Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုက အကျဥ်းသား ၆၀၀၀ နီးပါးပြန်လွှတ်ပေးသော်လည်း နိုင်ငံရေးအကျဥ်းသား ၇၂ ဦးသာပါဝင်ဟု AAPP ထုတ်ပြန်

AAPP မှ စောင့်ကြည့်လေ့လာမှတ်တမ်းအရ ယနေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသား ၇၂ ဦးကိုသာ မှတ်တမ်းပြုထားနိုင်ကြောင်း ဖော်ပြသည်။

(မတရားသဖြင့်ဖမ်းဆီးခံရာမှ ပြန်လည်လွတ်​မြောက်လာသည့်နိုင်ငံ​ရေးအကျဥ်းသား ၇၀ ​ကျော်တွင်ပါဝင်​သောနာမည်​ကျော်စာ​ရေးဆရာ ဆရာ​မောင်သာချို ကိုနိုဝင်ဘာ၁၇ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-AAMIJ)
(မတရားသဖြင့်ဖမ်းဆီးခံရာမှ ပြန်လည်လွတ်​မြောက်လာသည့်နိုင်ငံ​ရေးအကျဥ်းသား ၇၀ ​ကျော်တွင်ပါဝင်​သောနာမည်​ကျော်စာ​ရေးဆရာ ဆရာ​မောင်သာချို ကိုနိုဝင်ဘာ၁၇ ရက်က​တွေ့ရစဥ်။ ဓါတ်ပုံ-AAMIJ)

အကြမ်းဖက်စစ်အုပ်စုသည် အကျဥ်းသား ၅၇၇၄ ဦးကို ယမန်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းဖြင့် လွှတ်ပေးခဲ့သော်လည်း ယင်းအနက် နိုင်ငံရေးအကျဥ်းသား ၇၂ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

AAPP မှ စောင့်ကြည့်လေ့လာမှတ်တမ်းအရ ယနေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသား ၇၂ ဦးကိုသာ မှတ်တမ်းပြုထားနိုင်ကြောင်း ဖော်ပြသည်။

“အခု ပြန်လွှတ် ပေးလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ ဘာအကြောင်းပြချက်မှမရှိဘဲ ဖမ်းပြီးမှအခြေအမြစ်မရှိတဲ့ စွပ်စွဲ ချက်တွေနဲ့ တွေ့ကရာပုဒ်မတွေတပ်ပြီး ထောင်ဒဏ်တွေ ချမှတ်ခံထားရသူတွေပါ။ နောက်တော့ သူတို့တွေဟာ ချမှတ်ထားတဲ့ ထောင်ဒဏ်တွေကို နှစ်ပြည့်နီးပါး နေခဲ့ပြီးသားတွေဖြစ်ပါတယ်။ ဒါဟာ ပြည်တွင်း၊ ပြည်ပ ဖိအားတွေကို ဖြေလျှော့ဖို့ ကြိုးစားချက်တစ်ခုသာဖြစ်ပါတယ်။ တချိန်တည်းမှာ အကြမ်းဖက်စစ်အုပ်စုက လူသားဖြစ်မှုကို ပိတ်ပင် တဲ့ လုပ်ရပ်တွေကို နေ့စဉ်နဲ့အမျှ တရားလက်လွတ်ဆက်တိုက် ကျူးလွန်နေတာဖြစ်ပါတယ်” ဟု AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

လွှတ်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသားများမှာ နောက်ကြောင်းပြန်ပြစ်ဒဏ်ဆိုသည့် နှောင်ကြိုးဖြင့်သာလွှတ်ပေးခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးမျှော်လင့်ချက်အရ ဟန်ပြလွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု AAPP က ထုတ်ပြန်သည်။

ထို့အပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတစ်သောင်းကျော်မှာ အကျဉ်းထောင်နောက်ကွယ်တွင် နိုင်ငံရေးအရ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို နေ့စဉ်နှင့်အမျှ ခံစားနေကြရဆဲဖြစ်ကြောင်း ဖော်ပြသည်။

“စစ်အာဏာသိမ်းချိန်ကစပြီးတောက်လျှောက် အကျဉ်းသားတွေလွှတ်ပေးခဲ့တဲ့ အရင်အကြိမ်တွေလိုပဲ ဒီ တစ်ခေါက် အကျဉ်းသားတွေလွှတ်ပေးတဲ့အခါမှာလည်း စစ်အုပ်စုအနေနဲ့ နိုင်ငံရေးအကျဉ်းသားဘယ်နှစ်ယောက် လွှတ်ပေးတယ်၊ သူတို့နာမည်တွေက ဘယ်သူ ဘယ်ဝါတွေဖြစ်သလဲဆိုတာနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိပါ ဘူး။ ဒါဟာ နိုင်ငံတကာအစိုးရတွေကို လှည့်စားဖို့အကြံနဲ့ တမင်လုပ်တဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်” ဟု AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုသည်။

စစ်အုပ်စုသည် မတရားဖမ်းဆီးမှုများ၊ မီးရှို့မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နေ့စဉ်ရက်ဆက်ကျူးလွန်နေဆဲဖြစ်သည်။

AAPP သည် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများ အားလုံး ခြွင်းချက်မရှိလွတ်မြောက်ရေးနှင့် မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားဖမ်းဆီးခြင်းများနှင့် လူမဆန်စွာသတ်ဖြတ် ခြင်းများကို ကျူးလွန်ခဲ့သူများအား အပြစ်ပေးအရေးယူမှု ပြုလုပ်နိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပေးသည်။

နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့်လည်း စစ်အုပ်စုကို ဆက်လက်၍ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများကို အမြန်ဆုံး ပြုလုပ်ပေးရန် AAPP တိုက်တွန်းသည်။

You May Also Like

သတင်း

တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်​ဆောင်သွားသည်ဟုဆိုသည်။

သတင်း

နိုဝင်ဘာ၁၆ရက်နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ဝါစက်ဝင်း၌ ကင်ပုန်းဝပ်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

သတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်နှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရေး အထောက်အကူပြုရန် ကြိုးပမ်းမှုများအတွက် ရည်ရွယ်ကာ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦး၏ တတိယအကြိမ်ခရီးစဥ်ကို စီစဥ်ရခြင်းဖြစ်ကြောင်း ကြေညာချက်၌ ဖော်ပြသည်၊

သတင်း

ယမန်နေ့ (နိုဝင်ဘာလ ၁၇ ရက်) ညက မြင်းခြံမြို့နယ်၊ငါ့နန်းရွာရှိ ၎င်းတို့ ချိတ်ပိတ်ထားပြီးဖြစ် သော ဦးစံကင်းဆိုသူ၏ နေအိမ်ကို စစ်ကောင်စီတပ်ကဝင်‌ရောက် ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် နေအိမ်အတွင်းရှိ ပစ္စည်းများအား သိမ်းယူသွားကြောင်း ဒေသခံများက ပြောသည်။