ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် ဆန်တန်ချိန် ၄သိန်း တင်ပို့နိုင်ရေး မြန်မာနှင့် ယူနန်ပြည်နယ်အစိုးရ မကြာမီစာချုပ်မည်

မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ဆန်အိတ်(၁၀)သိန်းကျော် ပိတ်မိနေပြီး ပြည်တွင်းစပါးဈေးကျဟုဆို

မောင်တာ၊ ထက်အောင်၊ မတ်-၂၇

နယ်စပ်ကုန်သွယ်ရေးမှတဆင့် ကုန်စည်ဖလှယ်သည့်စနစ်ဖြင့် ဆန်တန်ချိန် လေးသိန်း တင်ပို့နိုင်ရေး မြန်မာအစိုးရနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရကြား နှစ်ဖက်သဘောတူစာချုပ် မကြာမီလက်မှတ်ရေးထိုးချပ်ဆိုမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးအောင်ထူးက ပြောသည်။

“ကုန်စည်ဖလှယ်တဲ့နည်းနဲ့ မကြာခင်မှာ ဆန်တန်ချိန် လေးသိန်းရောင်းချဖို့ အဲ့တာကတော့ Barter Trade (ကုန်ပစ္စည်းချင်းဖလှယ်သည့်ကုန်သွယ်ရေး) နဲ့ ရောင်းမှာပေါ့နော်။ အဲ့တာကို Sign (လက်မှတ်ထိုးဖို့) ရှိပါတယ်။ အဲ့တာက ကျွန်တော်တို့ဘက်က ပြီးသလောက်ရှိပါပြီ။ အမြန်ဆုံး Sign ထိုးမှာပါ။ အဓိကတော့ ယူန်ပြည်နယ်နဲ့ပါပဲ”ဟု ဦးအောင်ထူးက ပြောသည်။

ကုန်စည်ဖလှယ်သည့်ကုန်သွယ်ရေး (The Barter Trade) ဆိုသည်မှာ ငွေသားပေးချေကာ ကုန်ပစ္စည်းအရောင်းအဝယ် ပြုလုပ်ခြင်းမဟုတ်ဘဲ ကုန်စ္စည်းများကို တန်ဘိုးသင့်တွက်ချက်ကာ လဲလှယ်ခြင်းဖြစ်သည်။  မြန်မာနိုင်ငံဖက်မှ ဆန်၊ဆန်ကွဲ၊ ပြောင်းစသည့် လယ်ယာစိုက်ပျိုးထွက်ကုန်များ အဓိကတင်ပို့မည်ဖြစ်ပြီး တရုတ်နိုင်ငံဖက်မှ လယ်ယာသုံးစက်ကိရိယာပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ သံနှင့် သံမဏိစသည်များ တင်သွင်းမည်ဟု ၎င်းက ဆိုသည်။

“အဲ့ဒီအပိုင်းတွေရောင်းဖို့ ညှိထားပါတယ်။ တန်ဖိုးအတိအကျကြီး ကိုက်ညီဖို့တော့ မလိုပါဘူး။ တတ်နိင်သမျှတော့ နှစ်ဖက်တန်ဖိုးညီအောင် ဆောင်ရွက်သွားမှာပါ”ဟု ဦးအောင်ထူးက ပြောသည်။

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်စည်ဖလှယ်သည့်ကုန်သွယ်ရေး လုပ်ဆောင်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မူလက်မူလုပ်ငန်းရှင်များအသင်း (UMFCCI)က တာဝန်ခံလက်မှတ်ရေးထိုးမည်ဖြစ်သည်။ ကုန်သည်ဖလှယ်သည့် ကုန်သွယ်ရေး လုပ်ဆောင်လိုသည့် ပြည်တွင်းလုပ်ငန်းရှင်များကို UMFCCI မှ အဆိုပြုလွှာများ စတင်ဖိတ်ခေါ်နေပြီဟု စီးပွား၊ကူးသန်း ဒု-ဝန်ကြီးက ပြောသည်။

“အခု UMFCCI က အဲ့ဒီစာရင်းတွေ ခေါ်နေပါတယ်။ ဒီကုန်သွယ်မူမှာ လုပ်ချင်တဲ့သူတွေ သူတို့(UMFCCI)ဆီမှာ Register(စာရင်းသွင်း) လုပ်လို့ရတယ်။ အဲ့တာကတော့ အားလုံးကို Open လုပ်ထားတာပါ။ Inclusive (အားလုံးပါဝင်ရေး) ဆိုတဲ့အခါကျတော့ သူတို့ကတော့ သွားပြီးတော့ Register လုပ်ရမှာပေါ့။ လုပ်ထားတယ်ဆိုလို့ရှိရင် သူတို့အနေနဲ့ သွားပြီးတော့ အရောင်းအဝယ်လုပ်လို့ရပါပြီ။ အရောင်းအဝယ်လုပ်မယ်ဆိုရင်တော့ ရောင်းမယ့်သူနဲ့ ဟိုဘက်က ဝယ်မယ့်သူနဲ့ စာချုပ်ပြန်ချုပ်ရမှာပေါ့”ဟု ဦးအောင်ထူးက ရှင်းပြသည်။

သို့သော် အဆိုပါ ကုန်စည်ဖလှယ်သည့်ကုန်သွယ်ရေးစနစ်မှာ ပြည်တွင်းဆန်ကုန်သည်များအတွက် အဆင်ပြေနိုင်မည် မထင်ကြောင်း မူဆယ်နယ်စပ်ဆန်ကုန်သည် ဦးမင်းသိန်းက ပြောသည်။

“ငွေသားနဲ့ပဲ တရားဝင် ရောင်းလို့ရချင်တယ်”ဟု ဦးမင်းသိန်းက ပြောသည်။

ဆန်တင်ပို့မူအတွက် လဲလှယ်ရရှိလာမည့် တရုတ်နိုင်ငံထုတ် စက်ပစ္စည်းများကို ပြန်လည်ရောင်းချရန်မှာ အခက်ခဲများစွာ ရှိကြောင်း ပြည်တွင်းဆန်ကုန်သည်များက ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလကုန်ပိုင်းမှစတင်ကာ တရုတ်နိုင်ငံက တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးအရေးယူနေသည့်အတွက် လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် ဆန်ဈေးကွက်မှာ အရောင်းအဝယ်ရပ်တန့်နေသည်ဟု နယ်စပ်ဆန်ကုန်သည်များက ပြောသည်။

နယ်စပ်ကုန်သွယ်ရေးမှတဆင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင်ခြင်းမရှိသည်မှာ တစ်လကျော်ကြာပြီဖြစ်ကာ မူဆယ်တွင် တရုတ်သို့ ပို့မည့် ဆန်အိတ်ရေ(၁၀)သိန်းကျော် ပိတ်မိနေသလို မတ်လအတွင်း ဆန်တစ်အိတ် ကျပ်(၁၅၀၀)ခန့် ဈေးနှုန်းကျဆင်းသွားသည်ဟု ဆန်ကုန်သည်များက ပြောသည်။

“ဆန်မပို့နိုင်တဲ့အတွက် အကုန်ခက်ခဲနေတယ်။ ဆန်စက်တွေမှာလည်း ဆန်တွေ၊ စပါးတွေ ပုံနေပြီ။ ယူနန်ဘက်မှာ ဆန်လိုအပ်ချက်မြင့်မားနေပေမယ့် နယ်စပ်ရောင်းဝယ်မှုကို တရုတ်အစိုးရက တင်းကြပ်ထားလို့ မူဆယ်ဘက်မှာ ဆန်အိတ်တွေ ပိတ်မိနေတယ်။ ဒီအတိုင်းဆက်သွားနေရင် တောင်သူတွေရော ဆန်စက်တွေရော၊ ကုန်သည်တွေရော ခက်ခဲလာမယ်”ဟု မန္တလေးတိုင်းဒေသကြီး ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။

မူဆယ်နယ်စပ် ဆန်အရောင်းအဝယ် ရပ်တန့်နေသည့်အတွက် ပြည်တွင်းစပါးဈေးပါ ကျဆင်းလာနေပြီး ယခင်နှစ်က တင်းတစ်ရာလျှင် (၆)သိန်းခွဲအထိ ပေါက်ဈေးရှိခဲ့သော နွေစပါးမှာ ယခုနှစ်တွင် တင်းတစ်ရာ ကျပ်(၅)သိန်းခွဲဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ဦးစိုင်းကျော်က ပြောသည်။

နွေစပါးပေါ်ချိန် စပါးဈေးဆက်လက်ကျဆင်းမည်ကို စိုးရိမ်ကြောင်း မတ္တရာမြို့နယ် ကန်လည်ခုံကျေးရွာမှ လယ်သမားဦးမြင့်လွင်က ပြောသည်။

“ရက်၉၀ နွေစပါးက မန္တလေးဘက်မှာ မထွက်သေးဘူး။ ရန်ကုန်နဲ့အောက်ဖက်တော့ ထွက်နေပြီ။ စပါးဈေးနှုန်းက ပြီးခဲ့တဲ့နှစ်က ဈေးက မဆိုးဘူး။ ၆သိန်းခွဲဈေးပေါ့။ အဲဒီဈေးက မဆိုးတာပဲရှိတယ်။ တောင်သူတွေ မမြတ်ဘူး။ တောင်သူတွေက အဲဈေးမှ မရရင်လည်း ရှုံးမှာ”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နယ်စပ်မှ ဆန်တင်ပို့မူ ကျဆင်းနေသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ ဆန်တင်ပို့ရောင်းချရမူ မြင့်တက်လာနေပြီး ပြည်တွင်းစပါးဈေး ဆိုးရွားစွာ ကျဆင်းဖွယ်မရှိကြောင်း စီးပွား၊ကူးသန်း ဒု-ဝန်ကြီးက ပြောသည်။

မန္တလေးမြို့ရှိ ဆန်ဂိုဒေါင်တစ်လုံးကို တွေ့ရစဉ် (ဓါတ်ပုံ- Sai Kyaw FB)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်