Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

Alibaba ထူထောင်သူ ဂျက်မား ဂျပန်နိုင်ငံမှာ ရောက်ရှိ ခိုလှုံနေကြောင်း သတင်းထွက်ပေါ်လာ

တရုတ် အာဏာပိုင်တွေက Alibabaရဲ့ အွန်လိုင်း ငွေပေးချေမှု လုပ်ငန်းခွဲ Ant Groupဆီက ဒေါ်လာ ၃၄ ဘီလီယံဖိုး ရှယ်ယာတွေ ရောင်းချမယ့် ကိစ္စကိုလည်း ကြားဖြတ် ဟန့်တားခဲ့ပါတယ်။ အဲဒီ ကိစ္စသာ အထမြောက်ခဲ့ရင် သမိုင်းတလျှောက် တန်ဖိုး အကြီးမားဆုံး ရှယ်ယာရောင်းချမှု ဖြစ်လာမှာပါ။

Alibaba ထူထောင်သူ ဂျက်မား
Alibaba ထူထောင်သူ ဂျက်မား

အစိုးရရဲ့ ဖိနှိပ်မှုတွေ ကြုံတွေ့ ခံစားခဲ့ရတဲ့နောက် တရုတ် ဘီလီယံနာ သူဌေးကြီး ဂျက်မားဟာ ဂျပန်နိုင်ငံကို ပြောင်းရွှေ့ နေထိုင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဂျက်မားနဲ့ သူ့ရဲ့ မိသားစုဟာ တိုကျိုမှာ သိုသိုဝှက်ဝှက် နေထိုင်နေကြရတယ်လို့ သတင်းတွေက ဆိုပါတယ်။ တရုတ် အစိုးရက နိုင်ငံရဲ့ နည်းပညာ လုပ်ငန်းစုကြီးတွေက ချမ်းသာကြွယ်ဝပြီး ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား ဖိနှိပ်လာတာကြောင့် Alibaba အွန်လိုင်း စီးပွားရေး လုပ်ငန်းစုကြီးကို ထူထောင်ခဲ့သူ ဂျက်မားဟာ ပြည်တွင်းကနေ ထွက်ပြေး တိမ်းရှောင်နေရတာလို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဂျက်မားဟာ ရှန်ဟိုင်းက ညီလာခံ တစ်ခုမှာ တရုတ် နည်းပညာ ကုမ္ပဏီကြီးတွေအပေါ် အစိုးရ အရာရှိတွေရဲ့ ကိုင်တွယ်ပုံနဲ့ သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်း သူဟာ လူမြင်ကွင်းကနေ သိသိသာသာ ပျောက်ကွယ်နေခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အစောပိုင်းလောက်တုန်းက ဂျက်မားတစ်ယောက် နယ်သာလန်ကို ရောက်ရှိနေကြောင်း ဗီဒီယို ဖြတ်ပိုင်းအတိုလေး ထွက်ပေါ်ခဲ့ပြီး မနှစ်တုန်းက နွေရာသီမှာလည်း သူပိုင်ဆိုင်တဲ့ ၈၈ မီတာရှည်တဲ့ ဇိမ်ခံရွက်လှေကြီး ဇန်းက စပိန်ရဲ့ မာယော့ကာ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတာ တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ အသက် ၅၈ နှစ်အရွယ် ဂျက်မား ကိုယ်တိုင်ကတော့ အရင်လိုမျိုး ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကို မတက်တော့ဘဲ အရမ်း အနေအထိုင် သိုသိပ်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်မှာတော့ ဂျပန် မီဒီယာ လုပ်ငန်းစုကြီး Nikkeiက ပိုင်ဆိုင်တဲ့ Financial Times သတင်းဌာနက ဂျက်မားဟာ တိုကျိုမှာ အခြေချ နေထိုင်နေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။ အင်္ဂလိပ်စာ ဆရာဘဝကနေ နည်းပညာ လုပ်ငန်းစု ပိုင်ရှင်ကြီးအဖြစ် ပြောင်းလဲလာတဲ့ ဂျက်မားဟာ တိုကျိုမှာ အခြေချနေတာ ၆ လလောက်တောင် ကြာမြင့်ခဲ့ပြီးပြီလို့လည်း နာမည်မဖော်ပြတဲ့ သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး Financial Timesက ဆိုပါတယ်။

ဂျက်မားဟာ ဒေါ်လာ ၅၀ ဘီလီယံလောက် ချမ်းသာ ကြွယ်ဝခဲ့ရာကနေ တရုတ် အာဏာပိုင်တွေရဲ့ ဖိနှိပ် ချုပ်ခြယ်မှုတွေကြောင့် ပိုင်ဆိုင်မှုတန်ဖိုး ထက်ဝက်လောက် လျော့ကျသွားတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သူထူထောင်ခဲ့တဲ့ Alibabaဟာ နည်းပညာ လုပ်ငန်းစုကြီးတွေကို တရုတ်အစိုးရက ဖိအားပေးချိန်မှာ စံပြပစ်မှတ် ဖြစ်ခဲ့ပါတယ်။

တရုတ် အာဏာပိုင်တွေက Alibabaရဲ့ အွန်လိုင်း ငွေပေးချေမှု လုပ်ငန်းခွဲ Ant Groupဆီက ဒေါ်လာ ၃၄ ဘီလီယံဖိုး ရှယ်ယာတွေ ရောင်းချမယ့် ကိစ္စကိုလည်း ကြားဖြတ် ဟန့်တားခဲ့ပါတယ်။ အဲဒီ ကိစ္စသာ အထမြောက်ခဲ့ရင် သမိုင်းတလျှောက် တန်ဖိုး အကြီးမားဆုံး ရှယ်ယာရောင်းချမှု ဖြစ်လာမှာပါ။

ဒါ့အပြင် တရုတ်အစိုးရဟာ ဟောင်ကောင် အခြေစိုက် South China Morning Post သတင်းဌာန အပါအဝင် Alibabaရဲ့ မီဒီယာ လုပ်ငန်းဆိုင်ရာ ရှယ်ယာတချို့ကိုပါ ရောင်းချဖို့ ဖိအားပေးခဲ့ကြောင်း သိရပါတယ်။

You May Also Like

သတင်း

N4 လျှောက်လွှာရောင်းချပေးနေသည့် MAJA ရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာက လူစုမခွဲပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင် လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသည်ဟု ကိုယ် တိုင်ကြုံခဲ့ရသော လူငယ်များက ပြောသည်။

သတင်း

ခိုလှုံလာသော ဒုတပ်ကြပ် ကိုယ်ပိုင်အမှတ် လ - ၂၇၂၈၁၇ မဝီတိုရီယ(ခ)သိုးကလေးသည် အကြမ်းဖက်စစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများကို မခံနိုင်သည်မှာကြာခဲ့ပြီး ထွတ်ခွာရန် နည်းလမ်းမျိုးစုံသုံး၍ ထွက်လာရခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူလူထုပိုင် ပစ္စည်းများ ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ ပြည်သူလူထုကို ပစ်ခတ်ခြင်း စသည့် မတရားမှုများကို နေ့စဉ် ပြုလုပ်နေသည့်အပေါ် မနှစ်သက်၍ တပ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

News

စစ်တပ်အာဏာသိမ်းထားသည့်နေ့မှစတင်ပြီး ၂၀၂၂ဖေဖော်ဝါရီလလယ်ပိုင်းအထိ CDF(မတူပီ)ထံခိုလှုံလာသူ စစ်သားနှင့် ရဲတပ်သား ၁၁ ဦးရှိပြီဖြစ်သည်။