ဧရာဝတီမြစ်အတွင်း လင်းပိုင်ရှော့တိုက်ရေယာဉ် ၁၀စီးဖမ်းမိ

မြင့်မြတ်၊ မတ်-၈

မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသော ဧရာ၀တီလင်းပိုင်များအား ဘက်ထရီရှော့တိုက်ဖမ်းဆီးရန်၊ အဆိပ်ချဖမ်းဆီးရန် ကြိုးပမ်းနေသည့် ရေယာဉ်၁၀စီးကို ယခုနှစ် ဇန်နဝါရီနှင့် ဖေဖေါ်ဝါရီ နှစ်လအတွင်း ရေကြောင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ဧရာ၀တီမြစ်အတွင်း စည်းကမ်းမဲ့ရေယာဉ်များအား ကြပ်မတ်ရပ်ရန်နှင့် ခိုးဆိုးလုယက်မူများ မဖြစ်ပေါ်စေရန် ရေကြောင်းရဲတပ်ဖွဲ့ ရေယာဉ်များ ကင်းလှည့်စစ်ဆေးရာမှ ဧရာ၀တီလင်းပိုင်ထိန်းသိမ်းဧရိယာအတွင်း ရှော့တိုက်ရေယာဉ် ၁၀ဆီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ရေကြောင်းရဲတပ်ဖွဲ့ခွဲ (မန္တလေး) ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်ဇော်မြင့်က ပြောသည်။

“ဖမ်းမိတဲ့ ရှော့တိုက်ရေယာဉ်တွေကို ငါးလုပ်ငန်းဥပဒေနဲ့ အရေးယူထားပါတယ်။ ထပ်ပြီးတော့လည်း စစ်ဆေးဖမ်းဆီးတာတွေ ဆက်လုပ်မှာပါ”ဟု ဒုရဲမှူးကြီးအောင်ဇော်မြင့်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ကလည်း ရေကြောင်းရဲတပ်ဖွဲ့အနေဖြင့် ဧရာ၀တီလင်းပိုင် ရှော့တိုက်ဖမ်းဆီးသည့် ရေယာဉ်များအပါအဝင် ဧရာ၀တီမြစ်အတွင်း ရှော့တိုက်ရေယာဉ် ၃၂စီး ဖမ်းဆီးနိုင်ခဲ့သည်ဟု အဆိုပါရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ဖော်ပြထားသည်။

ဧရာ၀တီမြစ်အတွင်း ရှင်သန်ကျက်စားပြီး လူနှင့်ပူးပေါင်း ငါးဖမ်းနိုင်သည့် ဧရာ၀တီလင်းပိုင်များမှာ မျိုးသုဉ်းပျောက်ကွယ်တော့မည့် အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ ပူးပေါင်းကာ ယခုနှစ် ဖေဖေါ်ဝါရီတွင် ကောက်ယူခဲ့သည့် စစ်တမ်းအရ  ဧရာ၀တီမြစ်ကြောင်းတလျှောက် ရှင်သန်းကျက်စားနေသည့် ဧရာ၀တီလင်းပိုင်အရေအတွက်မှာ ၇၂ကောင်သာ ရှိသည်။

ဧရာ၀တီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အခြေအနေမှ ကာကွယ်နိုင်ရေး ဧရာ၀တီမြစ်ကြောင်း မန္တလေးနှင့် ကျောက်မြောင်းကြား၊ မလယ်နှင့် ရွှေကူမြို့အကြား ဧရိယာများကို ဧရာ၀တီလင်းပိုင်ထိန်းသိမ်းရေး ဧရိယာအဖြစ် သတ်မှတ်ပြီး ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)နှင့် ဒေသခံရေလုပ်သားများ ပူးပေါင်းကာ ဧရာ၀တီလင်းပိုင်ထိန်းသိမ်းရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည်။

သို့သော် ဘက်ထရီရှော့တိုက် ငါးဖမ်းခြင်းအပါအဝင် လူတို့၏ ပယောဂကြောင့် ဧရာ၀တီလင်းပိုင်များ နှစ်စဉ်သေဆုံးနေပြီး သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) အဆိုအရ နှစ်စဉ် ဧရာ၀တီလင်းပိုင် ၂ကောင်မှ ၅ကောင်သည် လူတို့၏ ပယောဂကြောင့် သေဆုံးလျှက်ရှိသည်။

ပြီးခဲ့သည့် ၂၀၁၈ကမူ ဘက်ထရီရှော့ခံရခြင်းအပါအဝင် လူတို့၏ ပယောဂကြောင့် ဧရာ၀တီလင်းပိုင် ၆ကောင်သေဆုံးခဲ့ပြီး ယင်းမှာ စံချိန်တင်အရေအတွက် ဖြစ်ခဲ့သည်။

“ရေကြောင်းရဲတပ်ဖွဲ့ကလည်း ဖမ်းတယ်။ ငါးလုပ်ငန်းဦးစီးဌာနကလည်း ဖမ်းတယ်။ ဒါပေမယ့် ဧရာ၀တီလင်းပိုင်တွေကတော့ ငါးဖိုးဖမ်းတဲ့သူတွေ၊ ဘက်ထရီရှော့တိုက်တဲ့သူတွေကြောင့် နှစ်စဉ်နဲ့အမျှ သေဆုံးနေရတယ်။ ငါးခိုးဖမ်းတဲ့သူတွေက လစ်ရင်လစ်သလို ရှော့တိုက်ဖမ်းနေတော့ သက်ဆိုင်ရာက ကြိုတင်သတင်းရပြီး တားဆီးနိုင်ဖို့ လိုပါတယ်”ဟု ဧရာ၀တီလင်းပိုင်များနှင့် ပူးပေါင်းငါးဖမ်းသူ ဒေသခံရေလုပ်သား ဦးမောင်လေးက ပြောသည်။

စစ်တမ်းကောက်ယူမူများအရ ဧရာ၀တီလင်းပိုင်အရေအတွက်မှာ ယခင်နှစ်ထက် ၄ကောင် လျှော့ကျခဲ့ပြီး ၂၀၁၈တွင် ဧရာ၀တီလင်းပိုင် ၇၆ကောင် မှတ်တမ်းတင်နိုင်ခဲ့ရာမှ ယခုနှစ်တွင် ဧရာ၀တီလင်းပိုင် ၇၂ကောင်သာ မှတ်တမ်းတင်နိုင်ခဲ့သည်။ ဓါတ်ပုံ- WCS

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်