သူငယ်ချင်းအချင်းချင်း လျှောက်လည်ရန် ခေါ်သွားခဲ့ခြင်းဖြစ်ဟုဆို
အမ်တီ၊ ဇူလိုင်-၈
မန္တလေးမြို့ပေါ်ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော နဝမတန်းကျောင်းသူ (၁)ဦးကို လည်ပတ်ရန်ဟုဆိုကာ ခေါ်ဆောင်ခဲ့သည့် အသက်(၁၆)နှစ်ဝန်းကျင်အရွယ် ဆယ်ကျော်သက် လူငယ်(၄)ဦးကို ကျောင်းသူ၏ မိခင်မှ တရားလိုလုပ်၍ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ (အရွယ်မရောက်သေးသော မိန်းကလေးငယ်အား ခိုးယူမူ)ဖြင့် အမူဖွင့်ထားသည်။
ဇူလိုင်(၅)ရက်က မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော နဝမတန်းကျောင်းသူတစ်ဦးမှာ ကျောင်းဆင်းချိန် မတွေ့ရှိသဖြင့် ကျောင်းလာကြိုသည့် ဦးလေးဖြစ်သူက ရှာဖွေရာ စာသင်ခန်းအတွင်းမှ လွယ်အိတ်နှင့် ထမင်းချိုင့်ကိုသာ တွေ့ရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးမြို့ အမှတ်(၈)ရဲစခန်းတွင် လူပျောက်တိုင်တန်းခဲ့ပြီး ဆက်လက်ရှာဖွေခဲ့ရာ နောက်တနေ့နံနက် ဇူလိုင်(၆)ရက်တွင် ပျောက်ဆုံးနေသည့် နဝမတန်းကျောင်းသူကို စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြိုးကြာဥကျေးရွာရှိ မိဘမေတ္တာထမင်းဆိုင်တွင် တွေ့ရှိသဖြင့် ပုလဲမြို့မရဲစခန်းတွင် ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း မိဘများထံ အကြောင်းကြားလာသဖြင် သွားရောက်ခေါ်ဆောင်ခဲ့သည်။
ထို့နောက် နဝမတန်းကျောင်းသူကို မေးမြန်းရာတွင် သူငယ်ချင်းဖြစ်သူ အသက်(၁၄)နှစ်အရွယ် နဝမတန်းကျောင်းသားတစ်ဦးအပါအဝင် အသက်(၁၆)နှစ်နှင့် (၁၇)နှစ်အရွယ် လူငယ်(၄)ဦးမှ လျှောက်လည်ရအောင်ဟု ဆိုကာ ခေါ်ဆောင်သဖြင့် လိုက်သွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင်(၇)ရက်တွင် ကျောင်းသူ၏ မိခင်မှ မိဘအုပ်ထိန်းမှုအောက်မှ သဘောတူညီချက် မရှိဘဲ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်သွားကြသူများကို အရေးယူပေးရန် မန္တလေးမြို့ အောင်မြေသာစံမြို့နယ် အမှတ်(၈) မြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထို့အတွက် နဝမတန်းကျောင်းသူကို လည်ပတ်ရန်ဟုဆိုကာ ခေါ်ဆောင်သွားခဲ့သည့် အသက်(၁၄)နှစ်အရွယ် နဝမတန်းကျောင်းသားတစ်ဦးအပါအဝင် အသက်(၁၆)နှစ်နှင့် (၁၇)နှစ်အရွယ် ဆယ်ကျော်သက် လူငယ်(၄)ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ (မိဘအုပ်ထိန်းမူအောက်ရှိ အရွယ်မရောက်သေးသူအား ခိုးယူမူ)ဖြင့် အမှတ်(၈)ရဲစခန်းတွင် အမူဖွင့်ထားကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ဥပဒေပုဒ်မသည် အမြင့်ဆုံးထောင်ဒဏ် (၇)နှ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သည်။
အရွယ်မရောက်သေးသည့် မိန်းကလေးငယ်အား ခိုးယူမူဖြင့် အမူဖွင့်ခံရသည့် လူငယ်များ။ ဓါတ်ပုံ – Mandalay Police.