မန္တလေးကျောက်ဝိုင်းတွင် တရုတ်နိုင်ငံသားတစ်ဦးက တရားမဝင် အင်တာနက်ကြိုးများ၊ ဆင့်ပွားစက်များ တပ်ဆင်ကာ လူရာချီထံ လစဉ်ကြေးဖြင့် ဝိုင်ဖိုင်လွှင့်ပေးနေသည်ကို စစ်ဆေးတွေ့ရှိ

တစ်နှစ်ကျော်ကြာမှ သိရှိပြီး စည်ပင်က ကျပ်(၅)သိန်း ဒဏ်ရိုက်ကာ လဝကဥပဒေဖြင့် အရေးယူရန် ဖမ်းဆီးထား

Mandalay In-depth News၊ ဇူလိုင်-၄

မန္တလေးကျောက်ဝိုင်းတွင် တရုတ်နိုင်ငံသားတစ်ဦးက တရားမဝင် ဆက်သွယ်ရေးပစ္စည်းများ၊ အင်တာနက်ကေဘယ်ကြိုးများ တပ်ဆင်ကာ ကျောက်ဝိုင်းသို့ လာရောက်သည့် ရာနှင့်ချီသော ကျောက်မျက်ပွဲစားများထံ လစဉ်ကြေးဖြင့် ဝိုင်ဖိုင်လွှင့်ပေးနေသည်ကို ဇူလိုင်(၁)ရက်တွင် စစ်ဆေးတွေ့ရှိခဲ့သည်။

အသက်(၃၂)နှစ်အရွယ် တရုတ်နိုင်ငံသား Mr. Liu Shang Rong ဆိုသူသည် မန္တလေးကျောက်ဝိုင်းအတွင်း  ဆိုင်ခန်းတစ်ခန်း ငှားရမ်းကာ Mbt ထံမှ လစဉ်ကြေး ဒေါ်လာ(၁၅၀၀)ဖြင့် ၁၀၀Mbps ရယူပြီး ဆက်သွယ်ရေးပစ္စည်းများ၊ ကေဘယ်ကြိုးများ ဆင့်ပွားသွယ်တန်းကာ အခြားသူများထံ လစဉ်ကြေး တစ်လကျပ်(၂)သိန်းခွဲဝန်းကျင်ဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်သည်ဟု စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင်က ပြောသည်။

ထိုသို့ လုပ်ဆောင်နေသည်မှာ အချိန် တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ဇူလိုင်(၁)ရက်တွင် အဆိုပါ တရုတ်နိုင်ငံသားက စက်ပစ္စည်းများ ပြောင်းရွှေ့တပ်ဆင်နေချိန်တွင်မှ စည်ပင်သာယာတာဝန်ရှိသူများက တွေ့ရှိဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

“ကျောက်ဝိုင်းထဲက လွယ်ဂျယ်ဝိုင်းက အဆောင်(၂)၊ အခန်း(၉)မှာ အထိုင်စက်တပ်ဆင်ထားတယ်။ တခြားအခန်းတွေမှာလည်း ထပ်ဆင့်အထိုင်စက်တွေ တပ်ထားတယ်။ သူက အဲဒီအထိုင်စက်တွေကို ပြောင်းဖို့လုပ်နေတဲ့အချိန်မှာ ဖမ်းမိတာ”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။

အဆိုပါတရုတ်နိုင်ငံသားသည် MBTထံမှ လစဉ် 100Mbps လိုင်းကို သွယ်တန်းရယူပြီး ဆင့်ပွားစက် (၂၆)ခု တပ်ဆင်ကာ ကျောက်ဝိုင်းသို့ လာရောက်သည့် တရုတ်နိုင်ငံသားများထံ လစဉ်ကြေးဖြင့် တဆင့်ပြန်လည် ရောင်းချနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ ထို့ပြင် မန္တလေးမြို့ခံ လူငယ်တစ်ဦးကို လစာ တစ်လကျပ်တစ်သိန်းခွဲဖြင့် ဝန်ထမ်းအဖြစ် ခန့်အပ်ထားသည်ကိုလည်း စိစစ်တွေ့ရှိခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့ရဲ့ နည်းပညာအားနည်းချက်ကို အသုံးချသွားတာပေါ့။ ….။ သူက သူလစဉ်ကြေးနဲ့ ဝိုင်ဖိုင်ပေးထားတဲ့သူတွေကို WeChatနဲ့ ဂရုတွေဖွဲ့ပြီး လုပ်နေတာ။ …။ လောလောဆယ်တော့ သူတစ်ယောက်ပဲ ဖမ်းဆီးအရေးယူထားတယ်”ဟု ဦးကျော်ဇော်အောင်က ပြောသည်။

မန္တလေး မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်း (မန္တလေးကျောက်ဝိုင်း)သည် မန္တလေးမြို့တော် စည်ပင်သာယာ၏ စီမံခန့်ခွဲမူအောက်တွင် ရှိပြီး အဆိုပါ တရုတ်နိုင်ငံသားသည် စည်ပင်သာယာ၏ ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေသည့် စည်ပင်ဥပဒေ ပုဒ်မ (၁၁၂)အရ ဒဏ်ငွေကျပ်(၅)သိန်း ချမှတ်အရေးယူခဲ့သလို ဆိုင်ခန်ငှားရမ်းထားသူ နှစ်ဦးကိုလည်း စည်ပင်ဥပဒေအရ ဒဏ်ငွေ ကျပ်(၂)သိန်းစီ ခတပ်ရိုက်အရေးယူထားသည်ဟု စည်ပင်သာယာရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

လက်ရှိတွင် အဆိုပါ တရုတ်နိုင်ငံသားကို မန္တလေးမြို့ အမှတ်(၇)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ဗီဇာစည်းကမ်းချက်များအား ဖောက်ဖျက်ကျုးလွန် နေထိုင်သဖြင့် ၁၉၄၇ခုနှစ်၊မြန်မာနိုင်ငံလူဝင်မှု့ကြီးကြပ်ရေး (လက်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ် ၄(၂)/၁၃(၁) အရ အမှု့ဖွင့်အရေးယူနိုင်ရန် စီစဉ်လျှက်ရှိသည်။

ထို့အပြင် အဆိုပါ တရုတ်နိုင်ငံသားအား ဆက်သွယ်ရေးဥပဒေဖြင့်ပါ ဆက်လက်အရေးယူပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြထားကြောင်း စည်ပင်သာယာတာဝန်ရှိသူများက ပြောသည်။.

ဓါတ်ပုံ – Kyaw Zawe Aung FB.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်