Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (ဒီဇင်ဘာ ၁၄ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် မတရားသဖြင့် စစ်ကောင်စီ အမှုထပ်တိုး

NLD အစိုးရ မန္တလေး စည်ပင်ဝန်ကြီး ဒေါက်တာရဲလွင်နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ကို လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်ဘဲ ထပ်တိုးစွဲထားတဲ့ အမှုတွေအတွက် စစ်ကောင်စီက အိုးဘိုထောင်တွင်းတရားရုံးမှာ စစ်ဆေးမှုတွေ စတင်လုပ်နေပါတယ်။ ဆူပူအောင်လှုံဆော်မှုနဲ့အာဏာသိမ်းပြီးနောက် ဖမ်းဆီးကာ ထောင် ၂ နှစ်စီချထားတဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်နဲ့စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက လွတ်ရက်စေ့ခဲ့တာပါ။ ဒါပေမယ့်စစ်ကောင်စီက ပြန်မလွတ်ဘဲ နိုင်ငံပိုင်ပစ္စည်းအလွဲသုံးမှု ရာဇသတ်ကြီး ပုဒ်မ ၄၀၉ နဲ့ထပ်တိုးတရားစွဲတာကို လုပ်ခဲ့ပါတယ်။ အဲဒီပုဒ်မ ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်တသက်အထိ ချလို့ရတဲ့ပုဒ်မလည်းဖြစ်ပါတယ်။

မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး
မြို့တော်ဝန် ဒေါက်တာရဲလွင်အပေါ် ထပ်တိုးထားတဲ့အမှု စစ်ကောင်စီ စတင်စစ်ဆေး

▪︎ကန့်ဘလူနဲ့ ကျွန်းလှနယ်မှာ အာဏာသိမ်းပြီးစစ်ကောင်စီ လက်ချက်ကြောင့် အရပ်သား ၈၁ ဦး အသက်ဆုံးရှုံးခဲ့ရ

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ဖမ်းဆီးနှိပ်စက်ခြင်း၊ လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်း ၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ၈၁ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ နိုဝင်ဘာလအထိ စုဆောင်းထားတဲ့ အချက်အလက်များ ဖြစ်ပြီး မသိရသေးတဲ့ အချက်အလက်များ ကျန်ရှိနိုင်သေးတယ်လို့ ဖော်ပြပါတယ်။ အသက်ဆုံးရှုံးခဲ့တဲ့ အရပ်သား ၈၁ ဦးအနက် ၆၂ ဦးဟာ ကန့်ဘလူနယ်မှ ဖြစ်ပြီး ၁၉ ဦးဟာ ကျွန်းလှမြို့နယ်မှ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင် အာဏာသိမ်းပြီးစစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၈၁ဦး အသက်ဆုံးရှုံးခဲ့ရ
ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်တွင် အာဏာသိမ်းပြီးစစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၈၁ဦး အသက်ဆုံးရှုံးခဲ့ရ

▪︎စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်များ တိုက်ခိုက်

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း-၄ က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ နေ့ခင်းက လောဘူးဒါးရပ်ကွက်ကို ခြေကုပ်ယူဖို့ အင်အား ၅၀ ခန့်နဲ့ စစ်ကောင်စီက စစ်ကြောင်းထိုးလာ‌တယ်လို့ ဆိုပါတယ်။ အဲဒီစစ်ကြောင်းကို ကရင်နီတပ်မတော်(KA)နဲ့ KNDF တပ်ရင်း(၄)တို့ ပူးပေါင်းကာ ရှောင်တခင်၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပူးပေါင်းတပ်ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။

KNDF တပ်ရင်း(၄)မှ ရဲဘော်များအား စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF
KNDF တပ်ရင်း(၄)မှ ရဲဘော်များအား စစ်မြေပြင်တစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ – KNDF

▪︎ပုသိမ် – မုံရွာလမ်းပိုင်း စစ်ကောင်စီယာဥ်တန်းနဲ့ စစ်ကြောင်းကို ပဒေသာမိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ပုသိမ် – မုံရွာလမ်းပိုင်းမှာ စစ်ကောင်စီတပ်ရဲ့ ယာဥ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို ပဒေသာမိုင်းခွဲ တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများတယ်လို့ Brother Defense Force အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဒီဇင်ဘာ ၁၂ ရက်က ယင်းမာပင်မြို့နယ်၊ ပုသိမ်-မုံရွာလမ်း၊ ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီယာဥ် ငါးစီး၊ အင်အားအပြည့်နဲ့ ဆင်းလာတဲ့ ခြေလျင်စစ်ကြောင်းတို့ကို မုံရွာ-ပုသိမ်လမ်းပိုင်း တစ်နေရာမှာ ပဒေသာမိုင်းနဲ့ လေးနေရာ ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ Brother Defense Force အဖွဲ့က အသိပေးပါတယ်။

▪︎နှစ်ပတ်အတွင်း မြို့နယ်လေးခုရှိ နေအိမ်ထောင်ချီ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှာ စစ်ကောင်စီတပ်က ရေဦး၊ ခင်ဦး၊ ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ်များရှိ ကျေးရွာအများအပြားကို နှစ်ပတ်အတွင်း အိမ်ပေါင်းထောင်နှင့်ချီ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒီဇင်ဘာလအတွင်း ရွှေဘိုခရိုင်မှာ စစ်ကောင်စီတပ်ဟာ ကျေးရွာအများအပြားကို ဝင်ရောက်ဖျက်ဆီးမီးရှို့ရာ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းဟာ အများဆုံး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။ ကျေးရွာ ၂၀ ရှိ နေအိမ်ပေါင်း ၁,၇၄၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောပါတယ်။ ရေဦးမြို့နယ် ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ကပြောပါတယ်။ အလားတူ ခင်ဦးမြို့နယ်မှာလည်း အိမ်ခြေ ၇၀၀ ကျော် မီးရှိုးဖျက်ဆီးခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ တန့်ဆည်မြို့နယ်မှာလည်း အိမ်ခြေ ၁၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဓာတ်ပုံ-တန့်ဆည်မြို့နယ် ပေချောင်ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-kadumaplatform
ဓာတ်ပုံ-တန့်ဆည်မြို့နယ် ပေချောင်ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရစဥ်၊ ဓာတ်ပုံ-kadumaplatform

▪︎ကံထူးမရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းကို ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ MDF-Hydra Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့ မနက်ပိုင်းက တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းကို ဗုံးသီး ငါးလုံးချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများရှိပေမယ့် အရေအတွက်အတိအကျအတည်မပြုနိုင်သေးဘူးလို့ ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

ကံထူးမရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်
ကံထူးမရဲစခန်းအား ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

▪︎မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အနည်းဆုံး ၅ နှစ်ကြာမယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ခန့်မှန်း

မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အနည်းဆုံး ၅ နှစ်ကြာမြင့်မယ်လို့ ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်က ခန့်မှန်းလိုက်ပါတယ်။ (၄၅) ကြိမ်မြောက်အာဆီယံ-အီးယူ မိတ်ဖက်ဆွေးနွေးပွဲတက်ရောက်ဖို့ ဘယ်လ်ဂျီယံ၊ ဘရပ်စဲလ်သို့ရောက်ရှိနေတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ဥရောပရောက် ကမ္ဘောဒီးယားနိုင်ငံသား ၂၀၀၀ ကျော်နဲ့ တွေ့ဆုံခဲ့ရာ ပြောကြားခဲ့တာပါ။ မြန်မာပြည်ပြဿနာကို ဖြေရှင်းဖို့နည်းလမ်းကောင်းရှိတယ်လို့ ထင်နေသူတွေ သွားရောက်ဖြေရှင်းသင့်တယ်လို့ သူက ဆိုပါတယ်။ မြန်မာ့အရေးဟာ မကြာမီအချိန်အတွင်း ဖြေရှင်းနိုင်လိမ့်မယ် ဆိုတာကို သူ့အနေနဲ့ သံသယရှိတယ်လို့ ဆက်ပြောပါတယ်။ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း မူလက မြန်မာပြည်ကို တတိယအကြိမ်လာရောက်ဖို့ စီစဥ်ခဲ့ပေမယ့် ဖျက်သိမ်းသွားခဲ့ပါတယ်။

(ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်။ ဓါတ်ပုံ-AFP)
(ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်။ ဓါတ်ပုံ-AFP)

You May Also Like