အမ်တီ၊ ဇူလိုင်-၉
မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် တက်ရောက်ပညာသင်ယူနေသည့် တက္ကသိုလ်ကျောင်းသားအချို့ ဇူလိုင်(၈)ရက် ညနေပိုင်းက ကျောင်းဝင်းအတွင်း အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားခဲ့သည်။
ရတနာပုံတက္ကသိုလ် ဓာတုဗေဒစာ သင်ဆောင် (CR-18C)ရှေ့တွင် တတိယနှစ် ဓာတုဗေဒ ကျောင်းသားများ (၅)ဦးပါအုပ်စုနှင့် (၁၅)ဦးပါ အုပ်စုနှစ်ခုကြား ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တုတ်ဖြင့်အရိုက်ခံရသည့် ကျောင်းသားတစ်ဦး ထိခိုုက်ဒဏ်ရာ ရရှိခဲ့ကြောင်း နယ်မြေခံရဲတပ်ဖွဲ့ တာဝန်ရှိသူများထံမှ သတင်းရရှိသည်။
Photo- EDGE.com.
အဆိုပါ ရန်ပွဲအတွင်း (၁၅)ဦးပါ အုပ်စုက တုတ်ဖြင့် ရိုက်နှက်ခဲ့၍ (၅)ဦးပါ အုပ်စုမှ ကျောင်းသားတစ်ဦး ယာပါးနှင့် ဦးခေါင်းတို့တွင် ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့သည်။ ထိုသို့ ကျောင်းသားများ ခိုက်ရန်ဖြစ်ပွားနေသော သတင်းအရ ရတနာပုံတက္ကသိုလ် ဒု-ပါမောက္ခချုပ် ဆရာမ(၂)ဦးနှင့် မော်ကွန်းထိန်းဆရာ(၂)ဦးတို့ သွားရောက်စစ်ဆေးရာ ရန်ပွဲတွင် ပါဝင်သည့် ကျောင်းသားများမှာ ကျောင်းပြင်သို့ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရန်ပွဲနှင့် ပတ်သက်၍ ရဲစခန်းတွင် အမူဖွင့်ထားခြင်း မရှိသော်လည်း ရန်ပွဲတွင် ပါဝင်ခဲ့သည့် ကျောင်သား(၂)ဖွဲ့လုံးနှင့် အဆိုပါကျောင်းသားများ၏ မိဘများကို ကျောင်းတာဝန်ရှိသူများမှ ယနေ့ခေါ်ယူ တွေ့ဆုံကာ ဆုံးမသြဝါဒပေးရန် ခေါ်ယူထားကြာင်း သတင်းရရှိသည်။
ရတနာပုံတက္ကသိုလ်။ ဓါတ်ပုံ – EDGE.com.