Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်လို့ လူ ၇၀ ကျော် သေဆုံး

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်မှာ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇန်ကို မုန်တိုင်းက ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး တောင်တရုတ် ပင်လယ်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။

ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်လို့ လူ ၇၀ ကျော် သေဆုံး
ဖိလစ်ပိုင်မှာ မုန်တိုင်းတိုက်လို့ လူ ၇၀ ကျော် သေဆုံး

ဖိလစ်ပိုင် နိုင်ငံမှာ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုနဲ့ နောက်ဆက်တွဲ သဘာဝ ဘေးအန္တရာယ်တွေကြောင့် လူ ၇၀ ကျော် သေဆုံးသွားကြောင်း သိရှိရပါတယ်။

အပူပိုင်းမုန်တိုင်း နယ်လ်ဂေးကြောင့် ဖိလစ်ပိုင်တောင်ပိုင်း ဒေသတချို့မှာ ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့တယ်လို့ နိုင်ငံရဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနက ကြေညာပါတယ်။

မာဂွင်ဒါနာအို ဒေသကတော့ မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေကို အပြင်းထန်ဆုံး သက်ရောက် ခံစားခဲ့ရပြီး သေဆုံးသူ ၆၇ ဦးထက်မနည်း ရှိခဲ့ပါတယ်။ ကျန်တဲ့ သေဆုံးမှုတွေကတော့ ဆူလ်တန် ကူဒါရက်၊ ကိုတာဘာတိုနဲ့ ဗစ်ဆာယက်စ် ဒေသတွေမှာ ဖြစ်ပွားခဲ့တာပါ။

ဌာနရဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းကြောင့် ဒဏ်ရာရသူ ၃၃ ဦးထက်မနည်း ရှိခဲ့ပြီး နောက်ထပ် ၁၄ ဦး ပျောက်ဆုံးနေဆဲလို့လည်း သိရပါတယ်။ နယ်လ်ဂေး မုန်တိုင်းဟာ အားအပြင်းဆုံး အချိန်မှာ တစ်နာရီ ၉၅ ကီလိုမီတာနှုန်းထိ ရောက်ရှိခဲ့ပြီး ဖိလစ်ပိုင် အရှေ့ဖက်၊ ကာတန်ဒူယန်နက်စ် ဒေသမှာ အောက်တိုဘာ ၂၉ ရက် မနက်ပိုင်းက ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။

ကျွန်းစုနိုင်ငံ ဖိလစ်ပိုင်မှာ အဓိက ကျွန်းမကြီးဖြစ်တဲ့ လူဇန်ကို မုန်တိုင်းက ကန့်လန့်ဖြတ် ဖြတ်သန်းသွားပြီး တောင်တရုတ် ပင်လယ်ဖက်ကို ဆက်လက် ရွေ့လျားသွားခဲ့ပါတယ်။

လောလောဆယ်တော့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံစားရတဲ့ ဧရိယာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အဆောတလျင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြောင်း မာဂွင်ဒါနာအို ဒေသ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဌာနရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ နက်စ်ရူလာ အီမမ်က ပြောပါတယ်။

အောက်တိုဘာ ၂၉ ရက် မွန်းလွဲပိုင်းမှာ မိုးစဲသွားပြီ ဖြစ်တဲ့အတွက် ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေ ပိုပြီး အလုပ်တွင်လာတယ်လို့လည်း သူက ဆိုတယ်။ ဒါပေမဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ အစွန်အဖျား နေရာတွေကို ရောက်ရှိဖို့ကတော့ ရက်နဲ့ချီ ကြာမြင့်မယ့် အလားအလာတွေ ရှိနေဆဲပါ။

ဖိလစ်ပိုင်ဟာ မုန်တိုင်းတွေနဲ့ မစိမ်းတဲ့ နိုင်ငံတစ်ခုလို့ ဆိုနိုင်ပါတယ်။ ဖိလစ်ပိုင်မှာ ပျမ်းမျှ တစ်နှစ်ကို တိုင်ဖွန်းတွေ အပါအဝင် မုန်တိုင်း အခု ၂၀ လောက် တိုက်ခတ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

You May Also Like

သတင်း

ယာဉ်တိုက်မှုဟာ မနက်ပိုင်း ၆ နာရီမထိုးခင် ချောက်မြို့နယ် ၊သြဇာတောကျေးရွာ အနီး ၊ ရေနံချောင်း − ကျောက်ပန်းတောင်းသွားကားလမ်း မိုင်တိုင် ၃၇၈ အနီးမှာဖြစ်ခဲ့တာပါ။

သတင်း

အဆိုပါလမ်းရှိ လူခို့၊ ညောင်ချောင်းနေရာ၌ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တောင်နီရွာအနီးရှိ စစ်ကောင်စီတပ်ကိုလည်း စနိုက်ပါဖြင့် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး ပြည်ခရိုင် PDFတပ်ရင်း (၃၆၀၁)၊ တပ်ခွဲ(၂) PPDF က စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်သည် မိုးမောက်မြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်မှစ၍ တိုက်ပွဲဆက်တိုက်ဖြစ်ပွား​နေသည်။