်ကြာမှုတွေ ဖြစ်ပေါ်စေတယ်။ အချိန်တွေ အများကြီး ပေးရတယ်။ နောက်တစ်ပိုင်းက တချို့လူငယ်လေးတွေ၊ ဆယ်ကျော်သက်တွေ အားလုံးကလည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်ထားတာ ရှိကောင်းရှိလိမ့်မယ်။ အဲဒီလိုရှိတဲ့သူတွေက ပတ်စ်ပို့ရုံးဌာနကို သွားလို့မရတာ ရှိကောင်းရှိမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ထိုင်းနိုင်ငံကို ရောက်နေတဲ့သူတွေထဲမှာ နိုင်ငံ့ဝန်ထမ်းတွေအများကြီးတွေ့နေရတယ်။ ကျွန်တော်လည်း ရင်နာတယ်” ကို MWRN မှ ဦးအောင်ကျော်က ပြောသည်။

တရားမဝင် ဝင်ရောက်လာသူများအနေဖြင့်လည်း ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်း ခံရနိုင်သည့်အပြင် အခြားသော အန္တရာယ်များဖြစ်သည့် လူကုန်ကူးခံရခြင်း၊ ယာဥ်မတော်တဆဖြစ်ခြင်း၊ တိမ်းမှောက်ခြင်း၊ သတ်ဖြတ်ခံရခြင်း စသည်တို့နှင့်လည်း ရင်ဆိုင်ကြုံတွေ့နိုင်ရကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေးကူညီပေးနေသူတစ်ဦးက ပြောသည်။

“တိုင်းပြည်ထဲက အလုပ်အကိုင်က အင်မတန်မှရှားပါးပြီးတော့ ဘာမှ ဝင်ငွေမရှိလို့ အပြင်နိုင်ငံခြားကို သွားဖို့က စွဲဆောင်မှုတစ်ခုလိုဖြစ်တယ်။ ပွဲစားတွေ မြူစွယ်တာကြောင့်လည်း ပါတယ်။ တရားမဝင်လာရင် အင်မတန်မှကိုဆုံးရှုံးစရာပိုများတယ်။ ဥပမာ တရားမဝင်လာလို့ ထိုင်းနိုင်ငံဘက်အရောက်မှာ ကား အဆီးဒင့်ဖြစ်လို့သေတာ၊ ဒီကြားထဲ စစ်ဆေးရေး ဂိတ်တွေကနေ ဖမ်းဆီးတယ်၊ ထွက်ပြေးလို့ ပစ်သတ်ခံရလို့သေတယ်။ အန္တရာယ်တွေ အများကြီးရှိတာပေါ့။ အခုအာဏာသိမ်းပြီးကာလက ပိုပြီးဆိုးတာပေါ့။ စံချိန်တင်တာမှ နည်းနည်းမဟုတ်ဘူး။ လေးငါးဆကို မြင့်တက်လာတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း Phang Nga အခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း(FED) အလုပ်သမားရေးဌာန၏ စာရင်းပြုစုချက်အရ ၂၀၂၂ ဇန်နဝါရီမှ အောက်တိုဘာ လကုန်ပိုင်းအထိ ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားဖမ်းဆီးခံရမှု အကြိမ်အရေအတွက် ၁၇၅ ကြိမ်ရှိပြီး ဦးရေအားဖြင့် ၁၀၂၁၃ ဦးရှိကြောင်း သိရသည်။ ယင်းသည် ၎င်းတို့ဌာန၏ လက်လှမ်းမီသောစာရင်းပြုစုမှုဖြစ်ပြီး မြေပြင်တွင် ဖမ်းဆီးခံရမှုအကြိမ်နှင့် လူဦးရေ များစွာပိုနိုင်ကြောင်း တာ၀န်ရှိသူတစ်ဦးက ပြောသည်။

You May Also Like

သတင်း

ထို့ကြောင့် မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့် ဆေးနှီးနွယ်ဆိုင်ရာကောင်စီများနှင့် ဆက်သွယ်ရမည့် လုပ်ငန်းဆောင်တာများကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များ ကောင်စီ (FHPC)နှင့်သာ ဆက်သွယ်ဆောင်ရွက်ရမည်ဟု အတိအလင်းကြေညာထားသည်။

သတင်း

လက်ရှိတွင် ပြည်ပရောက်မြန်မာအလုပ်သမားက ဘဏ်စနစ်ကို အသုံးပြုငွေလွဲသည့် အစား ဟွန်ဒီစနစ်ကိုသာအဓိက အသုံးပြုနေသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားတစ်ဦးကပြောသည်။

သတင်း

ညွှန်းကိန်းများအရ ဖမ်းဆီးချုပ်နှောင်ခံထားရစဉ် သေဆုံးသူ အနည်းဆုံး (၂၇၃) ဦးခန့်ရှိပြီဖြစ်ကြောင်းလည်း ဆက်ပြောသည်။

သတင်း

လက်ရှိတွင် အလုပ်ရှင်အား အမှုဖွင့်ထားသည့် အလုပ်သမား (၃၈)ဦးအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရန် စမုပရာကန်ခရိုင်၊ အလုပ်အကိုင်ဌာန(ကျဟာငန်)နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။