Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(ဒီဇင်ဘာ၁၂ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြန်မာပြည်သူတွေကို မျှော်လင့်ချက်အမှား(False Hope)မပေးဘူးလို့ NUG နိုင်ငံခြားရေး၀န်ကြီးပြော

မြန်မာပြည်သူများအတွက် မျှော်လင့်ချက်အမှား(False Hope)ဖြစ်စေမယ့် သတင်းစကားမျိုးကို သတိထားရှောင်ရှားဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်က မနေ့က အသိပေးပါတယ်။ အာဏာသိမ်းမြန်မာစစ်တပ်ကို ပိုမိုဖိအားပေးမယ့် အမေရိကန်ရဲ့ NDAA ဥပဒေကြမ်းနဲ့ပတ်သက်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ပြန်လည်ရေးသားခဲ့တဲ့အပေါ် ပြည်သူအချို့က လွဲမှားမှာ ကောက်ယူပြီး ‘မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခု ဖြစ်လာတော့မယ်’ လို့ ပြန်လည်ဖော်ပြခဲ့ကြပါတယ်။ တကယ်တမ်းမှာ ၀န်ကြီးဒေါ်ဇင်မာအောင်က အဲဒီလို ‘မယုံနိုင်ဖွယ်ရာ အရွေ့တစ်ခု ဖြစ်လာတော့မယ်’ လို့ မရေးသားခဲ့ပါဘူး။ NDAA ဥပဒေကြမ်းဟာ မဖြစ်စဖူးထူးခြားတဲ့ ( incredible) အရွေ့တခုဖြစ်တယ်လို့ ၀န်ကြီးဒေါ်ဇင်မာအောင်က ရေးသားခဲ့တာပါ။ နောက်ပြီး NDAA ဟာ ဒီမိုကရေစီအတွက်ရုန်းကန်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့ မျှော်လင့်ချက်ကို အထောက်အကူဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူတွေဟာ အာဏာရှင်စနစ်ဖြုတ်ချရေး တော်လှန်ရေးမှာ ဆက်လက်ကြံကြံ့ခံ အားတင်းပါဝင်နေဖို့လိုအပ်သလို ဆက်လက်ပါဝင်နေဖို့ အားအင်တွေ ရှိဖို့ လိုအပ်တယ်ဆိုတာလည်း အမှန်တရားပါလို့ ၀န်ကြီးဒေါ်ဇင်မာအောင်က ရေးသားထားပါတယ်။

▪︎မြန်မာ့အရေးမှာ အာဆီယံ လမ်းကြောင်းအတိုင်း လိုက်ပါဖို့ အိန္ဒိယကို အင်ဒို ပြော

စစ်ကောင်စီနဲ့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်နေတဲ့ အိန္ဒိယအစိုးရအနေနဲ့ အာဆီယံရဲ့ နည်းလမ်းအတိုင်း လိုက်ပါဆောင်ရွက်ဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နိုမာဆူဒီက တိုက်တွန်းလိုက်ပါတယ်။ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံတဲ့ အိန္ဒိယရဲ့ လုပ်ရပ်ဟာ မြန်မာပြည် ဒီမိုကရေစီပြန်ရဖို့အာဆီယံရဲ့ကြိုးပမ်းချက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက သတိပေးပါတယ်။ ဒါကြောင့် အိန္ဒိယအပြင် အခြားသောနိုင်ငံတွေဟာ အာဆီယံနည်းလမ်းအတိုင်း လိုက်ပါပြီး ဘုံသဘောတူညီချက် ၅ ချက်ကို စစ်ကောင်စီ အကောင်အထည်ဖော်ပေးဖို့ တိုက်တွန်းသင့်တယ်လို့ အင်ဒို နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အိန္ဒိယဟာ အာဏာသိမ်းစစ်တပ်နဲ့ ထိတွေ့ဆက်ဆံမှုတွေကို လုပ်ဆောင်နေတဲ့ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တ်နို မာဆူဒီ

▪︎ပေါင် ၅၀၀ ဗုံးများသုံးပြီး စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်လာဟု TNLA အသိပေး

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်မှာ စစ်ကောင်စီတပ်ဟာ မနေ့ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ငါးကြိမ်ပြုလုပ်ခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၇ ရက်က စတင်ခဲ့တဲ့ တိုက်ပွဲဖြစ်ပွားမှုနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းအထိ စစ်ရေးအခြေအနေကို TNLAက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်က အလေးချိန်ပေါင် ၅၀၀ ရှိ ဗုံးများ အသုံးပြုပြီး တိုက်ပွဲဖြစ်ပွားရာ အနီးသို့ နှစ်ကြိမ်၊ နမ့်ဆန်မြို့နယ် ရေပုံးကျေးရွာအနီး သုံးကြိမ် စုစုပေါင်းငါးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အဲဒီတိုက်ခိုက်မှုများအတွင်း လူထိခိုက်မှုမရှိခဲ့ဘူးလို့ TNLAက ထုတ်ပြန်ပါတယ်။

(နမ့်ဆန်တိုက်ပွဲ စစ်ကောင်စီ​၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - TNLA)
(နမ့်ဆန်တိုက်ပွဲ စစ်ကောင်စီ​၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ – TNLA)

▪︎KTV မှာ ဖမ်းဆီးခဲ့​တဲ့ စစ်​ကောင်စီဝန်ထမ်းနှစ်ဦးကို NUGက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်

ကာရာအို​ကေ(KTV)နဲ့ အနှိပ်ခန်းမှာ ပိတ်ဆို့ဖမ်းဆီးခဲ့​​တဲ့ စစ်​ကောင်စီရဲ့ ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာနဲ့ အငယ်တန်းစာရေးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ အမှုဖွင့်လိုက်တယ်လို့ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) ရဲမှူးအောင်ကြီးက ပြောပါတယ်။ ပြည်သူ့ရဲချုပ်ရုံးရဲ့ ညွှန်ကြားချက်အရ အဲဒီ စစ်ကောင်စီ၀န်ထမ်းနှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ တရားစွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စတင်ဖမ်းဆီးစဥ်က စစ်ကောင်စီတပ်ရဲ့ တပ်ကြပ်တစ်ဦးပါဝင်ပြီး တပ်ကြပ်က ပြန်လည် ခုခံခဲ့လို့ အသေပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ တရားခံတွေကို နိုင်ငံတကာလူ့အခွင့်အရေးစံချိန်စံနှုန်းများနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)
(ဖမ်းဆီးခံထားရ​သော စစ်​ကောင်စီ ဝန်ထမ်းနှစ်ဦး။ ဓါတ်ပုံ- KPS)

▪︎က​လေးမြို့နယ်မှာ တိုက်ပွဲဖြစ်

ကလေးမြို့နယ်မြောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဒီနေ့ မနက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ က​လေးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့(က​လေး-PDF) အပါအဝင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေနဲ့ စစ်ကောင်စီတပ်ဟာ ကလေးမြို့နယ်မြောက်ပိုင်း၊ ကလေး-တမူးအာရှလမ်းမကြီးဘေးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတာလို့ PDF တစ်ဦးကပြောပါတယ်။ ပြည်သူတွေအနေနဲ့ ကလေးမြောက်ပိုင်းဘက်ကို အသွားအလာ သတိပြုပေးဖို့လည်း အဲဒီ ရဲဘော်က ဆိုပါတယ်။

▪︎တစ်လအတွင်း ထီးချိုင့်မြို့နယ် ကျေးရွာ ၂၁ ရွာမှ နေအိမ် တစ်ထောင်ခန့် မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှ ကျေးရွာ ၂၁ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်သွားရာ နေအိမ် တစ်ထောင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထီးချိုင့်ဒေသခံက ပြောပါတယ်။ တပ်မ (၈၈)လက်အောက်ခံ စစ်ကောင်စီတပ်စစ်ကြောင်းဟာ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ထီးချိုင့်နယ်သို့ ဝင်ရောက်ပြီး ရွာစဉ်ပတ် လိုက်လံမီးရှို့ခဲ့တာလို့ ဆိုပါတယ်။ ပထမစစ်ကြောင်းက မီးမရှို့လို့ နောက်ထပ်စစ်ကြောင်းထပ်ပို့ပြီး မီးလောင်ပြင်ဖြစ်အောင် ရွာစဉ်ပတ် မီးရှို့သွားတာလို့လည်း ဒေသခံက ပြောပါတယ်။ မီးရှို့မှုများ လုပ်ဆောင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ လတ်တလောမှာ စစ်ကြောင်း သုံးခုခွဲပြီး ကောလင်းနယ်စပ်၊ ထီးချိုင့်မြို့အနီးနဲ့ ထီးချိုင့်မြို့တွင်း နေရာတို့မှာ ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

▪︎ကောလင်းနယ်ရှိ ကျေးရွာငါးရွာမီးရှို့ဖျက်ဆီးခံရပြီး နေအိမ်အများအပြား ပြာကျ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ကျောက်ပျဥ် သာတိုက်နယ်ရှိ ကျေးရွာ ငါးရွာ မီးရှို့ဖျက်ဆီးခံရပြီး အိမ်ခြေအများအပြား မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီဇင်ဘာ ၉ ရက်က ကိုးတောင်ဘို့မှ ထွက်ခွာလာတဲ့ စစ်ကြောင်း ခမရ(၃၆၃)အင်အား ၇၃ ဦး၊ ချပ်သင်းမှ ထွက်လာတဲ့ ခမရ (၃၆၉)နဲ့ (၃၆၁ )အင်အား ၆၃ ဦး စစ်ကြောင်းနှစ်ကြောင်းပေါင်းကာ ကောလင်းမြို့နယ်၊ ကျောက်ပျဥ်သာတိုက်နယ်သို့ စတင်ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁ဝ ရက်မှစတင်ကာ ဇီးဖြူကုန်း၊ လျှော်ဖြူကုန်း၊ ညောင်ကုန်း၊ ပေပင်ချောင်၊ ကုက္ကိုကုန်းကျေးရွာများကို ဆက်တိုက်မီးရှို့ဖျက်ဆီးခံခဲ့ရတာပါ။ ကောလင်းမြို့နယ်မှာ စစ်ရှောင်ရွာ (၂၃)ရွာအထိရှိနေပြီး ဒေသခံပြည်သူ ၂၃,၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ဆေးဝါးနဲ့ အဝတ်အထည်၊ ခြုံထည်များလိုအပ်နေကြောင်း ကောလင်းပြည်သူ့အုပ်ချုပ်ရေး(ပအဖ)နဲ့ ပြည်သူ့လုံခြုံရေး(ပလဖ)တို့က ထုတ်ပြန်အသိပေးထားပါတယ်။

▪︎တန့်ဆည်နယ် ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို တိုက်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်အုပ်စုထိခိုက်သေဆုံးမှုရှိတယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက တန့်ဆည်မြို့နယ်၊ ဘေရင်းရွာသစ်အတွင်း စစ်ကောင်စီတပ်နဲ့ ပျူများ ကင်းလှည့်လာစဥ် ပ.က.ဖ အဖွဲ့က တိုက်မိုင်း နှစ်ကြိမ်ခွဲကာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ပျူ နှစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ခံက ပြောပါတယ်။

You May Also Like

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၁ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၂ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။