Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘာ၁၁ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ဗြိတိန်ပါလီမန်အဆောက်အဦမှာ ဦးဂျင်မီပုံကို မီးရောင်ထိုးပြီး မြန်မာပြည်ကို မမေ့လျော့ဖို့တောင်းဆို

နွေဦးတော်လှန်ရေးကာလမှာ ကျဆုံးခဲ့တဲ့ သူရဲကောင်းတွေကို အောက်မေ့ဂုဏ်ပြုခြင်းအခမ်းအနားကို ဗြိတိန်ပါလီမန်ရင်ပြင်(Parliament Square)မှာ ဒီဇင်ဘာ ၈ ရက်က ဆီမီးထွန်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာတာ၀န်ခံမှုရှိရေးအဖွဲ့ Myanmar Accountability Project က ဦးဆောင်ပြုလုပ်တဲ့ အဲ့ဒီအခမ်းအနားမှာ မြန်မာနိုင်ငံသားများလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားသတ်ဖြတ်ခြင်းခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီရဲ့ ဓာတ်ပုံကို ပါလီမန်အဆောက်အဦမှာ မီးရောင်ထိုးပြသခဲ့ပြီး တက်ရောက်လာသူတွေက ‘အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ခြင်းရပ်တန့်ဖို့’ တောင်းဆိုခဲ့ပါတယ်။ နောက်ပြီး စစ်တပ် သတ်ဖြတ်ခြင်းခံရတဲ့ အရပ်သားတွေရဲ့ ဓာတ်ပုံတွေနဲ့ ဦးဂျင်မီကို ပုံဖော်ထားတဲ့ အနုပညာရှင် Paulo Andringa ရဲ့အနုပညာလက်ရာကိုလည်း အထင်ကရမုဒ်ဦး Marble Arch မှာ ပြသခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုဟာ စစ်အုပ်စုရဲ့ မတရားကြိုးပေးကွပ်မျက်ခံရသူ ဦးဂျင်မီနဲ့တကွ မြန်မာပြည်ကို မမေ့လျော့ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

▪︎စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး ပအိုဝ်းပြည်သူများ ပိုမိုတိုက်ပွဲဝင်ကြဖို့ PNFC ပန်ကြား

ပအိုဝ်းပြည်သူတွေအနေနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တိုက်ပွဲတို့မှာ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)နဲ့အတူ ဆထက်ထမ်းပိုးလက်တွဲကာ တိုက်ပွဲဝင်ကြဖို့ PNFCက ဒီနေ့ ပန်ကြားလိုက်ပါတယ်။

PNFCက ဒီနေ့ ကျင်းပတဲ့ (၇၃)နှစ်မြောက်ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ အခုလို တိုက်တွန်းဖော်ပြတာပါ။ လက်ရှိ အခြေအနေများအရ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် ချုပ်ကိုင် ချယ်လှယ်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဟာ ပဋိပက္ခ ပေါင်းစုံနဲ့ ပြိုကွဲလုနီးနီးဖြစ်နေပြီလို့ PNFCက ဆိုပါတယ်။ စစ်အုပ်စုဟာ စစ်ရေးအရ ရှုံးနိမ့်မှုများကို ဆက်လက်ရင်ဆိုင်နေရပြီး အုပ်ချုပ်ရေးယန္တရားကိုလည်းအပြည့်အ၀ ကိုင်တွယ်နိုင်စွမ်းမရှိတော့ဘဲ နိုင်ငံတကာ ဆက်ဆံရေးမှာလည်း လက်တဆုပ်စာ နိုင်ငံတချို့က လွဲလို့ စစ်အုပ်စုရဲ့ ကိုယ်စားပြုပိုင်ခွင့်ဟာ သုညအဆင့်သို့ ရောက်ရှိနေပြီလို့ PNFCက ဖော်ပြပါတယ်။

(၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို အွန်လိုင်းမှ ပြုလုပ်နေစဉ်
(၇၃)နှစ်မြောက် ပဒေသရာဇ်စနစ်ဆိုးဆန့်ကျင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ကို အွန်လိုင်းမှ ပြုလုပ်နေစဉ်

▪︎ကွမ်းလုံမြို့နယ်​ချောင်းအတွင်းအ​လောင်းတစ်​လောင်း​တွေ့

ရှမ်းပြည်နယ်မြောက်ပိုင်းကွမ်းလုံမြို့နယ်မှာ ချောင်းအတွင်းမျောပါလာတဲ့ ရုပ်အလောင်းတစ်လောင်းကို ဒေသခံတွေက တွေ့ရှိခဲ့ပြီး လူမှုကူညီရေးအဖွဲ့များက မီးရှို့သဂြိုလ်လိုက်တယ်လို့ သိရပါတယ်။ ကွမ်းလုံမြို့နယ်၊ ဖာဆန်ကျေးရွာအနီးချောင်းထဲမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတစ်လောင်းကို မနေ့က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ အဲဒီရုပ်အလောင်းဟာ ချောင်းအတွင်း မျောနေတာ ကြာပြီဖြစ်ပြီး ရုပ်မပီပြင်တော့ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဘယ်သူဘယ်ဝါမသိရပေမယ့် ဒေသခံတွေက အဲဒီရုပ်အလောင်းကို စစ်ကောင်စီတပ်သားဖြစ်တယ်လို့ ယူဆပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်နဲ့ ဒီဇင်ဘာဆန်းမှာ စစ်ကောင်စီတပ်နဲ့ MNDAA တို့ ကွမ်းလုံမြို့နဲ့ ထိစပ်နေတဲ့ ချင်းရွှေဟော်၊ သိန္ဒီမြို့တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ၎င်းတို့တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေကို စွန့်ပစ်ထွက်ပြေးခဲ့ပါတယ်။

▪︎TNLA နဲ့ စစ်ကောင်စီတပ်ငါးရက်​မြောက်တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ ကုန်းသာကျေးရွာ နဲ့ ဟူမန်းကျေးရွာအနီးတစ်ဝိုက်မှာ တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ ငါးရက်​မြောက်တိုက်ပွဲ ဆက်လက်ပွားဖြစ်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၇ ရက် နေ့ခင်းက စတင်ခဲ့တဲ့ တိုက်ပွဲမှာ ဒီနေ့ ၅ ရက်မြောက်နေ့ဖြစ်ပြီး နေ့​ရောညပါတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း နဲ့ လက်နက်ကြီး ပစ်ကူများ အသုံးပြု တိုက်ခိုက်နေခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က TNLA တပ်စခန်း ရှိရာသို့ ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဒေသတွင်းရှိ ရွာလေးရွာမှ ပြည်သူ ၁၀၀၀ ခန့် စစ်ဘေးရှောင်နေရတယ်လို့ TNLAက အသိပေးပါတယ်။ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု၊လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူတွေရဲ့ နေအိမ်များ ပျက်စီးမှုရှိခဲ့တဲ့အပြင် စစ်ကောင်စီတပ်က ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

(TNLA တပ်ဖွဲ့ဝင်များကိုစစ်​ရေးပြအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-The New york Times)
(TNLA တပ်ဖွဲ့ဝင်များကိုစစ်​ရေးပြအခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်။ ။ဓါတ်ပုံ-The New york Times)

▪︎ကောလင်းနယ် ကျေးရွာတွေကိုစစ်ကောင်စီနှစ်ရက်ဆက်မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပျဥ်သာတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က နှစ်ရက်ဆက် မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က စတင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကောလင်းမြို့နယ်၊ ဇီးဖြူကုန်း၊ လျှော်ဖြူကုန်းနဲ့ ပေပင်ချောင်ရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း ပေပင်ချောင်ရွာကို ထပ်မံဝင်ရောက်မီးရှို့နေပြီး ကုက္ကိုကုန်းရွာကိုပါ ဝင်ရောက်ဖျက်ဆီး မီးရှို့နေတယ်လို့ Kawlin Revolution KR အဖွဲ့က ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းမှာ ကျောက်ပျဥ်သာတိုက်နယ်အတွင်း ပစ်ခတ်သံများဆူညံနေတယ်လို့လည်း ဒေသခံတွေက ​ပြောပါတယ်။ ကျောက်ပြင်သာတိုက်နယ်အတွင်း စစ်ရှောင်ဦးရေ တစ်သောင်းကျော် ရှိနေတယ်လို့ KR အဖွဲ့က ဆိုပါတယ်။

▪︎စစ်​ကောင်စီတပ်စစ်​ကြောင်းကို မြောင် PDFများ ပူး​​ပေါင်းတိုက်ခိုက်

မြောင်မြို့နယ်မှာ မနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ CDSOM တာဝန်ခံ ကိုနွေဦးက​ပြောပါတယ်။ မနေ့ မနက်ပိုင်းက မြောင်မြို့ ဆင်ခေါင်းတောင်အရှေ့ဘက် တောင်ကြောသို့ရောက်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေက တိုက်ခိုက်ခဲ့​တာပါ။ ဒါပေမဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကြောင့် ကျေးရွာ ၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်း​ရှောင်နေကြရတယ်လို့ သိရပါတယ်။

▪︎နယူးယောက်ရောက် မြန်မာများ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဆန္ဒပြ

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ရှိ Time Square ရင်ပြင်မှာ မနေ့က မြန်မာများ စုပေါင်းပြီး အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် “လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့”ဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အဲဒီ ဆန္ဒထုတ်ဖော်ပွဲကို New York City Burmese Community (NYCBC)မှ ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံသား အများအပြားတက်ရောက်ခဲ့ကြပါတယ်။ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းဆီးထားသူများအား ချက်ချင်းလွှတ်ပေးရေး၊ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနစ်ဦးအပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသားပြည်သူများနဲ့အတူ တသားတည်း ရပ်တည်ရေး၊ အမျိုးသမီးအခွင့်အရေးမြှင့်တင်ရေးနဲ့ ကလေးသူငယ်အခွင့်အရေးအား ကာကွယ်စောင့်ရှောက်ကြရေး စတာတွေကို တက်ရောက်လာသူတွေက ဟောပြောဆွေးနွေးခဲ့ကြပါတယ်။

You May Also Like

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။