တရားဝင် လိုင်စင်ဖြင့်ဖွင့်ထားဟု ကျောက်မျက်အသင်းမှ ပြောပြီး အခွန်ရှောင်မူ ရှိ၊မရှိ ပြည်တွင်းအခွန်က စိစစ်မည်
ထက်အောင်၊ ဇူလိုင်-၆
မန္တလေးမြို့တွင် ခရီးသွားကုမ္မဏီများနှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များကိုသာ သီးသန့်ရောင်းချနေသည့် ကျောက်မျက်ရတနာ အရောင်းဆိုင် (၈)ဆိုင်ရှိကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး)မှ သတင်းရရှိသည်။
မန္တလေးမြို့တွင် တရုတ်ခရီးသွားများကိုသာ ရောင်းချနေသည့် အလုံပိတ် ကျောက်မျက်အရောင်းဆိုင်များ တနေ့ထက်တနေ့ ပိုမိုများပြားလာနေပြီး အဆိုပါ ကျောက်မျက်အရောင်းဆိုင်များမှာ တရားဝင်လိုင်စင်ဖွင့် ဖွင့်လှစ်ထားခြင်း ဟုတ်၊မဟုတ် မြို့ခံများက မေးခွန်းထုတ်သည်။
တရုတ်ခရီးသွားများနှင့် ချိတ်ဆက်ရောင်းချနေသည့် မန္တလေးမြို့ရှိ ကျောက်မျက်ရတနာအရောင်းဆိုင်များကို စိစစ်ခဲ့ရာ ယင်းဆိုင်များမှာ အခွန်ဆောင်၍ တရားဝင်ရောင်းချနေသည်ကို တွေ့ရသည်ဟု မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (မန္တလေးတိုင်းဒေသကြီး) ဒု-ဥက္ကဌ ဒေါ်သန်းသန်းအေးက ပြောသည်။
“လက်တလောမှာတော့ ကျွန်မတို့ စစ်ဆေးပြီး အရတော့ သူတို့ အခွန်ဆောင်ထားတယ်။ နိုင်ငံခြားသားတွေကို ရောင်းတဲ့အခါ ပြေစာစာအုပ်ဖြစ်တဲ့ Cash Memo လည်း ရှိတယ်။ အဲဒီတော့ သူတို့ကို အခွန်ရှောင်တယ်လို့ ပြောလို့မရဘူး။ တရားဝင် ဆိုင်ဖွင့်ခွင့်လိုင်စင်လည်း ရထားပြီးသား ဆိုင်တွေပါ”ဟု ဒေါ်သန်းသန်းအေးက ပြောသည်။
ကျောက်မျက်အသင်းအနေဖြင့် အဆိုပါ ကျောက်မျက်အရောင်းဆိုင်များ စာရင်းကို သတ္တုတွင်းဦးစီးဌာနနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ စာရင်းပေးပို့တင်ပြမည်ဟု ၎င်းက ဆိုသည်။
အဆိုပါ ကျောက်မျက်အရောင်းဆိုင် အရေအတွက် အတိအကျသိရပါက ၎င်းဆိုင်များ၏ အခွန်ဆောင်မှု အခြေအနေများကို စစ်ဆေးမည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာန (မန္တလေးတိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။
“မန္တလေးမှာ Package Tour နဲ့ ချိတ်ဆက်နေတဲ့ဆိုင် (၈)ဆိုင်လောက်ရှိတယ်။ အဲဒီဆိုင်စာရင်းတွေကို မန္တလေး ကျောက်မျက်ရုံးက စာရင်းအတိအကျ ပေးမယ်ပြောထားတယ်။ အဲဒါသိရရင် စစ်မယ်။ အဲဒီဆိုင်တွေက အခွန်ဆောင်လား၊ ရှောင်နေလားဆိုတာကို စိစစ်မယ်။ အခွန်ရှောင်ရင်လည်း သေချာ အခွန်ဆောင်နိုင်အောင် ကြပ်မတ်မယ်။ တိတိကျကျဖြစ်အောင် လုပ်ပါမယ်”ဟု ဦးထွန်းထွန်းအောင်က ပြောသည်။
လတ်တလောတွင် မန္တလေးမြို့၌ တရုတ်ခရီးသွားများနှင့် ဆက်စပ်ရောင်းချနေသည့် ကျောက်မျက်အရောင်းဆိုင် (၈)ဆိုင် ရှိသည်ဟု သိရှိထားပြီး အဆိုပါဆိုင်များအနက် (၂)ဆိုင်မှာ မြန်မာနိုင်ငံသားပိုင်ဖြစ်သော်လည်း ကျန်(၆)ဆိုင်ခန့်မှာ နိုင်ငံသားပိုင်ဟု မှတ်ပုံတင်ထားသော်လည်း နိုင်ငံခြားသားပိုင်သည့် ဆိုင်များဖြစ်နေကြောင်း သတင်းရထားသည်ဟု ၎င်းက ဆိုသည်။ သို့သော် စစ်ဆေးပြီးမှသာ အတိအကျ သိရမည်ဟု ၎င်းက ပြောသည်။
အဆိုပါကျောက်မျက်အရောင်းဆိုင်များသည် Zero Budget Tourism ခေါ် ငွေမသုံးသည့် တရုတ်ခရီးသွားလုပ်ငန်းများနှင့် ချိန်ဆက်ထားပြီး အဆိုပါဆိုင်များမှ တရုတ်ခရီးသွားများထံ ကျောက်မျက်ရတနာများ ရောင်းချရာတွင်လည်း အခွန်ရှောင်မှုများ ရှိနေနိုင်ကြောင်း မန္တလေးဒေသခံ ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ပြီး ကျောက်မျက်ဝယ်ယူသည့် တရုတ်ခရီးသွားများအနေဖြင့်လည်း ပုံစံအမျိုးမျိုးဖြင့် အခွန်ရှောင်မူများ ရှိနေသည်ဟု ပြည်တွင်းခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသူများက ပြောသည်။
သို့သော် တရုတ်ခရီးသွားများက မြန်မာနိုင်ငံအတွင်း ဝယ်ယူသုံးစွဲမူများအတွက် ငွေသားဖြင့် ပေးချေခြင်းမရှိဘဲ WeChat pay စနစ်ဖြင့် ပေးချေလေ့ရှိသော်လည်း ယင်းသုံးစွဲမူများအတွက် အခွန်ဆုံးရှုံးမှုမရှိပဲ ဝင်ငွေခွန်၊ကုန်သွယ်ခွန်များ အတိအကျရရှိသည်ဟု ဦးထွန်းထွန်းအောင်က ပြောသည်။ WeChat Pay ကဲ့သို့ အီလက်ထရောနစ် ငွေပေးချေမူစနစ်များဖြင့် ပေးချေသော်လည်း အဆိုပါငွေပေးချေမူမှာ KBZ Bank သို့ ငွေစာရင်းဝင်ပြီး ထိုမှတစ်ဆင့် ဗဟိုဘဏ်တွင် ငွေစာရင်းအတိအကျ ဝင်သည့်အတွက် အခွန်ရသည်ဟု ဦးထွန်းထွန်းအောင်က ရှင်းပြသည်။
မန္တလေးမြို့တွင်မူ အလုံပိတ်တိုက်အိမ်ကြီးများအတွင်း ကျောက်မျက်အရောင်းဆိုင် ဆိုင်းဘုတ်တင်ကာ တရုတ်ခရီးသွားဧည့်သည်များကိုသာ ခေါ်ယူရောင်းချနေသည့် ကျောက်မျက်ဆိုင်များ တနေ့တခြား ပိုမိုများပြားလာနေကြောင်း မြို့ခံများက ဆိုသည်။
မန္တလေးမြို့ သိပ္ပံလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့် ကျောက်မျက်အရောင်းဆိုင်တစ်ဆိုင်။ ဓါတ်ပုံ – အေမီ။