မန္တလေးတွင် လယ်မြေအကွက်ရိုက်ကာ အဆောက်အဦးဆောက်လုပ်နေထိုင်သူ ၂၁ဦးကို ဖမ်းဆီးအရေးယူ

စီမံကိန်းနှင့်နီးသော လယ်ယာမြေများ အရောင်းဝယ်သွက်ကာ ဈေးမြင့်တက်နေဆဲ

ထက်အောင်၊ မတ်-၂၄

မန္တလေးမြို့အနီးရှိ လယ်မြေများတွင် အကွက်ရိုက်ကာ တရားမဝင် အဆောက်အဦဆောက်လုပ်နေထိုင်သူ (၂၁)ဦးကို ဖမ်းဆီးအရေးယူထားကြောင်း ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်ကျေးရွာနှင့် မန္တလေးမြို့ပါတ်လမ်းအနီးရှိ လယ်မြေများပေါ်တွင် လယ်ယာမြေ အခြားနည်သုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ မြေအကွက်ရိုက်ရောင်းချသူများနှင့် အဆောက်အဦဆောက်လုပ် နေထိုင်သူများကို ၂၀၁၈ အောက်တိုဘာမှစတင်ကာ ဖမ်းဆီးအရေးယူခဲ့ပြီး လက်ရှိအချိန်ထိ ၂၁ဦးကို ဖမ်းဆီးအမူဖွင့်ထားသည်ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

အဆိုပါ ဖမ်းဆီးထားသူ ၂၁ဦးကို ၂၀၁၂လယ်ယာမြေဥပဒေ ပုဒ်မ(၃၅)ဖြင့် ပုသိမ်ကြီးမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားပြီး အမူရင်ဆိုင်နေဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။ 

၂၀၁၈ဇွန်လတွင် ဝန်ကြီးချုပ် အပါအဝင် တိုင်းအစိုးရအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနများ ပါဝင်သော အဖွဲ့က ပုသိမ်ကြီးမြို့နယ်အတွင်း လယ်ယာမြေ အကွက်ရိုက် ရောင်းချခြင်း၊  တရားမဝင် အဆောက်အဦး ဆောက်လုပ်နေထိုင်ခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး တွေ့ရှိသည့် စက်ယန္တယားများကို သိမ်းဆည်းခဲ့သည်။

ထိုသို့ လယ်ယာမြေအကွက်ရိုက်ရောင်းချခြင်းနှင့် တရားမဝင် အဆောက်အဦး ဆောက်လုပ်နေထိုင်မူများကို ဆက်လက်ဖမ်းဆီးအရေးယူနေသည်ဟု ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိအချိန်ထိလည်း ဒီလယ်ယာမြေတွေကို အရောင်းအဝယ်ပြုလုပ်နေတယ်။ အရောင်းအဝယ်လုပ်နေတာ သိလို့သွားဖမ်းတော့ အကုန်ပြေးကုန်ပြီ။ မရှိတော့ဘူး။ ဖမ်းဆီးရမိဖို့ ခက်နေတယ်။ အရောင်းအဝယ်လုပ်၊ အဆောက်အဦဆောက်နေတဲ့သူတွေကို တရားစွဲဖို့ကလည်း SP/GPနဲ့ပဲ လွဲှထားတော့ ဘယ်သူ့ကိုအရေးယူရမလဲဆိုတာ အခက်အခဲတွေ့နေတယ်”ဟု ၎င်းက ဆိုသည်။

ပုသိမ်ကြီးမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ စာရင်းကောက်ယူမူများအရ နန်းဦးလွင်ကျေးရွာ၊ မြို့ပါတ်လမ်းနှင့် အခြားလူနေထူထပ်သည့် ကျေးရွာများအနီးရှိ လယ်ယာမြေများပေါ်တွင် လယ်ယာမြေ အခြားနည်းသုံးစွဲခွင့် လျှောက်ထားခြင်းမရှိဘဲ ဆောက်လုပ်ထားသည့် အဆောက်အဦး အလုံး(၈၀၀)ကျော်ရှိသည်ဟု ဆိုသည်။

သို့သော် လက်ရှိအချိန်ထိ ပုသိမ်ကြီးမြို့နယ်အပါအဝင် မန္တလေးမြို့အနီးရှိ နေရာအကွက်အကွင်းသော လယ်ယာမြေများအား အကွက်ရိုက်ရောင်းချခြင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ရောင်းဝယ်ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

မန္တလေးမြို့နှင့် နီးကပ်ပြီး စီမံကိန်းရှိသော နေရာများမှ လယ်ယာမြေများမှာ အရောင်းအဝယ်သွက်သလို လယ်မြေတစ်ဧက ကျပ်သိန်း(၅၀၀၀)မှ ကျပ်သိန်း(၁၀၀၀၀)အထိ ဈေးမြင့်တက်နေကြောင်း မန္တလေးမြို့ခံ အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

ပုသိမ်ကြီးမြို့နယ်အတွင်း ရေတံခွန်တောင် ပုဂ္ဂလိက အိမ်ယာစီမံကိန်း တည်ဆောက်မည်ဖြစ်သလို အဆိုပါအိမ်ယာစီမံကိန်းအတွက် လမ်းသစ်ဖောက်လုပ်လျှက်ရှိရာ လမ်းနှင့်နီးသော လယ်ယာမြေများမှာ တစ်ဧက ကျပ်သိန်း(၁၀၀၀၀)နှင့် အတွင်းပိုင်း လယ်ယာမြေများမှာ တစ်ဧက ကျပ်သိန်း(၅၀၀၀)ကျော်ဖြင့် အရောင်းအဝယ်ဖြစ်နေသည်ဟု  မန္တလေးတိုင်းဒေသကြီး အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဌ ဦးတင်မောင်က ပြောသည်။ ထို့အပြင် မန္တလေး-ပုသိမ်ကြီး အဓိကလမ်းမဖြစ်သည့် ၁၉လမ်းအနီးရှိ လယ်ယာမြေများမှာလည်း တစ်ဧက ကျပ်သိန်း(၆၀၀၀)အထက် ပေါက်ဈေးရှိကြောင်း ၎င်းက ဆိုသည်။

“လယ်ယာမြေအခြားနည်းသုံးစွဲခွင့် ချမပေးသေးလည်း ဝယ်နေတာပဲ။ ဘာလို့လည်းဆိုတော့ နေရာတော်တော်များများမှာ အဲဒီလိုပဲ ဝယ်ခဲ့ကြပြီး များလာရင် အသိအမှတ်ပြုပေး၊ ခွင့်ပြုပေးရတာပဲ။ အဲဒီတော့ လူတွေကလည်း ဝယ်နေကြတာ”ဟု ဦးတင်မောင်က ပြောသည်။

အဆိုပါ လယ်ယာမြေကို စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အစိုးရနှင့် နီးစပ်သူများကပါ ဝယ်ယူကြပြီး အများစုမှာမူ မြို့တွင်းတွင် မဝယ်နိုင် နေထိုင်ရေးအတွက် ဝယ်ယူကြခြင်းဖြစ်သည်ဟု ဆိုသည်။

“အဲဒီပြဿာနာက ကျူးတွေကို စနစ်တကျ မရှင်းနိုင်တာကနေစတာ။ ဟိုနေရာကျူးလိုက် ပြီးရင်ရှင်းလိုက်နဲ့ နောက်ပိုင်းမှာ လယ်မြေပေါ်ရောက်ကုန်တာ။ အားလုံးကို မခွဲခြားဘဲ အရေးယူနိုင်ဖို့တော့ လိုမယ်။ ခုလောလောဆယ်တော့ စီမံကိန်းအနီးက လယ်မြေကတော့ ဧကလိုက် အရောင်းအဝယ်ဖြစ်နေတယ်။ တခြားနေရာတော့ အကွက်လေးတွေ ရိုက်ရောက်တာ၊ တွက်ကြည့်မယ်ဆိုရင် သိန်း(၆၀၀၀)အထက် ပေါက်ဈေးရှိတယ်”ဟု ဦးတင်မောင်က ပြောသည်။

မန္တလေးမြို့အနီး ပုသိမ်ကြီးမြို့နယ် ရေတံခွန်တောင်အနီးရှိ မြေဧက ၅၄၀ ကျော်ပေါ်တွင် ဖွံ့ဖြိုးသစ်ကုမ္မဏီက ရေတံခွန်တောင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်ဖြစ်သလို မန္တလေးမြို့ပါတ်လမ်းဘေး ဝဲယာတွင်လည်း အိမ်ယာစီမံကိန်းများ တည်ဆောက်လျှက်ရှိသည်။

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နေအိမ်အချို့ကို တွေ့ရစဉ် (ဓါတ်ပုံများ – လွှတ်တော်ကိုယ်စားလှယ်တစ်ဦး)

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်