Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌ၏ စကား စိတ်ကစင့်ကလျားပြောဆိုချက်ဟု ကာကွယ်​ရေးဝန်ကြီးဦးရည်မွန်တုန့်ပြန်

နိုဝင်ဘာ ၉ရက် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး၏ PDFများသို့ ပြောကြားချက်၌ အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

NUG ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန်။ဓါတ်ပုံ-U Ye Mon FB
NUG ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန်။ဓါတ်ပုံ-U Ye Mon FB

▪︎စစ်တပ်သည် နိုင်ငံရေးနှင့်ကင်းကင်းနေရမည်၊တော်လှန်ရေးအင်အားစုများ၏ ညီညွတ်မှုကို စစ်ကောင်စီ မည်သို့မှခံနိုင်မည်မဟုတ်ဟုပြောကြား

စစ်တပ်အာဏာမသိမ်းပါက ဘုရားစင်တောင်ရှိတော့မည်မဟုတ်ဟု စစ်ကောင်စီလက်ပါးစေ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ခင်ရီက မကြာသေးမီက ပြောဆိုခဲ့ရာ ထိုသို့ပြောဆိုချက်သည် စိတ်ကစင့်ကလျား ပြောဆိုချက်ဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကပြောသည်။

“ဘုရားစင်ပျောက်မှာ စိုးလို့ စစ်တပ်က အာဏာသိမ်းရပါတယ် ဆိုတဲ့ စိတ်ကစင့်ကလျား ပြောဆိုချက်တွေ ငါတို့ ကြားရလိမ့်မယ်။ အခုဆို ဒီမိုကရေစီမျက်နှာဖုံး ကွာကျပြီး ဖက်ဆစ်ဘီလူးခေါင်း ပေါ်လာခဲ့ပြီပဲ ဖြစ်တယ်။ သူတို့မှာ ပြည်သူ ဆိုတာ မရှိဘူး။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူမှန်သမျှ သူတို့ရဲ့ ရန်သူပဲ” ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

နိုဝင်ဘာ ၉ရက် ရေဒီယို NUG အသံလွှင့်အစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး၏ PDFများသို့ ပြောကြားချက်၌ အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ခင်ရီက နိုဝင်ဘာလဆန်းတွင် တပ်ကုန်းမြို့နယ်မှ ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်တွေ့ဆုံစဉ် ဘာသာရေးအရ မှိုင်းတိုက်သည့် ဟောပြောမှု၊ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဟုတ်မမှန်သည့် ပြောဆိုချက်များ ပြောဆိုခဲ့သည်။

“ ရွေးကောက်ပွဲ စက်ဝန်းနဲ့ ရွေးကောက်ပွဲ မတိုင်ခင်ဖြစ်ခဲ့တဲ့ကာလ၊ ရွေးကောက်ပွဲမှာ တစ်ခုပဲပြောတာ အချိန်ကြောင့်ခုနက မဲစာရင်းမှားယွင်းတဲ့ကိစ္စ၊ ရွေးကောက်ပွဲ အလွန်ကာလမှာ ဖြစ်ခဲ့တဲ့ တရားမဲ့ပြုကျင့်မှု တွေ၊ ဒါကို အခြေတည်လိုက်တာ၊ နိုင်ငံတော်က ဒါကိုပဲ ပြောတာ၊ဒါပေမဲ့ ဒီမတိုင်ခင်မှာ ဖြစ်ခဲ့တဲ့ အတိတ် ကာလကဖြစ်ခဲ့တဲ့ အမျိုးဘာသာသာသနာ ကိစ္စ။ မဟုတ်ရင် ဒီအချိန်မှာ ခင်ဗျားတို့အိမ်မှာ ဘုရားစင်တောင်ရှိမှာမဟုတ်ဘူး။ အမျိုးဘာသာ၊ သာသနာနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အမျိုးသားရေးနဲ့ ပတ်သက်တဲ့ကိစ္စတွေ၊ အမျိုးသားရေးသီချင်းက ခေတ်မမီတော့ဘူးလို့ ပြောနေတဲ့လူတွေ၊ ကျောင်းမှာ ရှိတဲ့ မကြားဝံ့မနာသာ ပညာရေးစနစ်တွေ သွတ်သွင်းတဲ့စနစ်တွေ ဒါတွေခင်ဗျားတို့ အားလုံးသိပါတယ်” ဟု ခင်ရီက ပြောဆိုခဲ့သည်။

ဦးခင်ရီ ။ ။ဓါတ်ပုံ-စစ်​ကောင်စီ
ဦးခင်ရီ ။ ။ဓါတ်ပုံ-စစ်​ကောင်စီ

ဦးခင်ရီ သည်အရပ်သားအစိုးရလက်ထက်တွင် ဘာသာ​ရေးအဓိကရုဏ်းများဖန်တီးရန် အမျိုးသား​ရေးသမားများဆိုသူများကို ဆန္ဒပြခိုင်းခြင်း၊အကြမ်းဖက်​စေခြင်း စ​​သောအစွန်း​ရောက်လှုပ်ရှားမှုများကို​နောက်ကွယ်မှ အဓိကကြိုးကိုင်ခဲ့သူဖြစ်​ကြောင်း နိုင်ငံ​ရေးသမားများနှင့်စစ်​ကောင်စီသတင်း​ပေးအချို့က​ပြောသည်။

ဗုဒ္ဓဘာသာ​ကိုကာကွယ်​နေသည်ဟုကြွး​ကြော်နေသည့်အာဏာသိမ်းစစ်​ကောင်စီသည် စစ်ကိုင်းတိုင်း ၊မ​ကွေးတိုင်းတို့တွင် ​ကျေးရွာများကို မီးရှို့ရာတွင် ဘုန်ကြီး​ကျောင်းများကိုပါမီးတင်ရှို့ဖျက်ဆီးပြီး ၊ သံဃာ​​တော်များကိုလည်းတရားလက်မဲ့ဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ထိုသို့ကျူးလွန်ရာတွင် စစ်​ကောင်စီတပ်နှင့် ၎င်းတို့လက်​အောက်ခံ ပျူ​စောထီးများကပူး​ပေါင်းကျူးလွန်ကြ​​လေ့ရှိ​ကြောင်း​ဒေသခံများက​ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲများ၌ ပြည်သူပေးခဲသည့် မဲများသည် စစ်အာဏာရှင် စနစ်ကို လုံး၀ လက်မခံ ဒီမိုကရေစီကိုသာ လိုလားသည်ဆိုသည့် တခဲနက် ဆန္ဒများကို ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်​ကောင်စီတပ်က ၂၀၂၂ ဧပြီလအတွင်းက မင်းကင်းနယ် ဇင်ကလဲရွာအား မီးရှို့ဖျက်ဆီးသွားစဥ်။ ။ဓါတ်ပုံ-ချင်းတွင်းချစ်သူ

“ ပြည်သူတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းစွာကြိုးပမ်းမှုဟာ စစ်ကျွန် ပြုရေးအတွေးအခေါ်ကို အခြေက ကိုင်လှုပ်ပစ်နိုင်ခဲ့တယ်။ နိုင်ငံရေးမှာ စစ်တပ်ပါစရာမလိုဘူး။ နိုင်ငံရေးထဲ စစ်တပ်ပါရမယ်ဆိုတဲ့ အတွေးအခေါ်မှာ ဘယ်လို အကြောင်းယုတ္တိမှ မရှိဘူး။ စစ်တပ်ဟာ နိုင်ငံရေးနဲ့ ကင်းကင်း နေရမယ်။ စစ်တပ်ဟာ စစ်တပ်နေရာနေ၊ စစ်တပ် အလုပ်ပဲ လုပ်ရမယ်။ သူ့အလုပ်က နိုင်ငံကို ကာကွယ်ဖို့ပဲ။ စစ်တပ်ပါဝင်မှုကင်းရှင်းတဲ့ ဒီမိုကရေစီစစ်စစ် အတွေးအခေါ်ဟာ ပြည်သူလူထုကြား ပိုပြီးအားကောင်း လာခဲ့တယ်။ အတွေးအခေါ်တိုက်ပွဲမှာ စစ်အာဏာရှင်ဝါဒ အရေးနိမ့်နေပြီဆိုတာ သတိပြုမိတဲ့အတွက်လည်း အခုလို အကြောင်းအကျိုးမရှိ ဥပဒေချိုးဖောက်ပြီး မိုက်မိုက်မဲမဲ အာဏာသိမ်းခဲ့တာပဲ ဖြစ်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

လက်ရှိတွင် ပြည်သူအပေါ် လက်နက်ကိုင် ရန်ပြုနေသည့် စစ်တပ်ကို ပြည်သူက ရရာလက်နက်စွဲကိုင်ပြီး တုံ့ပြန်ဒဏ်ခတ်နေကြပြီ ဖြစ်ကြောင်း ၎င်း ကဆက်​ပြောသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မိချောင်းတွင်းရွာ သာသနိက ဘုရားစေတီအစိတ်အပိုင်းများပျက်ဆီးခဲ့စဥ်။ ။ဓါတ်ပုံ-ချင်းတွင်းချစ်သူ
၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မိချောင်းတွင်းရွာ သာသနိက ဘုရားစေတီအစိတ်အပိုင်းများပျက်ဆီးခဲ့စဥ်။ ။ဓါတ်ပုံ-ချင်းတွင်းချစ်သူ

“ လူထုတိုက်ပွဲ ထဲကပဲ CRPH ပေါ်လာတယ်။ NUCC ပေါ်လာတယ်။ NUG ပေါ်လာတယ်။ တော်လှန်တဲ့ နိုင်ငံရေးပါတီတွေ၊ တော်လှန်တဲ့ EROs တွေ ဖြစ်လာတယ်။ CDMတွေ၊ သပိတ်တွေကလည်း စစ်အာဏာရှင်ကို အလံမလှဲစတမ်း ဆန့်ကျင်နေကြတယ်။ PDF အမည်ရတဲ့ တပ်မတော်အသစ်ဟာ နွေဦးတော်လှန်ရေးကပဲ မွေးထုတ်ပေးခဲ့တာ ဖြစ်တယ်။ အားလုံးသဘောတူမျှတဲ့ ဘုံပန်းတိုင်တစ်ခုအပေါ်မှာ တော်လှန်ရေးအင်အားစုတွေရဲ့ ညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့ခြင်းဟာ နွေဦးတော်လှန်ရေးရဲ့ အင်မတန်ထူးခြားတဲ့ အချက်ဖြစ်တယ်။ ငါတို့ညီညွတ်တဲ့ အားကို စစ်ကောင်စီဘယ်လိုမှ ခံနိုင်မယ် မဟုတ်ဘူး”ဟု ဝန်ကြီးဦးရည်မွန်က ပြောသည်။

စစ်​ကောင်စီတပ်က၂၀၂၂ ဇူလိုင်လအတွင်းက မင်းကင်းနယ်အတွင်း ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ
စစ်​ကောင်စီတပ်က၂၀၂၂ ဇူလိုင်လအတွင်းက မင်းကင်းနယ်အတွင်း ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးသွားစဥ်။ ဓါတ်ပုံ-ချင်းတွင်းချစ်သူ

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်မည်ဖြစ်ကြောင်း၊ထို့နောက်လွတ်လပ်ငြိမ်းချမ်းသည့် တိုင်းရင်းသား အားလုံး တန်းတူညီမျှသည့် လူဘောင်ကို ထူထောင်မည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ငါတို့ရဲ့ ပန်းတိုင်ဟာ အလွန်ရှင်းလင်း ပြတ်သားတယ်။ ငါတို့ ညီညွတ် ရင် အောင်ပွဲဟာ လက်တကမ်းမှာပဲ ရှိလိမ့်မယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

You May Also Like