မန္တလေးတွင် ရာသီတုပ်ကွေးရောဂါ (H1N1) ကူးစက်ခံရသူ (၂)ဦးရှိ

မောင်မင်းမော်၊ ဇူလိုင်-၉

မန္တလေးမြို့တွင် ရာသီတုပ်ကွေးရောဂါ (H1N1) သံသယရှိလူနာ (၆)ဦး ရှိခဲ့ပြီး  စစ်ဆေးမူများအရ လူနာ(၂)ဦးတွင် အဆိုပါရောဂါပိုး ကူးစက်ခံနေရသည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က Mandalay In-depth News သို့ ပြောသည်။

အဆိုပါ ရာသီတုပ်ကွေးရောဂါ သံသယရှိ လူနာ(၆)ဦးမှာ ပြီးခဲ့သည့် ဇွန်လမှ လက်ရှိအချိန်အထိ မန္တလေးဆေးရုံကြီးနှင့် မန္တလေး ကုတင်(၅၅၀)ကလေးဆေးရုံသို့ တက်ရောက်ကုသလာခြင်းဖြစ်သည်။ ၎င်း သံသယရှိလူနာများတွင် ကလေးငယ်(၂)ဦး ပါဝင်ပြီး မန္တလေးတိုင်းမှ(၃)ဦး၊ စစ်ကိုင်းတိုင်းမှ(၂)ဦးနှင့် ရန်ကုန်တိုင်းမှ တစ်ဦးဖြစ်သည်ဟု ဆိုသည်။

“ဆေးရုံတက်တဲ့သူတွေက သံသယတွေပါ။ ပိုးတွေ့တာက နှစ်ယောက်ပဲရှိတာ။ ကောင်းလို့ နှစ်ယောက်စလုံး ဆင်းသွားပါပြီ ”ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။

လက်ရှိတွင်မူ ရာသီတုပ်ကွေး(H1N1) ရောဂါပိုးတွေ့ရှိသည့် လူနာ(၂)ဦးနှင့် သံသရှိလူနာ (၁)ဦးတို့မှာ ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှ ဆင်းသွားပြီဖြစ်ပြီး ကျန်ရှိနေသည့် လူနာ(၃)ဦးမှာလည်း အဆိုပါရောဂါပိုး ကူးစက်ခံရခြင်း မရှိသည့်အတွက် စိုးရိမ်စရာမရှိကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်ဆန်းပိုင်းမှ ဇူလိုင်(၄)ရက်အထိ  မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးရောဂါ (H1N1) သံသရှိလူနာ (၄၀၂)ဦးရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ (၁၄၁)ဦးရှိကာ (၂၉)ဦး သေဆုံးခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးမှာ ရာသီတုပ်ကွေးရောဂါ (H1N1)ကြောင့် သေဆုံးသူ အများဆုံးဖြစ်ပြီး စုစုပေါင်း (၂၃)ဦး သေဆုံးခဲ့ဟု  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ရာသီတုပ်ကွေးရောဂါ (H1N1)သည် ကူးစက်တတ်သော ရောဂါဖြစ်သည့်အတွက် လူအများ ဝင်ထွက်သွားလာသည့် လေဆိပ်များတွင် ဆိုက်ရောက်ခရီးသည်များအား Thermo-Scan (အပူချိန်တိုင်းကိရိယာ)ဖြင့် အဖျားရောဂါ ရှိ၊မရှိ စစ်ဆေးပြီး သံသယရှိလူနာ တွေ့ရှိပါက ဗဟိုအဆင့် ဆေးရုံကြီးများနှင့် ချိတ်ဆက်ကာ ကုသမူခံယူစေခြင်းများ ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ပြည့်သူ့ကျန်းမာရေးဦးစီးဌာန (မန္တလေးဌာန) ဒု-တိုင်းဦးစီးမှူး ဒေါက်တာ သင်းသင်းနွယ်က ပြောသည်။

ထို့အပြင် မကြာမီစတင်တော့မည့် တောင်းပြုံးပွဲတော်တွင်လည်း ပွဲတော်ကာလအတွင်း လာရောက်လည်ပတ်သူများကို နှာခေါင်းစည်း (Mask)များ ပေးဝေခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အဖျားရောဂါရှိသူများကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လူမူကူညီရေးအသင်းများအား H1N1 နှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောပွဲတစ်ရပ်ကိုလည်း ဇူလိုင် (၉)ရက်က မန္တလေးမြို့ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း(မန္တလေး)တွင် ကျင်းပခဲ့သည်။

ရာသီတုပ်ကွေးရောဂါ (H1N1) သည် အသက်ကြီးရင့်သူများ၊ ကလေးသူငယ်များ၊ ဆီးချို၊ သွေးတိုး၊ နှလုံး၊ အသက်ရှူလမ်းကြောင်းရောဂါနှင့် နာတာရှည်ရောဂါ အခံရှိသူများတွင် သေဆုံးနိုင်ခြေပိုများကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မန္တလေး ကုတင် (၅၅၀)ဆံ့ ကလေးဆေးရုံ။ ဓါတ်ပုံ – e-mandalay web portal.

Mandalay In-depth News.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်