Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထင်ထင်ရှားရှားဆုပ်ကိုင်ပြနိုင်သည့် စစ်ရေးအောင်နိုင်မှုရအောင်ကြိုးစားရမည်ဟု ယာယီသမ္မတပြော

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မခွဲခြားဘဲ လေကြောင်းမှ တိုက်ခိုက်နေသည့် အခြေအနေကိုလည်း ယာယီသမ္မတက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

ထင်ထင်ရှားရှားဆုပ်ကိုင်ပြနိုင်သည့် စစ်ရေးအောင်နိုင်မှုရအောင်ကြိုးစားရမည်ဟု ယာယီသမ္မတပြော
ထင်ထင်ရှားရှားဆုပ်ကိုင်ပြနိုင်သည့် စစ်ရေးအောင်နိုင်မှုရအောင်ကြိုးစားရမည်ဟု ယာယီသမ္မတပြော

▪️အရပ်သားသေကြေမှု၊ တော်လှန်ရေးရဲဘော်များ အကျအဆုံးနည်းနိုင်သမျှနည်းရေး အဓိကထားလုပ်ရန် တိုက်တွန်း

စစ်ကောင်စီ၏ စစ်ရေးအရှိုက်ကိုထိုးနှက်နိုင်ရန် နိုင်ငံရေးအရလုပ်နိုင်သမျှကိစ္စရပ်များ အားလုံး လုပ်ကြရလိမ့်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

“တစ်ဖက်မှာလည်း အရပ်သားသေကြေမှုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ရမှာဖြစ်သလို မိမိတို့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ ရဲဘော် ရဲဘက်တွေ အကျအဆုံး နည်းနိုင်သမျှ နည်းရေးကို အဓိကလုပ်ဆောင်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၈)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက အထက်ပါအတိုင်း ပြောဆိုခဲ့ရာ နွေဦးတော်လှန်ရေး၏ အောင်ပွဲသည် စစ်ရေးအောင်နိုင်မှုနှင့် နိုင်ငံရေးအရခိုင်မာစွာထောက်ခံမှု ရှိထားရေးအပေါ် မူတည်နေသည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။

“ဒါ့ကြောင့် ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်တဲ့ စစ်ရေး အောင်နိုင်မှုတွေရအောင်လည်း ကျွန်တော်တို့ ကြိုးစားကြရမယ်။ တစ်ဖက်မှာလည်း ပြည်တွင်းနိုင်ငံရေး ထောက်ခံမှုရေချိန် လျော့ပါးမသွားအောင် လုပ်ထားရပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေထဲမှာ မိတ်ဆွေ နိုင်ငံတွေ တိုးပွားရေးကို အစဉ်တစိုက် လုပ်ဆောင်နေရပါလိမ့်မယ်။ ပြည်တွင်းက တော်လှန်သောအစုအဖွဲ့အားလုံးနဲ့ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရမှ ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်”ဟု ယာယီသမ္မတက အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားသည်။

စစ်ကောင်စီတပ်သည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်မခွဲခြားဘဲ လေကြောင်းမှ တိုက်ခိုက်နေသည့် အခြေအနေကိုလည်း ယာယီသမ္မတက မိန့်ခွန်း၌ ထည့်သွင်း ပြောကြားသည်။

“ပြည်တွင်းမှာ စစ်ရေးအသာစီးရဖို့ နိုင်ငံရေးကို နည်းမျိုးစုံနဲ့ လှည့်ကွက်တွေထွင်ပြီး လုပ်ဆောင်နေတာကိုလည်း တွေ့ရပါတယ်။ လေကြောင်း ထိုးစစ်တွေကို အဓိကထားပြီး လုပ်လာတာဟာ စစ်ကောင်စီရဲ့ မြေပြင် ကြည်းတပ် အင်အား ယုတ်လျော့ချိနဲ့ လာတာကို ပြနေပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းထိုးစစ်ကြောင့် အရပ်သားပြည်သူ လူထုထဲမှာ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်ပိုများလာပါတယ်။”ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ ရှင်သန်ရပ်တည်နိုင်ရေးအတွက် မည်သည့်ကိစ္စမဆို လက်မရွံ့လုပ်နိုင်သည်ကို အထင်အရှားမြင်နေရကြောင်းလည်း ယာယီသမ္မတက ပြောသည်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေမှာတော့ ကျင့်ဝတ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေအရ စစ်ကို စစ်လို မတိုက်နိုင်တာတွေ ရှိနေတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မူနဲ့ ၊စနစ်နဲ့၊ ကျင့်ဝတ်နဲ့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းစဉ်မို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ တရားသောစစ်ရဲ့ ကျင့်ဝတ်တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေရသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနေရပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

You May Also Like

သတင်း

စစ်ကောင်စီသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် နည်းမျိုးစုံဖြင့် လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများမည်မျှပင် သေဆုံးစေကာမူ နှိပ်စက် ဖျက်ဆီးမည်ဖြစ်ကြောင်း ရိုက်တာ သတင်းဌာနမှတဆင့် နိုင်ငံတကာသို့ ပြောသည်။

သတင်း

တော်လှန်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေးအတွက် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရန် ကြိုပမ်းရာအချို့ကိုလူသိရှင်ကြား ထိတွေ့ဆက်ဆံနေပြီးအချို့ကို လူမသိ သူမသိ ချိတ်ဆက်မှုရှိကြောင်း ယာယီသမ္မတက ပြောသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

မြန်မာ့သမိုင်းစဉ်တစ်လျှောက်လုံးကို ကြည့်ပါက အမျိုးအလိုက်အုပ်စုဓလေ့ အပြိုင်ထွန်းကားတာ ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် အမျိုးသားစည်း လုံးညီညွတ်မှု၌အားနည်းခဲ့ကြောင်း ယာယီသမ္မတက ပြောသည်။