Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ညနေခင်းသတင်းလွှာ

ဒီနေ့(ဒီဇင်ဘာ၁၃ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ထင်ထင်ရှားရှားဆုပ်ကိုင်ပြနိုင်တဲ့ စစ်ရေးအောင်နိုင်မှုရဖို့ ကြိုးစားရမယ်လို့ ယာယီသမ္မတပြော

စစ်ကောင်စီရဲ့ စစ်ရေးအရှိုက်ကိုထိုးနှက်နိုင်ဖို့ နိုင်ငံရေးအရ လုပ်နိုင်သမျှကိစ္စရပ်များ အားလုံး လုပ်ကြရလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့ ကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်မာစွာထောက်ခံမှုရှိထားရေးအပေါ် မူတည်နေတယ်လို့ သူက ဆိုပါတယ်။ တစ်ဖက်မှာလည်း အရပ်သားသေကြေမှုတွေ နည်းနိုင်သမျှ နည်းအောင်လုပ်ရမှာဖြစ်ပြီး မဟာမိတ်တော်လှန်ရေးအင်အားစုတွေရဲ့ ရဲဘော် ရဲဘက်တွေ အကျအဆုံး နည်းနိုင်သမျှ နည်းရေးကို အဓိကလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ ပြည်တွင်းက တော်လှန်သော အစုအဖွဲ့အားလုံးနဲ့ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်းထားရမှာဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ထင်ထင်ရှားရှားဆုပ်ကိုင်ပြနိုင်သည့် စစ်ရေးအောင်နိုင်မှုရအောင်ကြိုးစားရမည်ဟု ယာယီသမ္မတပြော
ထင်ထင်ရှားရှားဆုပ်ကိုင်ပြနိုင်သည့် စစ်ရေးအောင်နိုင်မှုရအောင်ကြိုးစားရမည်ဟု ယာယီသမ္မတပြော

▪︎ကုလမှာ မြန်မာကိုယ်စားပြုထိုင်ခုံနေရာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ရရှိ

ကုလသမဂ္ဂဟာ မြန်မာစစ်ကောင်စီအဆိုပြုတဲ့ သံအမတ်ကို ပယ်ချခဲ့ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်လိုက်ပါတယ်။ ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီ(UN Credentials Committee)က အခုလို သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ဖို့ သဘောတူဆုံးဖြတ်ခဲ့တာဖြစ်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံကို ဆက်လက်အစီရင်ခံဖို့ ကျန်ရှိပါသေးတယ်။ အစောပိုင်းကတည်းက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ရုရှားကလွဲလို့ Credentials Committee အတွင်းသဘောတူညီမှုရရှိခဲ့ပေမယ့် သဘောတူညီချက်ကို ရုရှားက ဖျက်ဆီးမှာကိုစိုးရိမ်လို့ နှောင့်နှေးနေတာလို့ Al Jazeera သတင်းဌာနက ပြီးခဲ့တဲ့သီတင်းပတ်က ရေးသားဖော်ပြပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို NLD အရပ်သားအစိုးရက ခန့်အပ်ခဲ့ပြီး ၂၀၂၁ စစ်အာဏာသိမ်းချိန်မှာ သံအမတ်ကြီးက မြန်မာပြည်သူတွေနဲ့ တသားတည်း ရပ်တည်ခဲ့ပါတယ်။

▪︎စစ်ကောင်စီဖမ်းထားတဲ့ KBCခေါင်းဆောင်ဒေါက်တာခလမ်ဆမ်ဆွန်ကို ၉ ရက်ကြာသည်အထိပြန်လွှတ်မပေးသေး

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည်မှာ ၉ရက်ကြာပြီဖြစ်ပြီး ဒီနေ့အချိန်ထိ အဆက် အသွယ်မရသေးဘူးလို့ ကချင်အသိုင်းအဝိုင်းက ပြောပါတယ်။ လက်ရှိ KBC အကြံပေးဖြစ်သူ ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ဒီဇင်ဘာ ၅ ရက်က ထိုင်းနိုင်ငံသို့ သွားရောက်မယ့်ခရီးစဉ်အတွင်း စစ်ကောင်စီတပ်က မန္တလေးလေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။ အဲဒီလို ဖမ်းဆီးပြီး ဒေါက်တာခလမ်ဆမ်ဆွန်ကို မည်သည့်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုသည်ကို ဒီနေ့အထိမသိရသေးဘူးလို့ KBC ဓမ္မဆရာတစ်ပါးက ပြောပါတယ်။ ဒေါက်တာခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းအားဖြင့် နောက်ထပ် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားမှုရှိတဲ့ ကချင်များကိုဖိနှိပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းခြင်း ဖြစ်တယ်လို့ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဖမ်းထားသည့် KBC ခေါင်းဆောင်ဒေါက်တာခလမ်ဆမ်ဆွန် ၉ရက် ကြာသည်အထိ ပြန်လွှတ်မပေးသေး
စစ်ကောင်စီဖမ်းထားသည့် KBC ခေါင်းဆောင်ဒေါက်တာခလမ်ဆမ်ဆွန် ၉ရက် ကြာသည်အထိ ပြန်လွှတ်မပေးသေး

▪︎LGBT အရေး လှုပ်ရှားသူ စူးရှရှင်းသန့် မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်ချခံရ

စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ LGBT အရေးလှုပ်ရှားသူ စူးရှရှင်းသန့်ကို စစ်ကောင်စီ မန္တလေး အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ် ၂၂ နှစ် ချလိုက်တယ်လို့ စုံစမ်းသိရပါတယ်။ အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် ရုံးချိန်းမှာ ထောင်ချလိုက်တာလို့ တရားရေးအသိုင်းအဝိုင်းပြောပါတယ်။ အကြမ်းဖက်ပုဒ်မနဲ့ စွပ်စွဲရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ စူးရှရှင်းသန့်ကို ပြီးခဲ့တဲ့ ၂၀၂၁ အောက်တိုဘာလအတွင်းက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

▪︎နမ့်ဆန်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဆက်လက်ဗုံးကြဲ

တအာင်းတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ်တို့ မနေ့ကစပြီး မြေပြင်တိုက်ပွဲရပ်သွားပေမယ့် စစ်ကောင်စီတပ်က လေကြောင်းမှ ကင်းထောက်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းဆက်လက်ပြုလုပ်နေ​တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောပါတယ်။ TNLA တပ်မဟာ(၂) စစ်ဒေသ နမ့်ဆန်မြို့နယ် ကုန်းသာရွာနှင့်အနီးတဝိုက်သို့ စစ်ကောင်စီက ရဟတ်ယာဉ်တွေနဲ့ စစ်အင်အားချပြီး ထိုးစစ်ဆင်လာလို့ ဒီဇင်ဘာ ၇ ကနေ ၁၁ ရက် ညပိုင်းအထိ ငါးရက်ဆက် ​နေ့ရော ညပါတိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ မြေပြင်တိုက်ပွဲများမှာ နှစ်ဖက်ထိခိုက်ကျဆုံးရှိခဲ့ပေမယ့် အသေးစိတ် အခြေအနေများ မသိရသေးဘူးလို့ တားအိုက်ကျော်က ပြောပါတယ်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ - TNLA)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်​ဒေသခံပြည်သူများ၏နေအိမ်များ ပျက်စီးနေစဉ်။ဓာတ်ပုံ – TNLA)

▪︎ပြောင်းရိတ်နေတဲ့ ပြည်သူများကို လက်နက်ကြီးနဲ့ ပစ်တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာရှိ ပြောင်းရိတ်နေတဲ့ ပြည်သူများကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးစခန်းကို လက်နက်ကြီးနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Demo Pauk KWE (ဒီမိုပေါက်ကွဲ)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းကနေ ညနေပိုင်းအထိ စစ်ကိုင်းခရိုင်အတွင်းရှိ ပျူရွာ ကြွယ်ပုံကျေးရွာကို Demo Pauk KWE (ဒီမိုပေါက်ကွဲ)အဖွဲ့က လက်နက်ကြီး (၆၀) မမ ၃၅လုံး၊ ပူးပေါင်းမဟာမိတ်များလက်တွဲပြီး စုစုပေါင်း (၆ဝ) မမ အလုံး ၁၀၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ နည်းပညာအကူအညီများပေးကာပူးပေါင်းခဲ့တဲ့ Farmers Revolution Force – မုံရွာခရိုင်တပ်ရင်း (၈) တာဝန်ခံက ပြောပါတယ်။ စစ်အုပ်စုဘက်က ထိခိုက်မှုများရှိပြီး အသေးစိတ်မသိရသေးဘူးလို့ ဆိုပါတယ်။

▪︎၁၂ ရက်အတွင်း ဒီပဲယင်းအရှေ့ခြမ်းရှိ နေအိမ်ပေါင်း ၁,၆၀၀ ကျော်မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၁၂ ရက်အတွင်း ရွာပေါင်း ၁၈ ရွာရှိ နေအိမ် ၁,၆၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာလဆန်းမှ ၁၂ ရက်အထိ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ အချို့ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ဒီတကြိမ်မီးရှို့ဖျက်ဆီးမှုဟာ စစ်ကောင်စီတပ်က ကျေးရွာနေပြည်သူတွေရဲ့ နေထိုင်၊ စားသောက်ရေး အခက်အခဲများ ပိုဖြစ်လာစေဖို့ တမင်ရည်ရွယ် လုပ်ဆောင်ခဲ့တာလို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံပြည်သူ ၂၀,၀၀၀ ခန့်အထိ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး ‌နီးစပ်ရာ ဆွေမျိုး၊ ဘုရား၊ ကျောင်းကန်များမှာသာ နေထိုင်နေရပါတယ်။

▪︎ပေါက်နယ် PDFကင်းစခန်းများကိုရမ်းသမ်းပစ်ခတ်ခဲ့တဲ့ ပျုစခန်းကို လက်တုံ့ပြန်တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာရှိ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက PDFကင်းစခန်းများကို ရမ်းသမ်းပစ်ခတ်ခဲ့လို့ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ လေးဦးထက်မနည်း ပြင်းထန်​ဒဏ်ရာ ရရှိနိုင်တယ်လို့ Anonymous Special Task Force -Pauk အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ပျူစောထီးများက ကင်းပတ်လာရင်း (၄၀)မမ ဗုံးသီးများ၊ လက်နက်ငယ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေရဲ့ ကင်းများကို ရမ်းသမ်းပစ်ခတ်ခဲ့လို့ တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ကုက္ကိုစုရွာရှိ ပျူများကို Rocket (၆)လုံး၊ လက်နက်ကြီး (၁၁)လုံး၊ ဒရုန်းဗုံးသီးတွေနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့တာလို့ ASTF-Pauk အဖွဲ့က အသိပေးပါတယ်။

You May Also Like

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၂ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့(ဒီဇင်ဘာ၁၁ရက်)ညနေခင်းသတင်းတွေကိုPeople’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၅ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဒီဇင်ဘာ ၄ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။