တရားဥပဒေဆိုင်ရာ အခက်အခဲရှိပါက မန္တလေးခရိုင် ဥပဒေ ထောက်၊ကူအဖွဲ့သို့ အခမဲ့ အကူအညီတောင်းခံနိုင်

မန္တလေး၊ ဇူလိုင်-၁၀။ အများပြည်သူအနေဖြင့် တရားဥပဒေဆိုင်ရာ အခက်အခဲများ ကြုံတွေ့နေရပါက မည်သူမဆို ဖုန်းဆက်၍ အကူအညီ တောင်းခံနိုင်ပြီး လိုအပ်သည်များ အခမဲ့ကူညီပေးမည်ဖြစ်ကြောင်း မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဌ ဦးမောင်မောင်ဦးက ပြောသည်။

“ဖုန်းဆက်ပါ။ အားမနာပါနဲ့။ အခုလောလောဆယ် ရုံးခန်းမရှိသေးတဲ့အတွက် ဖုန်းပေါ်မှာပဲ ရှိပါသေးတယ်။ တက်တက်ကြွကြွ ရှိနေပါပြီ။ ကူညီပေးဖို့ အဆင့်သင့်ပါ”ဟု ၎င်းက ဆိုသည်။

မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ (ဇူလိုင်၁၀)တွင် မန္တလေးမြို့၌ ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ဦးမောင်မောင်ဦးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ပင်မရည်ရွယ်ချက်က အောက်ခြေမှာရှိတဲ့ လူတန်းစားတွေ တရားဥပဒေနဲ့ ဝေးကွာနေတဲ့ လူတန်းစားတွေ သူတို့ကို သီးသန့်ဖယ်ထားပေးတဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ သူတို့ကို ဥပဒေအကြောင်းတွေ လက်လှမ်းမီလာအောင် ကျွန်တော်တို့အဖွဲ့တွေ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဥပဒေအကြောင်း နားမလည်သူများနှင့် ငွေကြေးမတတ်နိုင်သူများကို အဓိကထား ကူညီမည်ဖြစ်ပြီး အခမဲ့ရှေ့နေလိုက်ပေးခြင်းနှင့် အခြားလိုအပ်သည်များ အခမဲ့ကူညီမည်ဟု အဆိုပါ အဖွဲ့မှ  အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့တွင် အဖွဲ့ဝင် ငါးဦးပါဝင်ပြီး  အများပြည်သူအနေဖြင့် ဥပဒေဆိုင်ရာ လိုအပ်သည့်အကူအညီများကို အဆိုပါအဖွဲ့မှ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ပေးထားသည့် ဥက္ကဌများထံ ဖုန်းဆက်အကြောင်းကြား၍ အကူအညီ တောင်းခံနိုင်သည်ဟု ဦးမောင်မောင်ဦးက ဆိုသည်။

ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့များကို မန္တလေးခရိုင်တွင်သာမက တိုင်းဒေသကြီးနှင့် ပြည်နယ်များနှင့် မြို့နယ်များအားလုံးတွင်ပါ ဖွဲ့စည်းထားပြီးဖြစ်ပြီး အဆိုပါအဖွဲ့များကို နိုင်ငံတော်မှပြဌာန်းခဲ့သည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေအရ ၂၀၁၇ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ Author- မောင်မင်းမော်(Mandalay In-depth News)

တရားရေးဆိုင်ရာ အမူကိစ္စများနှင့်စပ်လျဉ်း၍ အကူအညီတောင်းခံနိုင်သည့် မန္တလေးခရိုင် ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့ဝင်များ ဖုန်းနံပါတ်များ။ ဓါတ်ပုံ- မင်းမော်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်