Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ယူကရိန်း စစ်ပွဲအရေး ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တယ်လို့ ကုလသမဂ္ဂ အကြီးအကဲပြော

ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။

ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ပြောပါတယ်။

နောက်ပြီးတော့ ရုရှားက ထုတ်လုပ်တဲ့ ဓာတ်မြေဩဇာတွေကို ယူကရိန်းရဲ့ ပင်လယ်နက် ဆိပ်ကမ်းတွေကနေတဆင့် နိုင်ငံတကာ စျေးကွက်ထဲ ဘယ်လို တင်ပို့နိုင်မလဲဆိုတဲ့ ဖြစ်နိုင်ခြေတွေအပေါ် ဆွေးနွေးခဲ့ကြကြောင်းလည်း ဂူတာရက်စ်က ဆိုပါတယ်။

ရုရှားနဲ့ ယူကရိန်းတို့ကြား ဖြစ်ပွားတဲ့ စစ်ပွဲဟာ နိုင်ငံတကာ စားနပ်ရိက္ခာ ထုတ်လုပ်ရေး ကဏ္ဍအပေါ် ကြီးမားတဲ့ ထိခိုက် သက်ရောက်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားတို့ဟာ ကမ္ဘာပေါ်မှာ ဂျုံထုတ်လုပ် တင်ပို့မှု အများဆုံး နိုင်ငံတွေ ဖြစ်သလို ရုရှားရဲ့ ဓာတ်မြေဩဇာကို မှီခိုနေရတဲ့ ကမ္ဘာ့နိုင်ငံ အများအပြား ရှိနေပါတယ်။

စစ်ပွဲကို အကြောင်းပြုပြီး ကမ္ဘာကြီးရဲ့ ကွဲပြားတဲ့ နေရာဒေသ တချို့မှာ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ အငတ်ဘေး ဆိုက်တာတွေ ကြုံတွေ့လာနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

ဂူတာရက်စ်က ပူတင်နဲ့ တွေ့ဆုံချိန်မှာ ဥရောပတိုက်ရဲ့ အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးရဲ့ လုံခြုံရေး ကဏ္ဍအတွက်ပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ယူကရိန်းက ပိုင်ဆိုင်တဲ့ အဲဒီစက်ရုံကို လတ်တလောမှာ ရုရှားတပ်တွေက ထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း စက်ရုံတဝိုက်မှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာကြောင့် မတော်တဆ ထိခိုက်ပြီး နျူကလီးယား ကပ်ဘေးတစ်ခု ပေါ်ပေါက်လာမှာကို ဒေသတွင်း နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။

စစ်ပွဲနဲ့ ပတ်သက်လို့တော့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မယ့် လမ်းကြောင်းမျိုးဆီ ဦးတည်ဖို့ အခွင့်အလမ်း ရှိနေဆဲလို့ ယုံကြည်ထားကြောင်း ဂူတာရက်စ်က ဆိုပါတယ်။ နောက်ပြီး နှစ်ဖက် စစ်သုံ့ပန်းတွေ လဲလှယ်ရေး ကိစ္စကလည်း ပြေပြေလည်လည် ဖြစ်ဖို့ မျှော်လင့်ထားတယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ဆက်ပြောပါတယ်။

ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။

ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့နောက် ပူတင်ဟာ အနောက်နိုင်ငံတွေရဲ့ ပြင်းထန်တဲ့ အရေးယူ ပိတ်ဆို့မှုတွေနဲ့ ကြုံတွေ့နေရပြီး လာမယ့် သီတင်းပတ်မှာ ပြုလုပ်မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး။ ဂူတာရက်စ်ကတော့ ကမ္ဘာကြီးဟာ ရာသီဥတု ဖောက်ပြန်မှု၊ အမုန်းစကား ဖြန့်ဝေမှု၊ ဆင်းရဲကျပ်တည်းမှု၊ ဆာလောင်မွတ်သိပ်မှုတွေကြောင့် ရုန်းကန်နေရချိန်မှာ စစ်ပွဲတွေရဲ့ ထိုးနှက်မှုကိုပါ ခံနေရတဲ့အတွက် ဝမ်းနည်းမိကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှား-ယူကရိန်း စစ်ပွဲဟာ သက်ဆိုင်ရာ နိုင်ငံနှစ်ခုတင် မကဘဲ ကမ္ဘာ့စီးပွားရေး ကဏ္ဍတစ်ခုလုံးကို တရွတ်ဆွဲသွားစေကြောင်း ဂူတာရက်စ်က ဆိုပါတယ်။ သူက ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ဖို့ မျှော်လင့်နေတယ် ဆိုပေမယ့် ဒီကိစ္စမျိုးက အချိန်တိုအတွင်း ဖြစ်မြောက်လာနိုင်စရာ မရှိသေးကြောင်းကိုတော့ ဝန်ခံသွားခဲ့ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ယူကရိန်းရဲ့ တန်ပြန် ထိုးစစ်ကြောင့် ရုရှားတပ်တွေဟာ ခါကော့ဗ်ပြည်နယ်ကနေ ဆုတ်ခွာခဲ့ရပြီး အရှေ့ဖျား ပိုကျတဲ့ ဒွန်းဘက်စ် ပြည်နယ်ထဲမှာ ခံစစ်အတွက် စုရုံးပြင်ဆင်နေရကြောင်းလည်း သိရပါတယ်။

သတင်း

Credentials Committee တွင် တရုတ်၊ အမေရိကန်၊ ရုရှားတို့က အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်ပြီး ယခုနှစ် ကျန်အဖွဲ့ဝင်နိုင်ငံ ၆ နိုင်ငံမှာ အန်ဂိုလာ၊ သြစတြီးယား၊ ရ၀မ်နာ၊ ဥရုဂွေး၊ မော်လ်ဒိုက်ဗ်၊ ဇမ်ဘီယာ တို့ဖြစ်သည်။

သတင်း

တော်လှန်ရေးအတွက် တစ်ရက်ဆိုသည့် အချိန်သည်လည်း ကြသည်ဟုထင်ရ၍ အချိန်နှင့်တပြေးညီ အလုပ်လုပ်ရင်း နွေဦးတော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်နိုင်ရေး ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

နိုင်ငံတကာ

ရုရှားတပ်တွေက လပေါင်း အတော်ကြာ ကြိုးကြိုးစားစား တိုက်ခိုက် သိမ်းယူထားရတဲ့ နယ်မြေတွေကို ယူကရိန်းက တစ်ပတ်လောက် အတွင်းမှာတင် ပြန်လည် ရယူသွားတဲ့ အခြေအနေတွေကြောင့် ပူတင် ထောက်ခံသူတွေ ကိုယ်တိုင်ပါ ရုရှားစစ်တပ်ရဲ့ အရည်အသွေးအပေါ် မေးခွန်းထုတ်လာကြပါတယ်။