Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

မြောက်ကိုရီးယား ဒုံးကျည်က အမေရိကန် ပိုင်နက်ထိ ရောက်နိုင်တယ်လို့ ဂျပန် မှတ်ချက်ပြု

မြောက်ကိုရီးယားဟာ အခုနှစ်မကုန်ခင် နိုင်ငံရဲ့ သတ္တမမြောက် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှုတစ်ခု ထပ်မံပြုလုပ်ဖို့ ကြံစည်နေကြောင်းလည်း အမေရိကန်နဲ့တောင်ကိုရီးယားတို့က စွပ်စွဲ ပြောဆိုထားပါတယ်။

မြောက်ကိုရီးယား ဒုံးကျည်က အမေရိကန် ပိုင်နက်ထိ ရောက်နိုင်တယ်လို့ ဂျပန် မှတ်ချက်ပြု
မြောက်ကိုရီးယား ဒုံးကျည်က အမေရိကန် ပိုင်နက်ထိ ရောက်နိုင်တယ်လို့ ဂျပန် မှတ်ချက်ပြု

မြောက်ကိုရီးယားက နောက်ဆုံး စမ်းသပ် ပစ်ခတ်ခဲ့တဲ့ တိုက်ချင်းပစ် ဒုံးကျည်ဟာ အမေရိကန် ပိုင်နက်ထိ ရောက်ရှိနိုင်လောက်တဲ့ အကွာအဝေးမျိုး ပျံသန်းခဲ့ကြောင်း ဂျပန် အစိုးရက ပြောပါတယ်။

နိုဝင်ဘာ ၁၈ ရက်မှာ မြောက်ကိုရီးယား ပစ်လွှတ်ခဲ့တဲ့ ဒုံးပျံဟာ ဂျပန်ပိုင် ဟော့ကိုင်းဒိုးကျွန်းရဲ့ အနောက်ဖက် မိုင် ၁၃၀ လောက်အကွာ ပင်လယ်ပြင်မှာ ကျဆင်းသွားခဲ့ပါတယ်။ အဲဒီ ဒုံးကျည်ဟာ အမြင့် ကီလိုမီတာ ၆၁၀၀ လောက်ထိ ပျံတက်ပြီး ကီလိုမီတာ ၁၀၀၀ လောက် အကွာအဝေးထိ ခရီးပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ မြန်နှုန်းက Mach 22၊ တစ်နည်းအားဖြင့် အသံထက် ၂၂ ဆ ပိုမြန်တဲ့နှုန်းထိ ရောက်ရှိခဲ့တယ်လို့ ဂျပန် အာဏာပိုင်တွေက ပြောပါတယ်။

တကယ်လို့ မြောက်ကိုရီးယားကသာ ဒုံးကျည်ကို ပိုပြီး နိမ့်တဲ့ ထောင့်ချိုးမျိုးနဲ့ ချိန်ရွယ်မယ်ဆို ကမ္ဘာတစ်ပတ်နီးပါး ခရီးရောက်အောင် ပျံနိုင်တဲ့ အခြေအနေရှိပြီး အမေရိကန် ပိုင်နက်ကိုပါ လက်လှမ်းမီမယ့် သဘောပါပဲ။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဆွန်ဟွေက ကိုရီးယား ကျွန်းဆွယ်တဝိုက်မှာ အမေရိကန် စစ်တပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ ခြိမ်းခြောက်အပြီး နောက်တစ်နေ့မှာ အခုဒုံးကျည်ကို ပစ်လွှတ်ပြခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အခုနှစ်အတွင်း စံချိန်တင် အရေအတွက်အဖြစ် ဒုံးကျည် အစင်း ၅၀ ကျော် ပစ်လွှတ်ခဲ့ပြီးပါပြီ။ အများစုကတော့ တာတို ဒုံးကျည်တွေသာ ဖြစ်ပါတယ်။ အခုလို တာဝေး ပျံသန်းနိုင်တဲ့ မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့ လုပ်ရပ်အပေါ် အမေရိကန်ကလည်း အပြင်းအထန် ရှုတ်ချ ကန့်ကွက်ခဲ့ပါတယ်။

တောင်ကိုရီးယား စစ်ဘက်ကလည်း မြောက်ကိုရီးယား ဒုံးကျည်ဟာ အံ့မခန်း မြန်နှုန်းမျိုးနဲ့ ပျံသန်းခဲ့ပြီး ဒေါင်လိုက် ခပ်မတ်မတ် အနေအထားမျိုးနဲ့ ပစ်ခတ်ခဲ့ကြောင်း အတည်ပြုပါတယ်။ အဲဒီလို ပစ်လွှတ်မှု နည်းစနစ်မျိုးကို ဒုံးကျည်တွေရဲ့ ခရီးရောက်မှု အကွာအဝေးကို ချုံ့ချင်တဲ့ အခါမှာ အသုံးပြုလေ့ရှိပြီး ဒုံးကျည်ဟာ အလျားလိုက် ခရီးနှင်မယ့်အစား ကမ္ဘာ့လေထု အပြင်ဖက်ကို ဒေါင်လိုက် ပျံတက်တာမျိုး ဖြစ်ပါတယ်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး ယာဆူကာဇူ ဟာမာဒါကတော့ တွက်ချက်မှုတွေအရ တကယ်လို့သာ ဒုံးကျည်ရဲ့ ထောင့်ချိုးကို ပြောင်းလဲ ချိန်ရွယ် ပစ်ခတ်မယ်ဆိုရင် ထိပ်ဖူး အရွယ်အစားနဲ့ အလေးချိန်အပေါ် မူတည်ပြီး ကီလိုမီတာ ၁၅၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်မယ့် သဘောရှိကြောင်း၊ တစ်နည်းအားဖြင့် အမေရိကန် ပိုင်နက်ကို လက်လှမ်းမီတဲ့ အကွာအဝေး ဖြစ်နေကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အမေရိကန်ရဲ့ စစ်ရေးလှုပ်ရှားမှုတိုင်းကို ဒုံးကျည်တွေ ပစ်ခတ်ပြတဲ့ နည်းလမ်းနဲ့ တုံ့ပြန်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားမှာ လောလောဆယ် တာဝေးပစ် အမျိုးအစား ဒုံးကျည် ၂ မျိုး တီထွင် ပိုင်ဆိုင်နေပြီလို့ ယုံကြည်ရပါတယ်။ အဲဒီထဲမှာ Hwasong-17 အမျိုးအစားကတော့ အရင်က ပစ်ခတ်ဖူးသမျှ တိုက်ချင်းပစ် ဒုံးကျည်တွေထဲ အရွယ်အစား ပိုကြီးသလို ထိပ်ဖူး အရေအတွက် အတော်များများ သယ်ဆောင်နိုင်တယ်လို့ ယုံကြည်ရပါတယ်။

မြောက်ကိုရီးယားဟာ Hwasong-17တွေကို အရင်က စမ်းသပ်မှုတချို့ ဆက်တိုက် အဆင်မပြေ ဖြစ်ခဲ့ပြီး အခုလလယ်ကလည်း တာဝေး တိုက်ချင်းပစ် ဒုံးကျည် တစ်စင်းဟာ လမ်းခုလတ်မှာ ပေါက်ကွဲ ပျက်ကျခဲ့ဖူးပါတယ်။ အခုနောက်ဆုံး စမ်းသပ်ပြခဲ့တဲ့ ဒုံးကျည်ကတော့ Hwasong-17 ဟုတ်မဟုတ်ဆိုတာ အတိအကျ မသိရသေးပါဘူး။

မြောက်ကိုရီးယားဟာ အခုနှစ်မကုန်ခင် နိုင်ငံရဲ့ သတ္တမမြောက် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှုတစ်ခု ထပ်မံပြုလုပ်ဖို့ ကြံစည်နေကြောင်းလည်း အမေရိကန်နဲ့တောင်ကိုရီးယားတို့က စွပ်စွဲ ပြောဆိုထားပါတယ်။

You May Also Like

နိုင်ငံတကာ

ပလော့စီဟာ အမေရိကန် သမိုင်းမှာ အောက်လွှတ်တော် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးတဲ့ ပထမဆုံး အမျိုးသမီး အနေနဲ့လည်း မှတ်တမ်း ဝင်ခဲ့ပါတယ်။ လက်ရှိမှာလည်း သူဟာ အင်အား အသာရတဲ့ ပါတီ ခေါင်းဆောင်အဖြစ် အောက်လွှတ်တော် ဥက္ကဋ္ဌ အနေနဲ့ တာဝန် ထမ်းဆောင်နေပါတယ်။

နိုင်ငံတကာ

ဒါ့အပြင် မြောက်ကိုရီးယားဟာ အခုနှစ် မကုန်ခင် နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ဘက်က ခန့်မှန်း ပြောဆိုထားပါတယ်။

နိုင်ငံတကာ

Trace Internationalရဲ့ ဥက္ကဋ္ဌဖြစ်သူ အလက်ဇန္ဒား ဝရာဂီက မနှစ်ကထက်စာရင် မြောက်ကိုရီးယားမှာ အခြေအနေတချို့ တိုးတက်လာတယ် ဆိုပေမယ့် အတိုင်းအတာ ပမာဏကတော့ အရမ်း သေးငယ်နေဆဲပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။

သတင်း

အဲဒီအစည်းအဝေးကာလအတွင်း ထိုင်းဝန်ကြီးချုပ်နဲ့ သီးသန့်တွေ့ဆုံဖို့ရှိပြီး မြန်မာ့အရေးထည့်သွင်းဆွေးနွေးမယ်လို့ အိမ်ဖြူတော်ဘက်က ထုတ်ပြန်တာတွေ့ရပါတယ်။