Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းသူ ဖြစ်လာတဲ့ ဆယ်ကျော်သက် လူငယ်လေး

ရူသာဖို့ဒ် မိသားစုဝင်တွေဟာ မျိုးနဲ့ရိုးနဲ့ ကမ္ဘာပတ် ပျံသန်းသူတွေလို့တောင် ညွှန်းဆိုနိုင်ပြီး သူ့အစ်မကြီး ဇာရာ ရူသာဖို့ဒ်ကလည်း ကမ္ဘာပတ်ပြီး တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ အသက် အငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန် တင်ထားခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်ကိုတော့ အခုနှစ်၊ ဇန်နဝါရီလမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းသူ ဖြစ်လာတဲ့ ဆယ်ကျော်သက် လူငယ်လေး
အသက်အငယ်ဆုံး တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းသူ ဖြစ်လာတဲ့ ဆယ်ကျော်သက် လူငယ်လေး

ဘယ်လ်ဂျီယမ် နိုင်ငံသား ဆယ်ကျော်သက်လေး တစ်ယောက်ဟာ တစ်ကိုယ်တော် ကမ္ဘာပတ် ပျံသန်းနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးအဖြစ် စံချိန် တင်နိုင်ခဲ့ပါတယ်။

ဗြိတိန် မိဘတွေက မွေးဖွားပြီး ဘယ်လ်ဂျီယမ်မှာ ကြီးပြင်းလာတဲ့ အသက် ၁၇ နှစ်အရွယ် မတ်ခ် ရူသာဖို့ဒ်ဟာ ဩဂုတ် ၂၄ ရက်က ဘူလ်ဂေးရီးယားနိုင်ငံ၊ ဆိုဖီယာမြို့မှာ ချောချောမွေ့မွေ့ ဆင်းသက်ပြီး သူ့ရဲ့ ကမ္ဘာပတ် ပျံသန်းမှု ခရီးစဉ်ကို အဆုံးသတ်နိုင်ခဲ့ပါတယ်။

သူဟာ ၅ လကြာ တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ ခရီးစဉ်အတွင်း နိုင်ငံပေါင်း ၅၂ ခုကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူ့ရဲ့ ခရီးတလျှောက်မှာ သည်းထိတ်ရင်ဖို အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပြီး ဆူဒန်နိုင်ငံမှာ သဲမုန်တိုင်းကို ဖြတ်ပျံခဲ့ရသလို ပစိဖိတ် သမုဒ္ဒရာထဲက လူသူကင်းမဲ့တဲ့ ကျွန်းလေး တစ်ခုမှာလည်း ညအိပ် နားခိုခဲ့ရဖူးပါတယ်။

ရူသာဖို့ဒ် မိသားစုဝင်တွေဟာ မျိုးနဲ့ရိုးနဲ့ ကမ္ဘာပတ် ပျံသန်းသူတွေလို့တောင် ညွှန်းဆိုနိုင်ပြီး သူ့အစ်မကြီး ဇာရာ ရူသာဖို့ဒ်ကလည်း ကမ္ဘာပတ်ပြီး တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ အသက် အငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန် တင်ထားခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်ကိုတော့ အခုနှစ်၊ ဇန်နဝါရီလမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

မတ်ခ်ကို ကမ္ဘာပတ်ပြီး တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ အသက်အငယ်ဆုံး လေယာဉ်မှူးအဖြစ် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့ကလည်း တရားဝင် အသိအမှတ် ပြုခဲ့ပါတယ်။ အရင်က အသက်အငယ်ဆုံး လေယာဉ်မှူးဟာ ဗြိတိန်က ထရာဗစ် လုဒ်လိုဖြစ်ပြီး အသက် ၁၈ နှစ်နဲ့ ရက်ပေါင်း ၁၅၀ မှာ ကမ္ဘာပတ် ခရီးစဉ် အောင်မြင် ထမြောက်ခဲ့ပါတယ်။

မတ်ခ်ဟာ ၅ လကြာ ခရီးရှည်ကြီးအတွင်း ဥရောပ၊ အာရှ၊ အာဖရိက တိုက်တွေအပြင် အမေရိကန် ပြည်ထောင်စုကိုပါ ရောက်ရှိခဲ့ပါတယ်။ သူ့ရဲ့ အပေါ့စား Shark လေယာဉ်ငယ်လေးနဲ့အတူ သမုဒ္ဒရာ နှစ်စင်းကိုလည်း ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူ့လေယာဉ်လေးက အမြင့်ဆုံး မြန်နှုန်းအဖြစ် တစ်နာရီကို ကီလိုမီတာ ၃၀၀ နှုန်းလောက်ထိ ပျံသန်းနိုင်ပါတယ်။

သူဟာ ၁၁ နာရီ ဆက်တိုက်လောက် အနိမ့်ပျံသန်းရတဲ့ ခရီးစဉ်တွေမှာ ငြီးငွေ့ပြီး အာရုံမပျံ့လွင့်အောင် အမြဲ သတိထားရတယ်လို့ ပြောပြပါတယ်။ အခုတော့ သူဟာ အသက်အငယ်ဆုံး ကမ္ဘာပတ် ပျံသန်းသူ၊ အပေါ့စား လေယာဉ်ငယ်လေးနဲ့ ကမ္ဘာပတ်နိုင်ခဲ့တဲ့ အသက်အငယ်ဆုံး ပုဂ္ဂိုလ်ဆိုတဲ့ ဂင်းနစ် စံချိန်မှတ်တမ်း နှစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။

မတ်ခ်ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ သူ့ရဲ့ အရင်မျိုးဆက် ၅ ခုဟာလည်း လေယာဉ်မှူးတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ သူ့အဘွားရဲ့ မိခင်ဖြစ်သူဟာ တောင်အာဖရိက နိုင်ငံမှာ ပထမဆုံး လေယာဉ်မောင်း သင်ခွင့်ရတဲ့ အမျိုးသမီးတွေထဲက တစ်ဦးလို့လည်း မတ်ခ်က ဂုဏ်ယူစိတ် အပြည့်နဲ့ ဖော်ပြထားပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

အစောပိုင်းမှာ သူ့ရဲ့ သွေးထဲက အောက်စီဂျင် ပါဝင်မှု အခြေအနေက ကောင်းမွန်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း သိသိသာသာ ဆုတ်ယုတ်လာခဲ့ပါတယ်။ ၅ ရက် အကြာမှာတော့ ကွယ်လွန်သွားခဲ့ရှာပါတယ်

နိုင်ငံတကာ

လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ခြေရာဖျောက်သွားတဲ့ လက်ယာစွန်းဝါဒီ စစ်သားတစ်ယောက်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က အသည်းအသန် လိုက်ရှာနေပါတယ်။