မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်စစ်ကောင်စီတပ်တို့နေ့စဥ်တိုက်ပွဲများဖြစ်ပွားနေ၍ ယင်းလမ်းပိုင်းအားယနေ့(နိုဝင်ဘာ ၉ရက်)မှစ၍ လုံးဝအသုံးမပြုကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်တပ်ရင်း(၁)က သတိပေးချက် ထုတ်ပြန်သည်။
မိဘပြည်သူတို့၏ လုံခြုံရေးကိုရှေးရှု၍မေတ္တာရပ်ခံပန်ကြားအပ်ခြင်းဟုပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)က ထုတ်ပြန်ထားသည်။
ခရီးသွား မိဘပြည်သူများအနေဖြင့် မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီးအား အသုံးပြုခြင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)မှ နောက်ထပ်ကြေငြာချက် မထုတ်ပြန်မှီ အချိန်ကာလအထိ အချိန်အကန့်အသတ်မရှိ လုံးဝ(လုံးဝ) မပြုလုပ်ကြပါရန် သတိပေးထားသည်။
“လိုအပ်ချက်အရ ထုတ်ပြန်တာပါ။ဒီကာလအထူးသတိထားကြရမယ့်ကာလပါ”ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ အမှတ်(၂)၊ တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ တာဝန်ရရှိသူတစ်ဦးကပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၈ရက်)ကလည်းထားဝယ်-ပုလောလမ်းပိုင်းမှ သရက်ချောင်းမြို့အတွင်း စစ်ကောင်စီတပ်ယာဥ်တန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ်(၂)၊တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှတာဝန်ရှိသူကပြောသည်။