ကော်ဘရာစစ်သည် သုံးဦးကျဆုံးပြီးနောက် စစ်ကောင်စီကို တန်ပြန်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ မြ၀တီ ဝေါ်လေလမ်း၌ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းနှင့် ပူးတွဲတိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ် ပြန်သည်။

မြဝတီ-ဝေါလေလမ်းပိုင်း ဘလက်ဒိုရွာအနီးရှိ စခန်းချနေသည့် ခမရ (၁၀၂) စစ်ကောင်စီတပ် အား Cobra Column ဦးဆောင်မှုဖြင့် KNDO တပ်ရင်း (၈)တပ်ဖွဲ့ဝင်များ ၊ ရောင်နီဒရုန်းတပ်ဖွဲ့ နှင့် Federal Wings ဒရုန်းတပ်ဖွဲ့များမှ နိုဝင်ဘာ ၂၂ရက် ညနေပိုင်းမှစ၍ ညသန်းခေါင်ယံအထိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင် ၈ဦးသေဆုံးပြီး တပ်ရင်းမှူး ဗိုလ်မှူးဇော်မျိုးအောင် အပါအဝင် ၁၅ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိကြောင်း စစ်မြေပြင် သတင်းများအရ သိရသည်ဟု Federal Wings တပ်ဖွဲ့က ထုတ်ပြန်သည်။
အဆိုပါ စစ်ဆင်ရေးတွင် ပျံသန်းတိုက်ခိုက်မှု (၁၂)ကြိမ်တွင် ဗုံးသီးမျိုးစုံ ၃၇လုံး အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်ကျော်စွာဟိန်း(ခ) ကျော်ကြီး ၊ ရဲဘော် နော်အဲ့မူး၊ ရဲဘော်သီတာအေးတို့သည် နိုဝင်ဘာ ၂၂ရက် ညနေပိုင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည်။
ထိုသို့ ကျဆုံးခဲ့သည့် ညနေပိုင်းမှစ၍ ကော်ဘရာ ဦးဆောင်သည့် ပူးပေါင်းစစ်ကြောင်းက စစ်ကောင်စီတပ်ကို စစ်ကောင်စီတပ်ကို ညပိုင်းစစ်ဆင် ရေးဆင်နွှဲပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။



































