ထက်အောင်၊ ဧပြီ-၂
တရုတ်နိုင်ငံသို့ ကျွဲ၊နွားများ တင်ပို့ရောင်းချရာတွင် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို အသုံးပြုခွင့်ပေးရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း ကျွဲ၊နွား ကုန်သည်များက ပြောသည်။
လက်ရှိတွင် တရုတ်နိုင်ငံသို့ ကျွဲ၊နွားများ တင်ပို့ရောင်းချရာတွင် မန္တလေး-မူဆယ်လမ်းကြောင်းကို အသုံးပြုကာ မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန် တစ်ခုတည်းမှသာ တင်ပို့ရောင်းချနေခြင်းဖြစ်သည်။ မူဆယ်နယ်စပ်ဈေးကွက် ပိတ်ပင်ခံရခြင်းနှင့် ဈေးနှိမ်ခံရခြင်းများကြောင့် ပြည်တွင်းကုန်သည်များ ဆုံးရှုံးမူဖြစ်ပေါ်လျှက်ရှိရာ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းမှ ကျွဲ၊နွား တင်ပို့ခွင့်ရရန် တောင်းဆိုခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊နွား မွေးမြူ တင်ပို့ရောင်းချသူများအသင်းဥက္ကဌ ဦးသောင်းခိုင်က ပြောသည်။
ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းတွင် ယခင်ကတည်းက ကျွဲ၊နွား မှောင်ခိုတင်ပို့မှုများ ရှိနေသလို ဈေးကွက်ရှိပြီးဖြစ်သည်ဟု ၎င်းက ပြောသည်။ ထို့အတွက် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်ရေးဆိုင်ရာနှင့် အကောက်ခွန်ဝန်ထမ်းများ ပိုမိုခန့်ထားကာ ကျွဲ၊နွားများ တရားဝင်တင်ပို့ခွင့်ပြုရန် မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ကျွဲ၊နွားမွေးမြူတင်ပို့ ရောင်းချသူများအသင်းတို့ စုပေါင်း၍ မတ်လတတိယပါတ်အတွင်းက စီးပွား၊ကူးသန်း ဝန်ကြီးဌာနထံ စာတင်တောင်းဆိုထားခြင်းဖြစ်သည်။
“လွယ်ဂျယ်ကနေ တရားဝင်တင်ပို့ခွင့်ပေးဖို့ တောင်းဆိုတာပါ။ မူဆယ်မှာကြီးပဲ ကျွဲ၊နွားအဝင်များနေတော့ ဈေးနှိမ်ခံရတယ်။ ဈေးကွက်ပြန့်သွားရင် အခြေအနေက ဒီလောက်မဆိုးနိုင်ဘူး။ အဲဒီအတွက်ကြောင့် လမ်းကြောင်းသစ်တစ်ခုကို ခွင့်ပြုပေးဖို့တောင်းဆိုတာပါ”ဟု ဦးသောင်းခိုင်က ပြောသည်။
မူဆယ်လမ်းကြောင်းမှ ကျွဲ၊နွားတင်ပို့ရာတွင် အစိုးရကို အခွန်ပေးဆောင်ရသလို ကားလမ်းတလျှောက် လက်နက်ကိုင်တပ်ဖွဲ့များကိုလည်း ဆက်ကြေးပေးရကြောင်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းကြောင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ မရှိသည့်အတွက် ကုန်သည်များအတွက် ပိုမိုအဆင်ပြေနိုင်ကြောင်း ကျွဲ၊နွား ကုန်သည်များက ပြောသည်။
မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်မှ တရုတ်သို့ ကျွဲ၊နွားတင်ပို့ရောင်းချရာတွင် ဈေးနှိမ်ခံရသဖြင့် မြန်မာကုန်သည်များ ဆုံးရှုံးမှုများဖြစ်ပေါ်နေသည်မှာ ၄လဝန်းကျင် ကြာမြင့်နေပြီ ဖြစ်သလို တရုတ်နိုင်ငံဖက်မှ နယ်စပ်ဈေးကွက် ပိတ်ပင်ထားသည့်အတွက် ကျွဲ၊နွားအကောင်ရေ ထောင်နှင့်ချီကာ မူဆယ်တွင် ပိတ်မိနေဆဲဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။
“မူဆယ်မှာ ကျွဲ၊နွားဝင်တာ နည်းသွားပေမယ့် ရှိနေတဲ့နွားတွေက ဈေးနှိမ်ခံနေရတုန်းပဲ။ နွားတစ်ကောင်ကို အနည်းဆုံး ၅သိန်းလောက် အရှုံးခံရောင်းမှ ရောင်းလို့ရတာ။ မရောင်းပဲထားရင်လည်း အစာဖိုးနဲ့ ကုန်သည်တွေက ရှုံးနေတယ်”ဟု ဦးသောင်းခိုင်က ပြောသည်။
မူဆယ်တွင် ကျွဲ၊နွားများ သောင်တင်နေပြီး ရောင်းမထွက်ဖြစ်နေသည့်အတွက် ပြည်ပသို့ ကျွဲ၊နွားတင်ပို့ရန် ခွင့်ပြုမိန့်ဖြစ်သည့် ယာယီစုဆောင်းခွင့်လက်မှတ်များ ထုတ်ပေးခြင်းကို ဝန်ကြီးဌာနများက မတ်လဆန်းမှစတင်ကာ ယာယီရပ်နားထားသည်။