ဦးပိန်တံတား အလယ်ဇရပ်အနီးရှိ အတက်အဆင်းအုတ်လှေကား တံတိုင်းခတ်ပိတ်ဆို့ခြင်း ဒေသချံားဝေဖန်

မောင်မင်းမော်၊ ဧပြီ ၁၉

အမရပူရမြို့နယ် ဦးပိန်တံတား အလယ်ဇရပ်အနီးရှိ အတက်အဆင်းလှေကားအား အုတ်တံတိုင်းခတ်၍ ပိတ်ဆို့လိုက်ခြင်းအပေါ် ဒေသခံများက ဝေဖန်လျက်ရှိသည်။

ဦးပိန်တံတား၏ တောင်ဖက်ခြမ်း၊ တံတားအလယ်ဇရပ်အနီးရှိ လွန်ခဲ့သည့် နှစ်(၃၀)ကျော်ကတည်းက တည်ဆောက်ထားသော အုတ်လှေကားကို ရှေးဟောင်းသုတေသနဌာနမှ သြင်္ကန်မတိုင်မီ ဧပြီ(၁၂)ရက်တွင် အုတ်တံတိုင်းခတ် ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

လှေကားပိတ်ဆို့လိုက်သည့်အတွက် ဦးပိန်တံတားအလှမြင်ကွင်း ထိခိုက်မူရှိသလို အရေးပေါ်အခြေအနေများတွင်လည်း အတက်အဆင်းပြုလုပ်ရန် အခက်ခဲဖြစ်စေသည်ဟု တောင်သမန်ဒေသခံများက ပြောသည်။

တံတားပေါ်တွင် ဈေးဆိုင်များဖွင့်၍ ရောင်းချနေသည့်အတွက် ရှေးဟောင်းဌာနမှ ဈေးသည်များအတက်အဆင်း မပြုလုပ်နိုင်ရန် ပိတ်လိုက်ခြင်းဖြစ်နိုင်သော်လည်း မပိတ်ဆို့သင့်ကြောင်း တောင်သမန်အင်း ငှက်လှေအသင်းဥက္ကဌ ဦးစိုးဝင်းက ပြောသည်။

“ကျွန်တော်တို့အမြင်တော့ မသင့်တော်ဘူးလို့မြင်တယ်ပေါ့။ ဒီလှေကားက နှစ်ပေါင်းသုံးလေးဆယ်လောက်ရှိတဲ့ အများသူငါ သွားလာဆင်းနေတဲ့ လှေကားဖြစ်တဲ့အတွက် ဒီလိုပိတ်လိုက်တော့ ဒါဟာ အကိုတို့တင်မဟုတ်ဘူးပေါ့ အမရပူရမြို့သူမြို့သားတွေရော ခရီးသွားဧည့်သည်တွေရော တော်တော်လေးကို တအံ့တဩဖြစ်ကြတာပေါ့။ သြင်္ကန်ရက်မှာ ပိတ်ထားတော့ တံတားပေါ်မှာ လက်တွေ့မြင်ရတာကိုက တိုင်နံပါတ် (၁၇)မီးလောင်တော့ ရေတောင်မှ ပျာရိပျာယာခတ်ပြီး လောင်းရတဲ့အဆင့်ထိ ဖြစ်သွားတယ်” ဟု ဦးစိုးဝင်းက ပြောသည်။  

ထို့အပြင် အတက်အဆင်း လှေကားပိတ်လိုက်သည့်အတွက် တံတားအောက်တွင် ရောင်းချနေကြသည့် ဈေးဆိုင်များလည်း  ရောင်းအားကျသွားသည်ဟု   အဆိုပါလှေကားအနီးတွင် နှစ်သုံးဆယ်ကျော် အအေးမျိုးစုံရောင်းချနေသည့် ဈေးသည်အမျိုးသမီးကြီးတစ်ဦးက ပြောသည်။

 ”လှနေတာကြီးကို တံတိုင်းခတ်လိုက်တော့ မြင်ကွင်းအလှ ပျက်သွားတယ်ပေါ့။ အရင်က နိုင်ငံခြားသားတွေက ဒီလှေကားကနေဆင်းပြီး Sunset (ညနေဆည်းဆာ) ရိုက်ကြတာ။ ဒါကြီးထောင်ပြီး ပိတ်လိုက်တော့ သူတို့အောက်ဆင်းစရာ မရှိတော့ဘူး။ ဈေးရောင်းရတာလည်း ပါးသွားတယ်” ဟု ၎င်းက ပြောသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တံတိုင်းခတ်ပိတ်ဆို့လိုက်သည့် အုတ်လှေးကားကို လွန်ခဲ့သည့် နှစ်(၃၀)ကျော်အချိန်က အမရပူရမြို့ မဟာဂန္ဓာရုံကျောင်းမှ သံဃာတော်အချို့က တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ လှေကားအတက်အဆင်း ပိတ်ဆို့ထားခြင်းအား ပြန်လည်ပယ်ဖျက်ပေးရန် ဒေသခံများနှင့် သံဃာတော်အချို့က တောင်းဆိုနေကြောင်း သတင်းများထွက်ပေါ်နေပြီး ယင်းကိစ္စနှင့်ပါတ်သက်၍ ရှေးဟောင်းသုတေသနဌာန တာဝန်ရှိသူအချို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း အသေးစိတ် ပြန်လည်ဖြေကြားခြင်းမရှိပါ။

ဦးပိန်တံတား အလယ်ဇရပ်အနီးရှိ အတက်အဆင်းလှေကားအား တံတိုင်းခတ်ပိတ်ဆို့ထားစဉ် (ဓါတ်ပုံ – မင်းမော်)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်