မန္တလေး မဟာအောင်မြေမြို့နယ်ရှိ ယခင်ဆင်ကျုံးနေရာတွင် အဆင့်မြင့်မြို့ပြစီမံကိန်း ဖော်ဆောင်ရန် အဆိုပြုလွှာဖိတ်ခေါ်

ကုမ္မဏီတစ်ခုက အဆိုပြုထားပြီး အခြားပြိုင်သူမရှိလျှင် လက်ရှိအဆိုပြုသည့် ကုမ္မဏီကို လုပ်ကိုင်ခွင့်ပေးမည်

မောင်မင်းမော်၊ ဇူလိုင်-၅

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်ရှိ ယခင်ဆင်ကျုံးနေရာတွင် အဆင့်မြင့် မြို့ပြစီမံကိန်း ဖော်ဆောင်မည်ဖြစ်ပြီး စိတ်ဝင်စားသူများအနေဖြင့် သြဂုတ်(၅)ရက် နောက်ဆုံးထားကာ အဆိုပြုလွှာတင်သွင်းနိုင်ကြောင်း  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သတင်းထုတ်ပြန်သည်။

မဟာမြိုင်(၁)ရပ်ကွက် ၃၆လမ်း၊ ၆၄လမ်းနှင့်၆၇လမ်းကြားရှိ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေဧရိယာ(၂ဒသမ၈)ဧကခန့် အကျယ်ပေါ်တွင် လူနေလုံးချင်းတိုက်များ၊ စားသောက်ဆိုင်များ၊ စူပါမားကက်များနှင့် အပန်ဖြေနေရာများ ပါဝင်သည့် အဆင့်မြင့် မြို့ပြစီမံကိန်း (Towmhouse Project) အကောင်အထည်ဖော်မည်ဖြစ်သည်။

အဆိုပါ မြေနေရာတွင် မြို့ပြစီမံကိန်း အကောင်အထည်ဖော်ရန် အစိုးရမှ ဖိတ်ခေါ်ခြင်းမရှိဘဲ ပုဂ္ဂလိကကုမ္မဏီတစ်ခုမှ စီမံကိန်းအဆိုပြုလွှာ (Unsolicited Proposal) တင်ပြလာမူရှိနေသည့်အတွက် အခြားစိတ်ဝင်စားသူများအနေဖြင့်လည်း ယှဉ်ပြိုင်အဆိုပြုလွှာ “Swiss Challenge” တင်သွင်းနိုင်ရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း စည်ပင်သာယာ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

“အခုတော့ ကုမ္ပဏီတစ်ခုက စီမံကိန်း အဆိုပြုထားတယ်။ အဲ့ဒီမှာ အဆင့်မြင့် လူနေလုံးချင်းတိုက်တွေ၊ တိုက်ခန်းတွေရော၊ စူပါမားကက်ရော၊ အနားယူအပန်းဖြေစရာတွေ၊ စားသောက်ဆိုင်တွေပါတဲ့ အဆင့်မြင့်စီမံကိန်းတခု အဆိုပြုထားတာဖြစ်တယ်။ အဲဒီလို အဆိုပြုထားတဲ့အတွက် ဒီနေရာမှာ စီမံကိန်းတစ်ခု ဖော်ဆောင်ချင်တဲ့သူ ရှိတယ်ဆိုလို့ရှိရင် ”swiss challenge” လို့ခေါ်တဲ့ အပြိုင်ပေါ့။ သူကဖြင့် ဒီလိုလုပ်နိုင်တယ်၊ အစိုးရကို ဘယ်လိုအကျိုးပြုအောင် လုပ်နိုင်တယ်၊ နောက်တစ်ယောက်က သူနဲ့ယှဉ်တဲ့အခါ ပိုပီးကောင်းအောင် ဘယ်လိုလုပ်နိုင်တယ် ဆိုတာမျိုးပေါ။ အဲလို အပြိုင်အဆိုပြုမယ်ဆိုရင် လက်ခံပီးတော့ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ အဲဒီအတွက် ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်”ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်ူမြင့်က ပြောသည်။

အဆိုပါ မြို့ပြစီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်သည့် မြေနေရာသည် မန္တလေးမြို့တည်နန်းတည် မင်းတုန်းမင်း လက်ထက်တွင် ဆင်ကျုံးအဖြစ် အသုံးပြုခဲ့ပြီး လက်ရှိတွင်လည်း ရေဝပ်ဧရိယာဖြစ်သည်ဟု ၎င်းက ဆိုသည်။

သို့သော် နေရာမှာ မန္တလေးမြို့လည်ပိုင်း အချက်အချာကျသည့် နေရာဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ရန် နေရာကောင်းတစ်ဖြစ်သည်ဟု ၎င်းက ပြောသည်။ ယင်းမြေနေရာတွင် ယခင်က ညဈေးတန်း အကောင်အထည်ဖော်ရန် စီစဉ်ခဲ့ဖူးပြီး လက်ရှိအခြေအနေအရ အဆင့်မြင့်မြို့ပြစီမံကိန်းတစ်ခု အကောင်အထည်ဖော်မည်ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

စီမံကိန်း အကောင်အထည်ဖော်ရန် ယှဉ်ပြိုင်အဆိုပြုလာသူများရှိပါက ကော်မတီတစ်ခု ဖွဲ့စည်းကာ စိစစ်ရွေးခြယ်မည်ဖြစ်ပြီး လုပ်ကိုင်ခွင့်ရ ကုမ္မဏီအနေဖြင့် မန္တလေးမြို့တော်စည်ပင်နှင့် အကျိုးတူ ဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။ အခြားယှဉ်ပြိုင်အဆိုပြုသူမရှိလျှင်မူ လက်၇ှိအဆိုပြုလွှာတင်သွင်းထားသည့် ကုမ္မဏီကို လုပ်ပိုင်ခွင့်ပေးမည်ဖြစ်ပြီး ယင်းနေရာတွင် မဖြစ်မနေ စီမံကိန်းအကောင်ထည်ဖော်ရန် စီစဉ်ထားသည်ဟု ဦးကျော်ဆန်းမြင့်က ပြောသည်။

လက်ရှိတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆိုပါ မြေနေရာအနီး လမ်းပိတ်ဖြစ်နေသည့် ၃၅လမ်းနှင့် ၃၇လမ်းအကြား၊ (၆၇)လမ်းကိုလည်း လမ်းသစ်ဖောက်လုပ်ရန် စီစဉ်လျှက်ရှိသည်။

အဆင့်မြင့်မြို့ပြ စီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်နေသည့် နေရာ။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်