Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စစ်အေးတိုက်ပွဲကို အဆုံးသတ်စေခဲ့သူ ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကွယ်လွန်

၁၉၈၅ ခုနှစ်မှာ ဆိုဗီယက် ခေါင်းဆောင် ဖြစ်လာတဲ့ ဂိုဗာချော့ဗ်ဟာ ဆိုဗီယက်ကို နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ အစပြုအောင် လမ်းဖွင့်ပေးခဲ့သလို ပြည်တွင်းမှာလည်း သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။

စစ်အေးတိုက်ပွဲကို အဆုံးသတ်စေခဲ့သူ ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကွယ်လွန်
စစ်အေးတိုက်ပွဲကို အဆုံးသတ်စေခဲ့သူ ဆိုဗီယက် ခေါင်းဆောင်ဟောင်း ဂိုဗာချော့ဗ် ကွယ်လွန်

စစ်အေး တိုက်ပွဲကို သွေးမြေမကျဘဲ အဆုံးသတ်စေခဲ့တဲ့ ဆိုဗီယက် ခေါင်းဆောင်ဟောင်း မစ်ခေးလ် ဂိုဗာချော့ဗ်ဟာ အသက် ၉၁ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

သူဟာ ကမ္ဘာ့သမိုင်းမှာ အချိုးအကွေ့ ကြီးကြီးမားမားတွေ ဖြစ်စေခဲ့တဲ့ လူပုဂ္ဂိုလ် တစ်ဦးအဖြစ် သတ်မှတ် ခံရပြီး ဆိုဗီယက်နဲ့ အမေရိကန်တို့ကြားက ပြင်းထန်တဲ့ အားပြိုင်မှုတွေကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်စေခဲ့သူပါ။ ဒါပေမဲ့လည်း ဆိုဗီယက် ပြည်ထောင်စုကြီး ပြိုကွဲသွားတဲ့ အခြေအနေကိုတော့ ဂိုဗာချော့ဗ် အနေနဲ့ မတားဆီးနိုင်ခဲ့ပါဘူး။

၁၉၈၅ ခုနှစ်မှာ ဆိုဗီယက် ခေါင်းဆောင် ဖြစ်လာတဲ့ ဂိုဗာချော့ဗ်ဟာ ဆိုဗီယက်ကို နိုင်ငံတကာနဲ့ ထိတွေ့ ဆက်ဆံမှုတွေ အစပြုအောင် လမ်းဖွင့်ပေးခဲ့သလို ပြည်တွင်းမှာလည်း သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း ဆိုဗီယက် ပြည်ထောင်စုဟာ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲသွားပြီး မျက်မှောက်ခေတ် ရုရှားနိုင်ငံအဖြစ် ဆင်းသက်လာခဲ့ပါတယ်။ သူဟာ ၁၉၉၀ ပြည့်နှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု အပါအဝင် နိုင်ငံတကာ ဂုဏ်ပြုဆု အမြောက်အမြားကိုလည်း ရရှိခဲ့ဖူးပါတယ်။ နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက သူ့ကို ဆုချီးမြှင့်ချိန်မှာ အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာကြား ဆက်ဆံရေးကို ပြန်လည် ပြေလည်မှု ရရှိအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူလို့ ညွှန်းဆိုသွားခဲ့ပါတယ်။

မော်စကိုမြို့၊ ဗဟိုဆေးရုံက ဂိုဗာချော့ဗ်ဟာ နာတာရှည် မကျန်းမမာ ဖြစ်နေရာက ဩဂုတ် ၃၀ မှာ ဆုံးပါးသွားခဲ့ကြောင်း ထုတ်ပြန်ပါတယ်။ သူဟာ ၂၀၂၀ ပြည့်နှစ်လောက် ကတည်းက အနီးကပ် ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူနေခဲ့ရတာပါ။ ဂိုဗာချော့ဗ်ရဲ့ ရုပ်အလောင်းကိုတော့ ကာယကံရှင်ရဲ့ ဆန္ဒအတိုင်း ၁၉၉၉ ခုနှစ်က ကွယ်လွန်ခဲ့တဲ့ ဇနီးဖြစ်သူ ရိုင်ဆာ ဂိုဗာချော့ဗ်နဲ့ ယှဉ်တွဲလျက်သား မြှုပ်နှံသွားမှာပါ။ ရိုင်ဆာရဲ့ ရုပ်အလောင်းကို မော်စကိုမှာရှိတဲ့ နိုဗိုဒီဗစ်ချီ သင်္ချိုင်းမှာ မြှုပ်နှံထားပါတယ်။

ဂိုဗာချော့ဗ်ဟာ ရုရှားနိုင်ငံ သမိုင်းတလျှောက်မှာ အသက်အရှည်ဆုံး နေထိုင်သွားတဲ့ နိုင်ငံခေါင်းဆောင် အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အရင်က အလက်ဇန္ဒား ကီရန်စကီနဲ့ ဗာဆေးလ် ကူနက်တ်ဇော့ဗ်တို့ဟာ အသက် ၈၉ နှစ် အရွယ်တွေမှာ အသီးသီး ကွယ်လွန်ခဲ့ကြပါတယ်။

ဂိုဗာချော့ဗ် ကွယ်လွန်ကြောင်း သတင်းကို ကြားသိတဲ့နောက် နိုင်ငံတကာက ဝမ်းနည်းကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကလည်း ဂိုဗာချော့ဗ်ဟာ လူ့သမိုင်းကို အကြီးအကျယ် ပြောင်းလဲစေခဲ့သူ တစ်ယောက်၊ ငြိမ်းချမ်းရေးအတွက် မနားမနေ အားထုတ်ခဲ့သူ တစ်ယောက်လို့ ချီးကျူးသွားပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကလည်း ဂိုဗာချော့ဗ် ကွယ်လွန်မှုအတွက် ယူကြုံးမရ ဝမ်းနည်းမိကြောင်း ထုတ်ပြန်ပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဂိုဗာချော့ဗ်ဟာ တစ်ခေတ်မှာ တစ်ယောက် ရှားပါးလွန်းတဲ့ ခေါင်းဆောင်မျိုးလို့ အမှတ်တရ ညွှန်းဆိုခဲ့ပါတယ်။ ဥရောပ သမဂ္ဂ ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်က ဂိုဗာချော့ဗ်ဟာ လွတ်လပ်တဲ့ ဥရောပကို လမ်းညွှန်ပေးခဲ့ပြီး ယုံကြည် လေးစားထိုက်တဲ့ ခေါင်းဆောင်တစ်ယောက်လို့ ပြောပါတယ်။

ဂိုဗာချော့ဗ်ဟာ ဆိုဗီယက် ကွန်မြူနစ် ပါတီရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာပြီး ၁၉၈၅ ခုနှစ်မှာ ရုရှားရဲ့ အာဏာလက်ရှိ ခေါင်းဆောင် ဖြစ်လာပါတယ်။ အဲဒီတုန်းက သူ့အသက်ဟာ ၅၄ နှစ်သာ ရှိသေးပြီး ပေါ်လစ်ဗျူရိုလို့ ခေါ်ဝေါ်တဲ့ အာဏာရ အဖွဲ့အစည်းမှာ အသက်အငယ်ဆုံးသူ ဖြစ်လာပါတယ်။ သူဟာ ဆိုဗီယက်က အရှေ့ဥရောပကို အလုံးစုံ လွှမ်းမိုး ချုပ်ခြယ်ထားရမယ်ဆိုတဲ့ အတွေးအမြင်ဟောင်းကို စွန့်ခွာပြီး အတွေးအခေါ် ပိုမိုပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းမျိုးဆီ ဦးတည်စေဖို့ ရည်ရွယ်ခဲ့ပါတယ်။

အရှေ့ဥရောပ နိုင်ငံတွေက ဆိုဗီယက် ကြီးစိုးသူတွေကို ဆန့်ကျင် တော်လှန်လာမယ် ဆိုရင်လည်း ဆိုဗီယက် အစိုးရက ကြားဝင် စွက်ဖက်တာမျိုး မလုပ်ဖို့ ဂိုဗာချော့ဗ်က ငြင်းဆိုခဲ့ပြီး ၁၉၇၉ ခုနှစ် ကတည်းက အာဖဂန်မှာ ဆိုဗီယက်စစ်တပ်တွေ ဝင်ရောက် တိုက်ခိုက်နေမှုကိုလည်း အဆုံးသတ်စေခဲ့ပါတယ်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲအပြီး ရုရှားနိုင်ငံ ပေါ်ထွန်းလာတဲ့နောက် သူဟာ နိုင်ငံရေးကနေ ခဏတာ လက်ရှောင်ပြီး ရုရှားရဲ့ ပညာရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ ပရောဂျက်တွေမှာ ပိုမို စိတ်နှစ် ကြိုးစားခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်မှာ နိုင်ငံရေး နယ်ပယ်ထဲ ပြန်ဝင်ဖို့ တစ်ကြိမ် ကြိုးစားခဲ့ဖူးပေမယ့် သမ္မတ ရွေးကောက်ပွဲမှာ ထောက်ခံမဲ အချိုးအစား ၀.၅ ရာခိုင်နှုန်းသာ ရရှိတဲ့ထိ လူကြိုက်နည်းသွားတာ တွေ့ရပါတယ်။

အနောက်အုပ်စုနဲ့ နိုင်ငံတကာ အသိုက်အဝန်းက ဂိုဗာချော့ဗ်ဟာ စစ်အေးတိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း အဆုံးသတ်စေခဲ့တဲ့အတွက် အမှတ်တရ ရှိနေပေမယ့် ရုရှားမှာတော့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲစေခဲ့တဲ့ တရားခံအဖြစ် သူ့အပေါ် ဘယ်တော့မှ ခွင့်မလွှတ်တဲ့ ပြည်သူ အမြောက်အမြား ရှိနေဆဲလို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မြို့ပြအထူးစစ်ဆင်ရေးအရ တိုက်ခိုက်မှုကို Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ဒေါင်းညီနောင် PDF၊Black Wolf People’s Defense Force (MDY)နှင့်People's Defense Force – Mandalay တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

တိုက်ပွဲကြောင့် ဒေသတွင်းရှိ ပြည်သူများ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဘေးကင်းရာသို့ တိမ်းရှောင်နေကြရသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

နိုင်ငံတကာ

လက်ရှိ အချိန်ထိ အယ်လ်ဆာဒါးရဲ့ တပ်တွေဟာ အီရတ်မှာ အစိုးရ လက်အောက်ခံ မဟုတ်တဲ့ အင်အား အတောင့်တင်းဆုံး ပြည်သူ့စစ် အဖွဲ့အစည်းအဖြစ် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

သတင်း

အဆိုပါတိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းနှင့်အတူ Federal Wings Drone တပ်ဖွဲ့ကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။