ဗစ်တိုရီးယားအမူ အမှန်တရား ပေါ်ပေါက်ရေး မန္တလေးတွင် ဆန္ဒပြတောင်းဆိုမည်

တေဇ၊ ဇူလိုင်-၅

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် အသက်(၃)နှစ်နီးပါးအရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုကျင့်ခံရမှုအပေါ် အမူမှန်ပေါ်ပေါက်စေရေး ဇူလိုင်(၇)ရက်တွင် မန္တလေးမြို့၌ ဆန္ဒပြတောင်းဆိုမည်ဖြစ်သည်။

ဗစ်တိုးရီးယာအတွက် တရားမျှတမှုရရှိရေး လူထုဆန္ဒထုတ်ဖော်ပွဲ(မန္တလေး)ကို ဇူလိုင်(၇)ရက် နေ့လည် (၂)နာရီတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅လမ်းနှင့် ၆၆လမ်းထောင့်မှ ၆၂လမ်းမပေါ်ရှိ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းအထိ   ချီတက်လမ်းလျှောက်မည်ဖြစ်ပြီး လက်ရှိတွင် တရားဝင်ဆန္ဒထုတ်ဖော်ခွင့်ရရန် ငြိမ်းစုစီ ခွင့်ပြုမိန့် လျှောက်ထားနေပြီဟု အဆိုပါဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်သည့် မန္တလေးမြို့ခံ တစ်ကိုယ်တော်ပရဟိတသမား ကိုဝမ်းက ပြောသည်။

“တရားခံအစစ်အမှန်ကို ဖော်ထုတ်ပေးဖို့။ ဒီအမူနဲ့ပတ်သက်ပြီး ဘာမှဖုံးကွယ်တာမရှိဘဲ အမှန်တရားအတိုင်း ပေါ်ပေါက်စေဖို့အတွက် တောင်းဆိုမှာပါ”ဟု ကိုဝမ်းက ဆိုသည်။

၎င်းဆန္ဒပြပွဲကို သက်ငယ်မုဒိမ်း လျှော့နည်းပပျောက်ရေးအဖွဲ့ (မန္တလေး)မှ ဦးဆောင်ခြင်းဖြစ်ပြီး အဆိုပါအဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၆နှင့် ၂၀၁၇ခုနှစ်များကလည်း သက်ငယ်မုဒိမ်းမူ ပပျောက်ရေး လူထုလှုပ်ရှားမူများ မန္တလေးတွင် ပြုလုပ်ခဲ့ဖူးသည်။

ဗစ်တိုးရီးယားအတွက် တရားမျှတမူ ရရှိစေရေး တောင်းဆိုလိုသူများအနေဖြင့်လည်း ဆန္ဒပြပွဲသို့  လာရောက်ပူးပေါင်းပါဝင်နိုင်ပြီး ပါဝင်မည့်သူများအနေဖြင့် အဖြူရောင်အင်္ကျီများ ဝတ်ဆင်လာစေလိုသည်ဟု ကိုဝမ်းက ဆိုသည်။

အသက်(၃)နှစ်ပင်မပြည့်သေးသည့် ကလေးငယ် ဗစ်တိုးရီးယားကို လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မူနှင့်ပတ်သက်၍ သံသယတရားခံအဖြစ် Wisdom Hill မူကြိုကျောင်း၏  ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်၏ ယာဉ်မောင်း အောင်ကျော်မျိုး(ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၆ (မုဒိမ်းမူ)ဖြင့် စွပ်စွဲတရားစွဲဆိုထားသည်။

အသက်(၂၇)နှစ်အရွယ် အောင်ကျော်မျိုး(ခ) အောင်ကြီးကို ရဲတပ်ဖွဲ့က ဖမ်းဆီးကာ နေပြည်တော်အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ဇူလိုင်(၁၅)ရက်တွင်  နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ ရုံးချိန်းခေါ်ယူစစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါတရားရုံးမှ တရားရုံးသတင်းနှင့် ပြန်ကြားရေးအရာရှိက ပြောသည်။

ဗစ်တိုးရီးယားအတွက် အမူမှန်ပေါ်ပေါက်ရေး တောင်းဆိုဆန္ဒပြပွဲများကို မန္တလေးမြို့အပါအဝင် ရန်ကုန်နှင့် တောင်ကြီးမြို့များတွင်လည်း ပြုလုပ်မည်ဖြစ်သည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်