Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဏ္ဏားကျွန်းတွင် စစ်ကား နှစ်စီးမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီး၊ ရဟတ်ယာဉ်များဖြင့်ပစ်ခတ်၍ ဒေသခံ ၉ဦးထက်မနည်းသေဆုံး

ယမန်နေ့က စစ်ယာဉ် နှစ်စီး မိုင်းဆွဲခံရပြီးနောက် ရန်ကုန်မှ စစ်တွေသို့လာသည့် ခရီးသည်တင်ကားနှင့် ကုန်ကားများကို သွားလာခွင့်ပိတ်ထား၍ ကားအစီးရေ ၁၀၀ ကျော် ယနေ့အထိ ပိတ်မိနေဆဲဖြစ်သည်ဟုဆိုသည်။

ပုဏ္ဏားကျွန်း
ပုဏ္ဏားကျွန်း

▪️စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်းနှင့် မောင်တော၌ နေအိမ်များ မီးလောင်၊ AA၏ တိုက်ခိုက်မှုခံရတိုင်း စစ်ကောင်စီတပ်က ရခိုင်လူထုကို ပစ်မှတ်ထားတုန့်ပြန်နေ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၉ဦးထက်မနည်း သေဆုံးကာ ကလေးငယ် အပါအဝင် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ကြောင်း ရခိုင်ဒေသခံက ပြောသည်။

“အခုက ဘုန်းကြီးကျောင်းနဲ့ အနီးအနားနဲ့ လူတွေသွားလာလို့ရတဲ့ မြင်လို့ရတဲ့ လမ်းပေါ်မှာ သေနေတဲ့အလောင်း ကိုးလောင်းကိုပဲ တွေ့သေးတာ။ ဘယ်နှစ်ယောက်သေလည်း ဘယ်နေရာမှာ သေလို့ရှိလဲ တစ်ယောက်မှ အတိအကျ မသိသေးဘူး။ ဒီကိုးလောင်းထက်ပိုနိုင်တယ်။နောက်ပြီးတော့ နာရေးကူညီမှုအသင်းတွေ အရေးပေါ် ကူညီရေးကလူတွေက သွားဖို့လုပ်နေတာ စစ်တပ်က သွားခွင့်မပေးဘူး”ဟု ရခိုင်ဒေသခံက ပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၁၀ရက်) နံနက် အစောပိုင်းက စစ်ကောင်စီတပ်၏ ရိက္ခာပို့ ယာဉ် နှစ်စီးကို ရက္ခိုင့်တပ်တော်(AA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးအနား ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခြင်း လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

“မနေ့က တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း သူတို့က လက်နက်ကြီးပစ်တယ်။ ရဟတ်ယာဉ်တွေနဲ့လည်းလာတိုက်တယ်။ အဲဒီမှာ တချို့သူတွေကထွက်ပြေးကြတယ်တချို့က ဘုန်းကြီးကျောင်းမှာနေတယ်လို့ ပြောတယ်။ အဲဒီမှာ သက်ကြီးပိုင်းတွေ ရွာမှာကျန်ခဲ့တာ။ မနေ့က ပစ်ခတ်မှုဖြစ်တဲ့အချိန်မှာ အနီးပတ်ဝန်းကျင် က ရွာတွေက ထွက်ပြေးကြတယ်။ ထွက်ပြေးကြတဲ့အချိန်မှာ ထွက်ပြေးဖို့ ရွာမှာ လုပ်နေကြတဲ့အချိန်မှာထိတာ” ဟု ရခိုင်ဒေသခံက ပြောသည်။

ယမန်နေ့ ပစ်ခတ်မှုကြောင့် ကလေးငယ်အချို့အပါအဝင် ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု ဆိုသည်။

“ဆယ်တန်းကျောင်းသားပါတယ်။ ကလေးတွေပါတယ်။ ဆယ်တန်းကျောင်းသားဆိုရင် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရတယ်။ သူက ပေါင်မှာ ထိတာ။ ပေါင်က ပြတ်လုနီးပါးဖြစ်တာ။ ဆေးရုံကို သွားဖို့လုပ်တာ သွားခွင့်မပေးလို့ တောလမ်းကနေ ယူသွားရတာလေ။ အရေးပေါ် လူနာတင်ကားကိုလည်း လာခွင့်မပေးဘူး ကားလမ်းမကိုလည်း သုံးခွင့်မပေးဘူး စစ်တပ်က။ သူတို့ပိတ်ထားတာက အဲဒီတစ်နေရာတည်း မဟုတ်ဘူး စစ်တွေမြို့မှာရှိတဲ့ စစ်တပ်ဂိတ်က စပြီး ပိတ်ထားတာ။ ပုဏ္ဏာကျွန်းမှာလည်း မြို့အဝင်အထွက်တွေ အကုန်လုံးပိတ်ထားတယ်”ဟု ဒေသခံက ပြောသည်။

ယမန်နေ့က စစ်ယာဉ် နှစ်စီး မိုင်းဆွဲခံရပြီးနောက် ရန်ကုန်မှ စစ်တွေသို့လာသည့် ခရီးသည်တင်ကားနှင့် ကုန်ကားများကို သွားလာခွင့်ပိတ်ထား၍ ကားအစီးရေ ၁၀၀ ကျော် ယနေ့အထိ ပိတ်မိနေဆဲဖြစ်သည်ဟုဆိုသည်။

ထို့ပြင် စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ဆင်အင်းကြီးကျေးရွာအတွင်းရှိ နေအိမ် ၈လုံး မီးလောင် ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

“မနေ့က အဲဒီလိုဖြစ်စဉ်က မောင်တော မြောက်ပိုင်း ရန်အောင်ပြင်ရွာမှာလည်းဖြစ်ခဲ့တယ်။ အဲဒီမှာလည်း လက်နက်ကြီးကျလို့ အိမ်တချို့မီးလောင်ပျက်စီးတာရှိတယ်။ လူထိခိုက်ဒဏ်ရာရတာက အတိအကျ မသိရဘူး” ဟု ဒေသခံက ပြောသည်။

နိုဝင်ဘာ ၄ရက်ကလည်း ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ ဇက်ရေယာဉ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ ကလေးငယ်နှင့် သက်ကြီးရွယ်အို အပါအဝင် ၃ဦးထက်မနည်းသေဆုံးပြီး ပြည်သူ ၂၀ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

You May Also Like

သတင်း

ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုဆိုသည်။

နိုင်ငံတကာ

ဖေဖော်ဝါရီလတုန်းကတော့ ကမ္ဘာတလွှားမှာ အပတ်စဉ် ကိုဗစ်ကြောင့် သေဆုံးသူ ၇၅၀၀၀ လောက်ထိ များပြားခဲ့ဖူးပါတယ်။

သတင်း

နိုဝင်ဘာ ၁၀ရက် နံနက်အစောပိုင်း၌ ဝင်းစိန် ကျေးရွာမှ အရပ်သားကို ဖမ်းပြီးပြန်လာသည့် နံနက် ၅နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီဟာ ဝန်ကြီးဦးမျိုးသစ်ကို CDM လှုပ်ရှားမှု လှုံဆော်တယ်ဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထောင်ချခဲ့တာပါ။