လျှို့ဝှက်သောနိုင်ငံတော်နှင့် လုပ်ကြံသတ်ဖြတ်ခြင်းယဉ်ကျေးမှု

By – ရဲမိုး

“ဗိုလ်ချုပ်အောင်ဆန်းကို တကယ်လုပ်ကြံခဲ့တာ ဘယ်သူလဲ”ဆိုသည့်မေးခွန်းတစ်ခုက ဖြေသူမဲ့နေဆဲ။ ခေါင်းဆောင်မှုကို ဆုံးရှုံးလိုက်ရသည့် နိုင်ငံတစ်ခုကတော့ ၆၆ နှစ်ကြာ လမ်းပျောက်လို့ အိမ်ကိုပြန်မရောက်နိုင်ခဲ့တော့ပါ။

နိုင်ငံရေးအရ “လုပ်ကြံသတ်ဖြတ်ခြင်း” သည် လူတစ်ဦးကို သတ်ခြင်းမဟုတ်။ လူ့အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံနှင့် အနာဂတ်တစ်ခုကို သတ်ဖြတ်ချေမှုန်းလိုက်ခြင်းဖြစ်သည်။

ကမ္ဘာကျော် Terminator ရုပ်ရှင်ဇာတ်ကားထဲက လူသားမျိုးနွယ်နှင့် အနာဂတ်စက်ရုပ်များအကြား စစ်ပွဲဇာတ်လမ်းထဲမှာ “လုပ်ကြံသတ် ဖြတ်မှု” ကို အခြေတည်ထားသည်။ သက္ကရာဇ် ၂၀၂၉ ခုနှစ်မှာ လူသားမျိုးဆက်နှင့် စက်ရုပ်တို့၏ နောက်ဆုံးစစ်ပွဲကြီး ဆင်နွှဲကြသည်။ နောက် ဆုံးတိုက်ပွဲမှာ သူတို့ရှုံးနိမ့်မည်ကို စက်ရုပ်တို့ ကြိုသိထားကြသည်။ သူတို့ရှုံးနိမ့်မည့်အကြောင်းရင်းကတော့ လူသားတို့ဘက်က ထက်မြက်ရဲ ရင့်သော “ဂျွန်ကော်နာ” ဆိုသည့် ခေါင်းဆောင်၏ ဦးဆောင်မှုကြောင့်ပါ။ ရည်မှန်းချက်ကြီးသည့် စက်ရုပ်တို့က အာဂစစ်ဆင်ရေးတစ်ခုကို ပြု လုပ်ကြသည်။ သူတို့မဟာဗျူဟာက Kill the Leadership! ဆိုသည့် ခေါင်းဆောင်ကို ချေမှုန်းရေးဖြစ်သည်။ စက်ရုပ်တို့က Terminator ဆိုသည့် စက်ရုပ်လူသတ်သမားတစ်ဦးကို ၁၉၈၄ ခုနှစ်ကို ပြန်သွားခိုင်းပြီး ဂျွန်ကော်နာ၏ မိခင်ဆာရာကွန်နာကို လုပ်ကြံသတ်ဖြတ်ဖို့ စေလွှတ် လိုက်သည်။ ဂျွန်ကော်နာကို မမွေးခင်မှာပင် အပျိုစင်ဆာရာကော်နာကို သတ်ဖြတ်ဖို့ ကြိုးစားခြင်းဖြစ်သည်။ အနာဂတ်လူသားတို့ကလည်း သူတို့ခေါင်းဆောင်ကို ကာကွယ်ဖို့အတွက် “ကိုင်းလ်ရီးစ်” ဆိုသည့် စစ်သည်တစ်ဦးကို လွှတ်ပြီး ဆာရာကော်နာကို ကာကွယ်စေသည်။ Terminator ဇာတ်ကားသည် “ခေါင်းဆောင်မှု” ၏ အရေးပါပုံကို သရုပ်ဖော်ထားသော ဇာတ်ကားဖြစ်သည်။

“လုပ်ကြံသတ်ဖြတ်မှု” Assassination သည် အာဏာလွန်ဆွဲမှုများ၏ ကမ္ဘာ့ရှေးအကျဆုံးဗျူဟာတစ်ခုဖြစ်သည်။ အာရှတိုက်၏ ရှေး အကျဆုံးမှတ်တမ်းများမှာ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃၀၀ ခန့်ကတည်းက “ချာနာယာ” ဆိုသည့် အိန္ဒိယတွေးခေါ်ပညာရှင်က “ Artha- shastra ” ဆိုသည့် နိုင်ငံရေးကျမ်းမှာ “လုပ်ကြံသတ်ဖြတ်မှု” ဗျူဟာကို ရေးသားခဲ့ဖူးသည်။ နောက်ပိုင်းမှာ “ချာနာယာ” ၏ တပည့် ချန္ဒရာဂုပ္ပတား မောရုယက ထိုနည်းလမ်းများကို အသုံးပြုပြီး စစ်ဘုရင် မဟာအလက်ဇန္ဒရား၏ ဗိုလ်ချုပ်နှစ်ဦးဖြစ်သည့် နီကေနာနှင့် ဖိလစ်တို့အပါအဝင် သူ့ရန်သူများကို သုတ်သင်ခဲ့သည်။

“ချာနာယာ” ထက် နှစ် ၂၀၀ လောက်စောပြီး တရုတ်တွေးခေါ် ပညာရှင်ဆွန်ဇူးက “စစ်တိုက်ခိုက် ခြင်းအနုပညာ” The Art of War ဆိုသည့်ကျမ်းမှာ လုပ်ကြံရေးဗျူဟာ ကို ရေးသားခဲ့သည်။ နောင်အခါ “အာဏာရှင်လက်စွဲကျမ်း” ဟု ညွှန်းဆိုကြသည့် The Prince ကျမ်းမှာလည်း လုပ်ကြံရေးကို ဗျူဟာတစ်ခုအဖြစ် အီတလီအတွေးအခေါ်ပညာရှင် မက်ခီဟာဗယ်လီက ၁၅ ရာစုက ရေးသားခဲ့ပြန်သည်။ မည်သည့်အခါမှ မရိုးနိုင်သော အာဏာနိုင်ငံရေး ၏ တိုက်ကွက်တစ်ခု။

၂၀၀၄ စက်တင်ဘာလ ၇ ရက်။ အင်ဒိုနီးရှားအစိုးရပိုင်လေကြောင်းလိုင်းဖြစ်သည့် Garuda လေယာဉ် ကြီးပေါ်မှာ လူ့အခွင့်အရေးသူရဲ ကောင်း “မူနီယာဆဒ်သာလစ်” လိုက်ပါလာခဲ့သည်။ အင်ဒိုနီးရှားပြည်သူများက သူ့ကို “မူနီယာ” ဟု ချစ်စနိုးအဖျားဆွတ်ခေါ်ကြသည်။

မူနီယာက အင်ဒိုနီးရှားစစ်တပ်နှင့် ခရိုနီအဖွဲ့ကြီးများ၏ လူ့အခွင့် အရေးချိုးဖောက်မှုများကို ဖော်ထုတ်တိုက်ပွဲဝင်ခြင်းကြောင့် ထင်ရှား သည့်ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ သူနှင့် သူ့မိသားစုက အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများကို မကြာခဏကြုံတွေ့ကြရသည်။ အိမ် ကိုဗုံးခွဲခံခဲ့ရဖူးသည်။ မူနီယာ့မိဘ အိမ်မှာ စနက်တံဖြုတ်ထားသည့် ဗုံးတစ်လုံးကို လာထားသွားကြသည်။ မူနီယာ့ရုံးကို လူတစ်စုဝင်ရောက် ဖျက်ဆီးခဲ့ကြသည်။ မူနီယာ့ကို သူတို့အသက်ရှင်ခွင့်ပေးမည့်အချိန်သည် မကျန်တော့။ မိတ်ဆွေနှင့် ရဲ ဘော်ရဲဘက်များက မူနီယာ့ကို နိုင်ငံပြင်ပမှာ ခဏရှောင်နေဖို့ ဖျောင်းဖျကြသည်။

နယ်သာလန်နိုင်ငံ Utrecht တက္ကသိုလ်က အသက်ကို ကယ်ဖို့ စကောလားရှစ်ပေးလိုက်သည်။ နယ်သာလန်ကိုသွားဖို့ လေယာဉ်မတက် ခင်မှာ မိတ်ဆွေများက မူနီယာကို တစ်ခုပဲ တွင်တွင်မှာကြသည်။ “နယ် သာလန်နိုင်ငံ အမ်စတာဒမ်မြို့ကို ရောက်သည်အထိ လေယာဉ်ပေါ် မှာ ဘာကိုမှမစားပါနှင့်”။

မူနီယာ Gaurda လေယာဉ်ပေါ်ကကျွေးတာဘာကိုမှမစားခဲ့ပါ။ လေယာဉ်စင်ကာပူခရီးတစ်ထောက်မဆင်းခင်မှာတော့ အထူးတန်း ခရီးသည်တစ်ယောက်က ခုံလဲပြီး အထူးတန်းမှာ လာထိုင်ဖို့သူ့ကိုဖိတ်ခေါ်ခဲ့သည်။ မူနီယာက လက်ခံလိုက်ပြီး အထူးတန်းမှာ အ ချိုရည်တစ်ခွက် သောက်ခဲ့သည်။ မကြာခင်မှာ မူနီယာအော့အန်ပြီး နေမကောင်းဖြစ်လာတော့သည်။ အမ်စတာဒမ်မြို့ကို လေယာဉ်မဆင်း သက်ခင် နှစ်နာရီအလိုမှာတော့ သူသေဆုံးသွားခဲ့သည်။ သူ့အသက်မထွက်ခင် မိနစ်ပိုင်းအလိုမှာ တယ်လီဖုန်းမက်ဆေ့ချ်နှင့် သူ့ဇနီးသည်ကို နှုတ်ဆက်သွားခဲ့သည်။

မူနီယာကွယ်လွန်ပြီး နှစ်ရက်အကြာမှာ သူ့ဇနီးသည် ဆူချီဝတီထံကို အထုပ်တစ်ထုပ်ရောက်လာခဲ့သည်။ အထုပ်ထဲမှာတော့ ကြက် ခေါင်းပြတ်တစ်လုံးနှင့် စာတစ်စောင်။ “မူနီယာသေတဲ့ကိစ္စမှာ စစ်တပ်ကို ဆွဲမထည့်နဲ့”။

“မူနီယာကို ဘယ်သူသတ်သလဲ” ဆိုသည့် မေးခွန်းသည် ယခုထိ ဖြေသူမဲ့နေဆဲ။ ကျွန်တော်တို့နေထိုင်သော အရှေ့တောင်အာရှသည် ဖြေသူမဲ့မေးခွန်းများ၏ တည်နေရာ၊ ကျွန်တော်တို့သမိုင်းသည် ဖြေသူမဲ့ မေးခွန်းများ၏ ရာဇဝင်။

မြန်မာ့လွတ်လပ်ရေးခေါင်း ဆောင်တစ်ဦးဖြစ်သူ အိုင်စီအက်စ် ဦးတင်ထွဋ်၏ ကားထဲကို ဗုံးပစ်ထည့်တာ ဘယ်သူလဲ။

သီပေါစော်ဘွားစပ်ကြာဆိုင်ကို သတ်တာဘယ်သူလဲ။

ကရင်ခေါင်းဆောင် ဖဒိုမန်းရှာလာဖန်းကို လုပ်ကြံတာဘယ်သူလဲ။

ခေါင်းဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းဖြင့် နိုင်ငံရေးဒီရေကို ပြောင်းလဲဖို့ကြိုးစားခြင်းသည် လူ့အဖွဲ့အစည်းနှင့် အနာဂတ်ကို သတ်ဖြတ်ခြင်းဖြစ်ပါသည်။ လူ့အဖွဲ့အစည်းအနေဖြင့် အာဃာတကို ချေဖျက်ပြီး ခွင့်လွှတ်ခြင်းဖြင့် ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်သင့်သည့်တိုင် အမှန်တရားပေါ်ထွက်ရေးကတော့ လုပ်ကိုလုပ်မှဖြစ်မည့် တာဝန်တစ်ခုဖြစ်ပါသည်။

လုပ်ကြံသတ်ဖြတ်မှုများကို ဆိတ်ဆိတ်နေခြင်းသည် အနာဂတ်လုပ်ကြံသတ်ဖြတ်မှုများကို တိတ်ဆိတ်စွာ အားပေးခြင်းဖြစ်ပါသည်။ အာဇာနည်နေ့ကို ကျွန်တော်တို့ နှလုံးသားထဲမှာ မမေ့မလျော့ ထိန်းသိမ်းထားသလို အနာဂတ်အာဇာနည်နေ့တွေ ထပ်မပေါ်ပေါက်အောင် တားဆီးကာကွယ်ကြဖို့ လိုအပ်သည်။

ဒီပဲယင်း၏ လူသတ်တရားခံများကတော့ ကျန်းမာချမ်းသာစွာနှင့် တိုင်းပြည်တာဝန်များကို ဆက်လက်ထမ်းဆောင်နေဆဲပါ။ သတိထား။

တံခါးအပြင်မှာ လူသတ်သမားရှိနေသည်။

Ref: 7day News, Monday, July 15, 2013

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်