ICJ သို့ သွားရောက်မည့် ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတော့မည် မဟုတ်

ဘုန်းနေ၊ ဇန်နဝါရီ-၂၀

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ ဇန်နဝါရီ(၂၃)ရက်တွင် ဒုတိယအကြိမ် သွားရောက်မည့် ခရီးစဉ်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လိုက်ပါတော့မည် မဟုတ်ကြောင်း အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြောသည်။

အဆိုပါ ရုံးချိန်းသို့ ၎င်းက မြန်မာကိုယ်စားလှယ်အဖွဲ့ အဖွဲ့ခေါင်းဆောင်အနေဖြင့် သွားရောက်မည်ဖြစ်ကာ ငှားရမ်းထားသည့် နိုင်ငံတကာ ရှေ့နေများ၊ ဥပဒေ ပညာရှင်များသည်လည်း ICJ ရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သဟိသ်မြို့ သို့  လာရောက်ကြမည်ဟု ဦးကျော်တင့်ဆွေက ဇန်နဝါရီ(၁၉)ရက် ညနေပိုင်းတွင် မြန်မာ့အသံမှ ထုတ်လွှင့်သည့် ICJ နှင့် မြန်မာနိုင်ငံ စကားဝိုင်း အစီအစဉ်တွင် ထည့်သွင်းပြောကြားသည်။

လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ICJ တွင် တရားစွဲဆိုထားပြီး “Provisional Measures” ခေါ် ကြားဖြတ် စီမံဆောင်ရွက်ချက် အချက်(၆)ချက်ကို ချမှတ်ပေးရန် တောင်းဆိုထားသည်။ ဂမ်ဘီယာနိုင်ငံ၏ တောင်းဆိုချက်များနှင့် ပတ်သက်၍  ကြားဖြတ် စီမံဆောင်ရွက်ချက်များ ဆောင်ရွက်ရေး ချမှတ်ရန် သင့်၊ မသင့်ကို ICJ က ဇန်နဝါရီ(၂၃)ရက်တွင်  ဆုံးဖြတ်မည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ သို့ သွားရောက်ခြင်းသည်  အန္တရာယ် ရှိသည့်အတွက် သွားရောက်ခြင်း မပြုရန် ပြည်ပနိုင်ငံအချို့က မေတ္တာရပ်ခံမှုများ ရှိခဲ့ကြောင်း၊ ICJ ရုံးစိုက်ရာ သဟိသ်မြို့သည် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ရုံးစိုက်ရာ မြို့လည်းဖြစ်ရာ  ICC အနေဖြင့် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်ကို မည်သူမျှ မသိအောင် လျို့ဝှက် ဝရမ်းထုတ်ထားနိုင်သလို ဝရမ်းထုတ်ခံရသော ပုဂ္ဂိုလ်သည် ICC အဖွဲ့ဝင် နိုင်ငံ တစ်နိုင်င်သ့ို သွားရောက်ခဲ့လျင်လည်း ဖမ်းဆီးနိုင်သည့် အခွင့်အာဏာရှိကြောင်း ဦးကျော်တင့်ဆွေက စကားဝိုင်းဆွေးနွေးပွဲတွင် ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာအတွင်းက ICJ သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရင်ဆိုင်ခဲ့ခြင်းမှာလည်း တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့် အရေးကိစ္စဖြစ်၍ သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရပ်တည်ချက်က မြန်မာနိုင်ငံနဲ့ ပတ်သက်လာရင် ဆယ်စုနှစ်နဲ့ချီ ရှိခဲ့တဲ့ ပုံရိပ်ဆိုးတွေ ၊ အထင်မှား အမြင်မှားတွေ၊ အခြေအနေတွေကို သူသာ သွားရှင်းပြရင် နိုင်ငံတကာက အလေးထား နားထောင်မှာဖြစ်တယ်။ ဒါကြောင့် သူသာ မသွားဘူးဆိုရင် နိုင်ငံအပေါ်မှာ တာဝန်မကျေရာ ရောက်လိမ့်မယ်ယူဆပြီး သွားခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။

Photo – Myanmar State Counsellor Office

လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ(၁၀)ရက်မှ (၁၂)ရက်အထိ ICJ တွင် နှစ်ဖက်လျှောက်လဲချက် တင်သွင်းခဲ့သည်။

.

One thought on "ICJ သို့ သွားရောက်မည့် ခရီးစဉ် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတော့မည် မဟုတ်"

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်