Covid-19 လူနာများ တွေ့ရှိလာပါက တိုင်း၊ခရိုင်ခြား ပို့ဆောင်ခွင့် မပြုတော့ဘဲ သက်ဆိုင်ရာ ခရိုင်ဆေးရုံ၌သာ ထားရှိရမည်၊

အခြားဒေသမှ လူနာများ မန္တလေးသို့ ပို့ဆောင်လာခြင်း လက်မခံတော့ဟု ခေတ္တဝန်ကြီးချုပ်ဆို

မောင်မင်းမော်၊ မတ်- ၁၃

COVID-19 ရောဂါ သံသယလူနာများ တွေ့ရှိလာပါက တိုင်း၊ခရိုင်ခြား၍ ပို့ဆောင်ခြင်းများ မပြုလုပ်တော့ဘဲ သက်ဆိုင်ရာ ခရိုင်များရှိ ဆေးရုံများ၌သာ သီးခြားထားရှိ စောင့်ကြည့်ရန် စည်းကမ်းသတ်မှတ်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

COVID-19 သံသယလူနားများ တွေ့ရှိပါက အဆင့်ဆင့် ပို့ဆောင်လျှင် ၎င်းတို့နှင့် အနီးကပ် ထိတွေ့ရသူ များပြားလာနိုင်ပြီး ထိုမှတဆင့် ရောဂါ ကူးစက်ပြန့်ပွားနိုင်သည့်အတွက် လူနာကို သက်ဆိုင်ရာ ခရိုင်များရှိ ဆေးရုံများ၌သာ သီးခြားထားရှိ စောင့်ကြည့်စစ်ဆေးရန်နှင့် တိုင်း၊ခရိုင် နယ်ကျော် တဆင့်သယ်ဆောင်ခြင်းများ မပြုလုပ်ရန် စည်းကမ်းသတ်မှတ်ခြင်းဖြစ်ကြောင်း ဦးဇာနည်အောင်က ရှင်းပြသည်။

ထို့အပြင် မန္တလေးတိုင်းဒေသကြီး ပြင်ပရှိ အခြားတိုင်းဒေသကြီးမှ သံသယလူနာများ မန္တလေးသို့ လာရောက်ပို့ဆောင်ခြင်းများကိုလည်း လက်ခံ‌တော့မည် မဟုတ်ကြောင်း ၎င်းက‌ ‌ပြောသည်။

“ဒီကရှေ့လျှောက် သံသယဖြစ်ဖွယ် လူနာတွေ့ရင် မိမိခရိုင်မှာ မိမိ သူကို့စောင့်ကြည့်ပါ။ ခုနကလို Isolation Ward (သီးသန့်လူနာဆောင်) တွေမှာ ထားပြီး စောင့်ကြည့်ပါ။ ပြီးတော့ စစ်ကိုင်းဘက်က ပို့တဲ့လူနာတွေ ရှိတယ်။ ဒီလို တိုင်းကျော်တာတွေလည်း မလုပ်ကြပါနဲ့တော့ ဆိုပြီး ဒီစည်းကမ်းကို လုပ်လိုက်တာ” ဟု ဦးဇာနည်အောင်က ပြောသည်။

မတ်လ(၁၂)ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးတွင် ကျင်းပခဲ့သည့် COVID-19 ရောဂါ စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှု ကော်မတီ၏ အစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မန္တလေးတိုင်း‌ ခရိုင်အသီးသီးရှီ ဆေးရုံများတွင်လည်း COVID-19 သံသယလူနာများ သီးသန့်ခွဲထားရန် လူနာဆောင်များ (Isolation Ward) ပြုလုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့်လပိုင်းက မိတ္ထီလာခရိုင်မှ သံသယလူနာတစ်ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ရန် စီစဉ်ခဲ့ဖူးပြီး စစ်ကိုင်းမြို့မှ သံသယလူနာတစ်ဦးကိုလည်း မန္တလေး ကန်တော်နဒီဆေးရုံသို့ ပို့ဆောင်ခဲ့ဖူးသည်။

မန္တလေးမြို့တွင် COVID-19 သံသယလူနာများ တွေ့ရှိပါက အထွေထွေဆေးရုံများတွင် ထားရှိခြင်း မပြုဘဲ ကန်တော်နဒီ ကူးစက်ရောဂါကု ဆေးရုံ၌ သီးခြားထားရှိသည်။ ထို့အပြင် Covid-19 ရောဂါ သံသယလူနာများ ထပ်မံတွေ့ရှိလာပါက သီးခြားထားရှိနိုင်မည့် ဆေးရုံများ လိုအပ်လာနိုင်၍ ဟိုတယ်လုပ်ငန်း လုပ်ကိုင်ခြင်း မရှိသည့် မန္တလေးမြို့ ၆၂လမ်းရှိ နဒီမြန်မာဟိုတယ်ကိုလည်း သံသယလူနာများ သီးခြားထားရှိနိုင်ရန် ပြင်ဆင်ထား‌သည်ဟု ဦးဇာနည်အောင်ကပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ဇန်နဝါရီမှ မတ်လ(၁၂)ရက်အထိ COVID-19 စောင့်ကြည့်လူနာ (၂၂)ဦး ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးချက် အဖြေအရ လူနာ(၁၈)ဦးတွင် ရောဂါ မတွေ့ရှိဘဲ ကျန်လူနာများမှာ စစ်ဆေးဆဲဖြစ်ကြောင်း ဦးဇာနည်အောင်က ပြောသည်။

မန္တလေးတိုင်း အပါအဝင် မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ်အသီးသီးတွင် Covid-19 ရောဂါ သံသယလူနာနှင့် စောင့်ကြည့်လူနာ (၁၀၀)ကျော် ရှိခဲ့သော်လည်း မတ်လ(၁၂)ရက် ညပိုင်းအထိ ရောဂါကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိသူ တစ်ဦးမျှ မရှိသေးဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

Covid-19 ရောဂါ စောင့်ကြည့်လူနာများကို သီးခြားထားရှိကာ စောင့်ကြည့်စစ်ဆေး ကုသပေးလျှက်ရှိသည် မန္တလေးမြို့ ၆၂လမ်းပေါ်ရှိ ကန်တော်နဒီ ဆေးရုံ/ Photo – Mandalay In-depth news.

#Mandalay_Indepth_News

.

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်