Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီနဲ့ သံတမန် ဆက်ဆံရေး လျှော့ချပြီး သံအမတ်ကြီး မစေလွှတ်ဖို့ အမေရိကန် ဆုံးဖြတ်

အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယားနဲ့ ဘီလားရုစ်တို့ အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံကို သံအမတ်တွေ စေလွှတ်ပြီး မင်းအောင်လှိုင်ကို သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံနေကြောင်း သိရပါတယ်။

လက်ရှိ အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗက်ဂျ်ဒါ ရွေးကောက်ခံ အရပ်သားအစိုးရ သမ္မတထံ သံအမတ်ခန့်အပ်လွှာကို ပေးအပ်စဉ် (ပုံဟောင်း)
လက်ရှိ အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗက်ဂျ်ဒါ ရွေးကောက်ခံ အရပ်သားအစိုးရ သမ္မတထံ သံအမတ်ခန့်အပ်လွှာကို ပေးအပ်စဉ် (ပုံဟောင်း)

မြန်မာနဲ့ သံတမန် ဆက်ဆံရေးကို အဆင့်လျှော့ချလိုက်ပြီး သံအမတ်ကြီး မစေလွှတ်တော့ဖို့ အမေရိကန်က ဆုံးဖြတ်ထားကြောင်း သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး သောမတ်စ် ဗက်ဂျ်ဒါဟာ အခုလကုန်ပိုင်းမှာ နေရပ်ပြန်မှာဖြစ်ပြီး အဲဒီနောက်ပိုင်း သူ့နေရာကို ဆက်ခံမယ့် သံအမတ်အသစ် မစေလွှတ်ဖို့ အမေရိကန် အစိုးရက ဆုံးဖြတ်ထားကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြလာပါတယ်။

မြန်မာနိုင်ငံကနေ ဗက်ဂျ်ဒါ ထွက်ခွာပြီးတဲ့အချိန် သံတမန်ရေးရာ ဒုတိယ အကြီးအကဲ ဒါဘိုရာလင်းက ရန်ကုန်မှာရှိတဲ့ သံရုံးကို ဆက်လက် ကြီးမှူးသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးက Nikkei Asiaကို ပြောပါတယ်။

ဒီလုပ်ဆောင်ချက်အရ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမေရိကန် အစိုးရဟာ ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲတစ်ခု ကျင်းပဖို့ အသည်းအသန် စိုင်းပြင်းနေတဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို လုံးဝ အသိအမှတ် ပြုမှာမဟုတ်ကြောင်း ပိုမို ထင်ရှားသွားစေခဲ့ပါတယ်။

အမေရိကန်ဟာ တစ်ဖက်သတ် စီစဉ် ဖန်တီးထားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတစရာ ဘယ်လို အကြောင်းမှ မရှိနိုင်ဘူးလို့ ဝေဖန်ထားပါတယ်။

မြန်မာနိုင်ငံမှာ အရင် စစ်အစိုးရ လက်ထက်တုန်းကလည်း ၁၉၉၀ ပြည့်လွန်နှစ်တွေကစလို့ နှစ်ပေါင်း ၂၀ လောက် ကြာတဲ့ထိ အမေရိကန်ဟာ သံတမန် မစေလွှတ်ဘဲ နေခဲ့ဖူးပါတယ်။

၂၀၁၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်ရလာတဲ့ နောက်မှာတော့ အမေရိကန် သမ္မတဟောင်း ဘာရတ် အိုဘားမားရဲ့ အာရှဗဟိုပြုရေး စီမံကိန်းအရ အမေရိကန်ဟာ တခြားနိုင်ငံတွေထက် လက်ဦးမှုယူပြီး မြန်မာနဲ့ ဆက်ဆံရေးကို ပုံမှန် အခြေအနေရောက်အောင် ပြန်လည် တည်ဆောက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်မှာ ဟီလာရီ ကလင်တန်ဟာ အမေရိကန်ရဲ့ လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးအနေနဲ့ မြန်မာနိုင်ငံကို ၅၇ နှစ်အတွင်း ပထမဆုံးအကြိမ် ရောက်ရှိခဲ့ပါတယ်။ နောက်တစ်နှစ် အကြာမှာ သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့သလို စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှု တချို့ကို စတင် ဖယ်ရှားပေးခဲ့ပါတယ်။

၂၀၁၂ မှာတော့ မြန်မာ့အရေးကိစ္စတွေ ကြီးမှူး တာဝန်ယူနေခဲ့ပြီး အမေရိကန်ရဲ့ အာရှ မူဝါဒဆိုင်ရာ အသိအမြင် အများဆုံး ပုဂ္ဂိုလ် တစ်ဦးလို့ သတ်မှတ် ခံရတဲ့ ဒဲရက်ခ် မစ်ချယ်လ်ဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဖြစ်လာခဲ့ပါတယ်။

ဒီအခြေအနေတွေက အမေရိကန်ဟာ မြန်မာနဲ့ ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် အလေးပေး ဆောင်ရွက်နေကြောင်း မြင်သာစေခဲ့တဲ့တိုင် အခုတော့ စစ်တပ်ရဲ့ ဖျက်လိုဖျက်ဆီး ကိစ္စကြောင့် အခြေအနေတွေက ဒုံရင်းပြန်ဖြစ်သွားမယ့် သဘောပါပဲ။

လက်ရှိ သံအမတ်ကြီး ဗက်ဂျ်ဒါက အာဏာသိမ်းမှု မတိုင်ခင်လေးတင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကမှ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ ဗက်ဂျ်ဒါ မတိုင်ခင် သံအမတ်ကြီးတွေက ၄ နှစ်လောက် တာဝန်ယူခဲ့ဖူးပေမယ့် ဗက်ဂျ်ဒါကတော့ ၂ နှစ်မပြည့်ခင် မြန်မာနိုင်ငံကို စွန့်ခွာတော့မယ့် သဘောပါ။

အမေရိကန်ဟာ မဟာမိတ် နိုင်ငံတချို့ရဲ့ လမ်းစဉ်ကို လိုက်လံ ကျင့်သုံးလာတယ်လို့လည်း ပြောနိုင်ပါတယ်။ ဂျာမနီ၊ အီတလီ၊ ဩစတြေးလျ၊ ကနေဒါနဲ့ တောင်ကိုရီးယားတို့ဟာ မြန်မာနိုင်ငံမှာ သံရုံး ဖွင့်ထားပေမယ့် သံအမတ်ကြီးတွေ မထားကြတော့ပါဘူး။

ဥရောပ နိုင်ငံတွေရဲ့ သံတမန် မစ်ရှင်တွေကလည်း မြန်မာနိုင်ငံကို သံအမတ်ကြီးတွေ မပို့တော့ဖို့ ညှိနှိုင်း သဘောတူထားကြကြောင်း ဌာနေ သံတမန် အသိုက်အဝန်းက ပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ အာရှနိုင်ငံ တချို့ကတော့ မင်းအောင်လှိုင် ဦးဆောင်နေတဲ့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို သံတမန်ရေးအရ အသိအမှတ် ပြုဖို့ သင့်မသင့် သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။

ထိုင်းက မြန်မာနိုင်ငံမှာ သံတမန် ထားရှိပေမယ့် အာဆီယံ အဖွဲ့ဝင်တွေဖြစ်တဲ့ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းတို့ကတော့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်တွေ စေလွှတ်မထားဘဲ သံရုံးကြီးကြပ်ရေး ယာယီ တာဝန်ခံ သဘောမျိုးသာ ခန့်အပ်ထားပါတယ်။

အိန္ဒိယ၊ သီရိလင်္ကာ၊ ဆော်ဒီအာရေးဘီးယားနဲ့ ဘီလားရုစ်တို့ အပါအဝင် နိုင်ငံတချို့ကတော့ မြန်မာနိုင်ငံကို သံအမတ်တွေ စေလွှတ်ပြီး မင်းအောင်လှိုင်ကို သံတမန်ရေးအရ အသိအမှတ်ပြု ဆက်ဆံနေကြောင်း သိရပါတယ်။

You May Also Like

သတင်း

"အဆိုပါ စစ်ဆင်ရေးတွင် အောင်လှိုင်ဝင်း(ခ) ကုလားကြီးအား သေနတ်ဖြင့် (၄)ချက် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် သေဆုံးသွားခဲ့သည်"ဟု ဖော်ပြသည်။

သတင်း

ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)မှ တရားဝင်အသိအမှတ်ပြုသော အစိုးရကိုယ်စားလှယ်များကို ဂျီနီဗာထိပ်သီးညီလာခံသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိအချိန်အထိ စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို UNGA က အသိအမှတ်မပြုသေးကြောင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

စစ်အုပ်စုရဲ့ ကျူးကျော်ရှင်းလင်းမှာစစ်တပ်၊ ရဲအင်အားတင်မက လူမိုက်တွေလည်းပါဝင်ကြတယ်လို့ မြေပြင်သတင်းတွေအရသိရပါတယ်။

သတင်း

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၁၂ နာရီခန့်က မြင်းခြံမြို့နယ်၊ ဗလုံကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ပျူစောထီးတစ်ဦးလည်းဖြစ်သူ ဦးကျော်ဆွေ၏ နေအိမ်သို့ NRDF က ရဲတပ်ဖွဲ့ပုံစံ အသွင်ယူပြီး သွားရောက်ခဲ့သည်။