▪︎စစ်တပ်က ရွာနှစ်ရွာမီးရှို့သွားပြီးလက်နက်ကြီးဖြင့်ပစ်၍ ပြည်သူ ၉ ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ပိုင်း၌ ယမန်နေ့က တိုက်ပွဲ နှစ် ကြိမ်ဖြစ်ပွားရာစစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများရှိပြီးနောက် ကျေးရွာနှစ်ရွာ မီးရှို့ခံရကာ ပြည်သူအချို့ လက်နက်ကြီးကျည်ထိမှန်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
နိုဝင်ဘာလ ၃၀ ရက်က ရွှေဘိုမြို့နယ်အနောက်ပိုင်းရှိ မြင်းဇီးကျေးရွာသို့ ရောက်ရှိနေသော အင်အား ၆ဝ ကျော်ပါ စစ်ကောင်စီတပ်နှင့် ပျူများသည် နံနက် ၇ နာရီခွဲခန့်တွင် ဆင်အင်းကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးလာသည်။
ထို စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များကခုခံတိုက်ခိုက်ရာ စစ်အုပ်စုဘက်က အထိနာခဲ့ပြီး နံနက် ၁၀ နာရီ မိနစ်၅၀ ခန့်တွင် စစ်ကောင်စီတပ်ကဆင်အင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ညနေ ၃ နာရီ ၂၀ ခန့်တွင် စစ်ကောင်စီတပ်သည် ဆင်အင်းကျေးရွာမှ မအူပင်ကျေးရွာဘက်သို့ဦးတည်ထွက်လာစဉ် ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပျူများ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
စစ်အုပ်စုသည် တိုက်ခိုက်ခံရပြီးနောက် မအူပင်ရွာကိုပါ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြသည်။
“မအူပင်ရွာလည်းရိူ့ခံရတယ်။ အရှေ့ရွာရော အနောက်ရွာရော။ ဆင်အင်းရွာရဲ့အနောက်ဖက်ကမအူပင်ရွာပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် မအူပင်ရွာမှ မူးအနောက်ဘက်ကမ်းရှိ ဒီပဲယင်းမြို့နယ် မူးရိုးကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၈) ချက်ပစ်ခတ်ခဲ့ရာ မူးရိုးကုန်းရွာနေ အရပ်သားပြည်သူ(၉)ဦးလက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
တိုက်ပွဲ(၂)ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်ကောင်စီတပ်နှင့်ပျူများဘက်က သေဆုံး ဒဏ်ရာရသူများရှိပြီး အရေအတွက်ကို မြေပြင်အခြေနေအရ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ PDFများ အထိခိုက်မရှိအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရွှေဘိုမြို့နယ်သတင်းအမှန်ပြန်ကြားရေးက အသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေဘိုဒေသတွင်း အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်း မရှိသေးပေ။